“ ဆရာဝန် မဟုတ်သော အပ်ပုန်းများ”

~~~~~~~~~~~~~~~~~~~~~~

ကျွန်မ တယ်လီကျန်းမာမှာ လူနာကြည့်ရင်း အခုတလော အတွေ့များလာတာက…

” ဆရာမရေ ကျွန်မ နှာခေါင်းပြင်လိုက်တာ … အခုထိ ပြည်ထွက်နေလို့”

“ ကျွန်မ အဆီစုပ်လုပ်တာ … ဗိုက်တစ်ပြင်မာခဲပြီး ဖျားလာလို့”

“ ကျွန်တော် အကြောဆေးသွင်းလိုက်တာ… သွင်းတဲ့နေရာက အင်ပျဥ်ထွက်လာပြီး မာမာအခဲကြီးဖြစ်လာလို့” စသည်ဖြင့် လာပြရင်….

ရောဂါရာဇဝင် သေချာမေးလိုက်တဲ့အခါ (ဆရာဝန်မဟုတ်ဘဲ) ဘယ်ကမသိ Diploma စာရွက်လေးနဲ့ လုပ်စားနေတဲ့ အပ်ပုန်းတွေ…. တချို့ဆို (၃) လ သင်တန်းတက်၊ ဆေးခန်းအကူ (၂) ပတ်လုပ်ပြီး အကြောဆေး/အသားဆေး လိုက်ထိုးနေတာတောင် တွေ့ဖူးပါတယ်။

ဒါမျိုးတွေ တွေ့တော့… ကျွန်မတို့ မြန်မာပြည်မှာသာ ဖြစ်ချင်တိုင်းဖြစ်နေတာ…

နိုင်ငံကြီးတွေမှာဆို Over the counter (OTC) ဆေးဆိုတာ ရိုးရိုးအားဆေး (Supplement) နဲ့ အဖျားကျဆေးကတော့… သူ့အညွှန်းပါတိုင်း စိတ်ကြိုက်ဝယ်သောက်လို့ရပေမယ့်…

ပိုးသတ်ဆေးလိုမျိုး ရောဂါကုသရမယ့် အန္တရာယ်ရှိနိုင်တဲ့ဆေးဆို ဆရာဝန်လက်မှတ်ပါမှသာ ဝယ်ယူ ရောင်းချခွင့်ရှိတာပါ။

ထိုးဆေးဆို ဝေးသာဝေးပါနော်…

..

..

အလှပရေးရာ ကုသမှုမျိုး၊ အကြောဆေး အသားဆေးထိုးတယ်ဆိုတာက မြင်ပါများ ကူတာများရင် လုပ်တတ်တာပါပဲ။

ဆရာဝန်တွေက… မကျွမ်းကျင်တဲ့သူ၊ ဆရာဝန်မဟုတ်တဲ့သူနဲ့ဆို… အတင်း မလုပ်ပါနဲ့ တားနေတယ်ဆိုတာ အလကား မဟုတ်ပါဘူး။ လူနာတွေ ကြုံတွေ့ရနိုင်တဲ့ “ နောက်ဆက်တွဲ ဆိုးကျိုးတွေ” ကြောင့်ပါ။

ကျွန်မသည် ယခုချိန်ထိ အိမ်ကလူတွေကို ထိုးနေကျ ထိုးဆေး ထိုးပေးရမယ်ဆိုတာတောင် ထိုးဆေးကြောင့်ဖြစ်လာမယ့် ဆေးမတည့်မှုကို ဖြေမယ့်ဆေး အမြဲ အဆင့်သင့်ဆောင်မှ ထိုးရဲပါတယ်။

ဆေးခန်းမှာဆိုလည်း… ခေါင်းကွဲ၊ လက်ရှလူနာလာရင် လူနာ ဘယ်လောက်ထိ ထိသွားတာလဲ… ဆေးခန်းမှာတင် ချုပ်ပေးလို့ရ ချုပ်ပေး…တချို့ Tendon (အရွတ်) ကြွက်သား (muscle ) ထိပါ ထိတယ်ဆို သေချာလေး သွေးမထွက်အောင်လုပ်ပြီး ဆေးရုံအမြန်လွှဲ…

..

..

ပြောချင်တာက ပြဲနေတဲ့ အသားကို ချုပ်ပေးရတာ ဘယ်မှာ ခက်မှာလဲ… ဆေးအကူတချို့တောင် ချုပ်ပေးလို့ရနေတာပဲ။ ဒါပေမယ့် စောနပြောသလို ဆရာဝန်ဆိုတာကက ဒဏ်ရာအတိမ်အနက် အန္တရာယ်ကြည့်ပြီး… ကုသပေးရတာပါ…ပြီးပြီးရော မလုပ်ပါဘူး

ထပ်နားလည်အောင်ပြောရရင်… ခါးနာတယ် အဆစ်ကိုက်တယ်ပြောရင်… အကိိုက်ခဲပျောက်ဆေး ထိုးပေးတာ သောက်ခိုင်းတာ လူတိုင်းပေးတတ် သောက်တတ်ကြပါတယ်…

ဆရာဝန်တိုင်ပင်မှသာလျှင်… ဒါဟာ ရိုးရိုးနာတာလား … ရောဂါကြောင့်လား… ရိုးရိုးနာတယ်ဆို အနာသက်သာတာနဲ့ လေ့ကျင့်ခန်းလိုလား စသည်ဖြင့်…

ရောဂါကုတယ်ဆိုတာ လက္ခဏာကို သက်သာအောင်လုပ်ပေးထားရတဲ့အပြင် … ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းကို အဓိက ကုသရတာပါ။

ကုသပြီဆိုလည်း လူသားကစက်ရုပ်ံမဟုတ်လို့ … တစ်ယောက်နဲ့တစ်ယောက် နောက်ဆက်တွဲ ဆိုးကျိုးမတူနိုင်ကြပါဘူး…

အလှအပရေးရာ ခွဲစိတ်ပြုပြင်တယ်ဆိုလည်း… ၁၀၀% အောင်မြင်နိုင်တာ၊ အဆင်ပြေနိုင်တာမဟုတ်လို့ မခွဲခင်ထဲက အန္တရာယ်ရှင်းပြရပါတယ်…

ဒါပေမဲ့ နားလည်တတ်ကျွမ်းဆရာဝန်ဆို… Side effect ပေါ်တာနဲ့ သူဘာဆက်လုပ်ပေးရမလဲ … ဘယ်လို ပြန်လုပ်မလဲ…. လူနာရဲ့ အလှအပရေးရာ ပြသာနာဖြစ်စေ၊ အသက်အန္တရာယ်ဖြစ်စေ အကောင်းဆုံးဖြစ်အောင် ဆရာဝန်က ကြိုးစားပေးနိုင်ပါတယ်။

အခုဆို Social Media ပေါ်မှာ အပ်ပုန်းတွေက … မျက်နှာခွဲစိတ်ပြုပြင်တာ … မိန်းမကိုယ်ပြုပြင်ပေးတာတွေကို … ပေါ်ပေါ်တင်တင် Before & After ကြော်ငြာ လာကြပါတယ်။

ကျွန်မ တစ်ခုပဲ တအားအံ့ဩတာ ဆရာဝန် မဟုတ်တာလည်းသိသိရက်နဲ့ ကိုယ့်အသားပေါ် … ခွဲစိတ်ဓား တင်ခံရဲတာ … ဆေးထိုးခံရဲတာ … ဘယ်လိုတွေမှ သတ္တိကောင်းကြတာလည်း လူနာတို့ရယ်ပဲ သက်ပြင်းချ မေးလိုက်ချင်ပါတော့တယ် …။ ။

Dr Cool

တယ်လီကျန်းမာ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here