ဒီနေ့အတွက် လူနာရှင်းနေသဖြင့် ဆရာမယိမ်းင်တစ်ယောက် Zoom lecture များ ပြန်ကြည့်ရင်း ပေါ့ပေါ့ပါးပါးဖြင့် သီချင်းနားထောင်နေစဥ် ဆေးခန်းဝသို့ အဘွားအိုတစ်ဦး တောင်ဝှေးတစ်ချောင်း ထောက်လျက် ရောက်ရှိလာပါတော့သည်။

ဒါနဲ့ပဲ အဘွားကို နှုတ်ဆက်စကားဖြင့် ခရီးဦးကြိုပြုရင်း လူနာမှတ်တမ်းတွင်ဖြည့်လိုက်ပြီး လူနာကုတင်သို့ ကူတွဲတက်စေကာ….

“ ကဲ ပြောပါဦး အဘွား ဘယ်လိုနေသေးလဲ” လို့ ပြုံးရင်း မေးလိုက်၏။

အဘွားဟာ ပြီးခဲ့သော နှစ်ရက်ခန့်က ခေါင်းမထူနိုင်အောင် ဇက်တွေထိုးနေလို့ဆိုတဲ့ အကြောင်းပြချက်ဖြင့် ဆေးခန်းသို့လာပြဖူးပြီး ဖြစ်သည်။

ထိုစဥ်က မေးမြန်းစမ်းသပ်ကြည့်ခဲ့ရာတွင် သွေးပေါင်ချိန် 180/110 mmHg ဖြစ်နေသဖြင့် ဆီးချိုပါ တစ်လက်စတည်း စစ်ကြည့်ပေးခဲ့ပြီး သွေးကျဆေးနှစ်ရက်စာ ပေးထားပြီး ပြန်ချိန်းထားသော လူနာပင်။

“ ဘယ်လိုမှတော့ မနေပါဘူး။ ခေါင်းတော့ တစ်ချက်တစ်ချက် ရိပ်တိပ်တိပ်ဖြစ်တယ်။ ဆရာမက ဆေးကုန်ရင် ပြန်လာပြဦးဆိုလို့ လာခဲ့တာ”

ပြန်ဖြေလိုက်သော အဘွားစကားကို အသိအမှတ်ပြုသည့်သဘောဖြင့် ပြုံးပြလိုက်ရင်း အဘွားကို ခဏနားခိုင်းပြီး သွေးပေါင်တိုင်းကြည့်လိုက်တော့ သွေးပေါင်ချိန်က ယခင်ကထက်ပင် ပိုတက်နေသဖြင့် စိတ်ထဲ ဒွိဟဖြစ်စွာ …

“ အဘွား ဆရာမပေးတဲ့ သွေးကျဆေးတွေ စားရဲ့လား”

“ စားပါတယ် ဆရာမရဲ့ စားလို့ပဲ ခုကုန်လို့ ပြန်လာပြတာလေ”

“ ဒါဆို ဆရာမပြောတဲ့ အငန်တွေရော လျှော့စားရဲ့လား။ အဘွားလျက်တဲ့ လျက်ဆားကလည်း ဆားတွေပါလို့ အငန်ဓာတ်တွေပါတယ်၊ သွေးတိုးတတ်တယ်လို့ ပြောထားတယ်နော်”

“ လျက်ဆားလည်း မလျက်တော့ပါဘူး။ အငန်လည်း မစားဘူးဆရာမ ဝက်သားတောင် မစားဘူး”

“ ဟုတ်ပါပြီ။ အဲဒါဆို အခုမနက် ဘာစားခဲ့လဲ။ ထမင်းစားလာလား ဘာဟင်းနဲ့စားခဲ့လဲ အဘွား”

” မနေ့က အိမ်မှာ ခရမ်းချဥ်သီး ငပိချက်တာလေ။ ရှိတာကလည်း အိမ်သားက နှစ်ယောက်ထဲဆိုတော့ သူတစ်ယောက်ထဲစားရင် နှစ်ရက် သုံးရက်လောက်စားရမှာ….ဆရာမက အငန်ချက်တွေ မစားရဘူးလို့မှာထားလို့ အငန်ပေါ့အောင် ကျုပ် ရေနွေးနည်းနည်း ထပ်ရောပြီး စားတာရယ်…ငါးခြောက်လည်း ရေဆေးပြီး ဆားမထည့်ဘဲ ဒီတိုင်းကြော်ခိုင်းတာ။ အဲဒါပဲ ဒီမနက် စားလာတယ်”

အဘွားကား လူလည်ကျကျ သွေးတိုးကို စျေးဆစ်နေပေပြီ။ သြချရပါ့…..

ခက်တာက သူ့သွေးတိုးက စျေးလျှော့မပေးဘဲ ထပ်တိုးချလိုက်တာ…အပေါ်သွေး 190 mmHg နဲ့ အောက်သွေး 110 mmHg ဖြစ်နေလို့ ဆရာမပါ ခေါင်းကိုက်သွားရပါရော့လား။

ဒါနဲ့ပဲ ကိုယ့်မှာ အဘွား သေချာနားလည်အောင် ထပ်ပြောပြရပြန်တာပေါ့။

“ အဘွားရေ ငပိချက်ရေနွေးရောစားလည်း အငန် ဓာတ်က သိသိသာသာ ကျမသွားဘူးရယ်။ ငါးခြောက်ဆိုတာကလည်းလေ တာရှည်ခံအောင် မပုတ်အောင်လို့ ဆားတွေနဲ့သိပ်ပြီး အခြောက်လှမ်းထားတဲ့ဟာမို့ တော်ရုံရေဆေးလည်း အငန်ဓာတ်က မပြယ်ဘူး။ ဆားမထည့်ဘဲ ကြော်လည်း သိပ်ထူးသွားမှာ မဟုတ်ဘူးနော်။

လတ်တလောတော့ ငပိ၊ ငါးခြောက်၊ ငံပြာရည်ပါတာတွေ မစားပါနဲ့ဦး။ ဝက်သားက စားချင်ရင် အသားလောက်ပဲ သင့်တင့်ရုံစားနော် အဆီတွေမစားနဲ့ ဆားလျော့ချက်။

ရေလည်း များများသောက်။ အသီးအရွက်တို့၊ ပဲတို့၊ ကြက်သား၊ အမဲသား စားလို့ရတယ်။ ငါးစားချင်ရင် ငါးအစိုလေးတွေ တစ်ခါတလေ စျေးသည်ဆီမှာ ပါတတ်တယ်‌လေ။ ငါးအစိုချက် ချက်စားပေါ့။ ပေးထားတဲ့ဆေးလည်း သေချာသောက်နော်။ ကဲလာ….သေချာအောင် သွေးပေါင်လေး ပြန်တိုင်းကြည့်ရအောင်” ..

ထပ်တိုင်းကြည့်တော့ 170/100 mmHg … လတ်တလော မူးဝေနေတာ၊ အန်နေတာ၊ မောနေတာတွေလည်း မရှိသည်မို့ သွေးကျဆေးနဲ့ အားဆေးလေးပဲ ဆယ်ရက်စာ ထပ်ပေးရင်း…

“ အဘွား အငန်မလျှော့ရင် သွေးတိုးကျမှာ မဟုတ်ဘူး သတိထားနော်… နောက်တစ်ပတ်နေရင် လမ်းလျှောက်ရင်း ဆေးခန်းဘက် လှည့်လာခဲ့ဦးနော့”

ရှိတာပဲ စားနေရသည့် ဘဝတွေမို့ လိုအပ်တာတွေ လုပ်ပေးရင်း အဘွားကို ချော့ချော့မော့မော့ ပြောရသည်။

အဘွားကတော့ သိပ်ကြောက်ပုံမရ … စိုးရိမ်ပုံလည်း မရ … ဘယ်ချိန်ထဲက ဒီသွေးတိုးနှင့် အသားကျနေသည်မသိ။

“ ဟုတ်ကဲ့။ ပြန်လိုက်ဦးမယ် ဆရာမရေ” လို့ ပြုံးပြုံးရွှင်ရွှင်ပဲ နှုတ်ဆက်ထွက်ခွာသွားတဲ့ အဘွားကိုကြည့်ရင်း…သွေးတိုးရောဂါလည်းရှိ နှလုံးသွေးကြောလည်း ကျဥ်းနေတဲ့အပြင် ခေါင်းမာတတ်တဲ့ အမေ့ကို သတိရသွားမိသည်။

အမေ ကျန်းကျန်းမာမာ အဆင်ပြေပြေမှ ရှိပါရဲ့လား…?

“ အမေ့ရဲ့သမီးဟာ… ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီ၊ ဆရာဝန်လည်းမရှိတဲ့ ဒီဒေသမှာ တတ်နိုင်သမျှ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာမို့…… ဒီကုသိုလ်တွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီတဲ့ အဝေးအရပ်က ကျွန်မအမေလည်း ကျန်းကျန်းမာမာ ရှိနေမှာပါလေ” … လို့ တွေးရင်း ကျလာတဲ့ မျက်ရည်ကို မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း ပြန်သိမ်းလိုက်မိပါတော့တယ်…..။

.

ယိမ်းင်

(မြေပြင်တစ်‌‌နေရာမှ CDMသူနာပြု/ သားဖွားဆရာမတစ်ဦး)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here