စိန်ရတုမွေးနေ့ကလေးကို ကျော်လာရင် စီနီယာ စီတီဇင်ဆိုပြီး လူတန်းစားတစ်ရပ်ထဲ စာရင်းဝင်သွားကြပါတယ်။ နိုင်ငံတကာမှာတော့ စီနီယာ စီတီဇင်ဆိုရင် ကားခ၊ ရထားခ၊ ဝင်ကြေး စတာတွေကို လျှော့ပေး၊ နေရာအတော်များများမှာ ဦးစားပေးတာကို ခံရပါတယ်။ 

ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်ကတော့ ဘာတစ်ခုမျှ မျက်နှာသာ မပေးပါ။ ပျက်စီးယိုယွင်းမှုတွေသာ တစ်ခုပြီးတစ်ခု တိုးလာပါတယ်။ 

အဲဒီလို ပျက်စီးယိုယွင်းမှုတွေထဲမှာ လူအများ အလေးမထားမိတာ တစ်ခုကတော့ ကြွက်သားတွေ ကြုံလှီလာပြီး အားလျော့လာတာပါ။ Sarcopenia လို့ခေါ်ပါတယ်။ 

အဒီလို ကြွက်သားတွေ ကြုံလှီအားပျော့လာတာက အသက်ကြီးရင့်လာခြင်း ဇရာကြောင့်ဖြစ်ရတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပြီး လူတိုင်းကြုံရတာဖြစ်ပေမယ့် ဘယ်လောက်ထိ ကြုံလှီအားပျော့သွားတယ်၊ နိစ္စဓူဝလုပ်ငန်းတွေကို ဘယ်လောက်ထိခိုက်တယ် ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါ။ အသက် ၆၀ ကျော် စီနီယာတွေရဲ့ ၅% ကနေ ၁၃% လောက်အထိမှာ သိသာတဲ့ ကြွက်သားတွေ ကြုံလှီ အားပျော့လာတာကို ခံစားကြရပြီး အသက် ၈၀ ကျော်သူတွေမှာတော့ ၅၀ ရာနှုန်းလောက်အထိ ရှိပါတယ်။ 
.

◾️ဘာကြောင့် ဖြစ်လာတာလဲ 

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်တည်ဆောက်ရေး ဟော်မုန်းတွေလျော့နည်းလာတော့ ကြွက်သားမျှင်တွေ အရွယ်ကြုံလှီလာပြီး အရေအတွက်လည်း ကျလာပါတယ်။ 

တကယ်တော့ ဒီလိုပြောင်းလဲမှုတွေက အသက် ၃၀ ကျော် ၄၀ လောက်ကတည်းက စလာတာဖြစ်ပေမယ့် သိပ်မသိသာသေးဘဲ ၆၀ ကျော်လောက်မှာ စပြီးသိသာလာတာပါ။
.

◾️ဘယ်လို လက္ခဏာတွေခံစားရနိုင်သလဲ

  • သက်လုံလျော့ကျလာခြင်း
  • နိစ္စဓူဝ အလုပ်တွေကို လုပ်ရတာ ခက်ခဲလာခြင်း
  • လမ်းလျှောက်လျှင် နှေးလာခြင်း
  • ဟန်ချက်ထိန်းရခက်လာပြီး အလွယ်တကူလဲကျခြင်း
  • ကြွက်သားတွေ အရွယ်သေးကာ ကြုံလှီလာခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
    .

◾️ဘယ်လိုသူတွေမှာ ပိုအဖြစ်များလဲ

  • ကိုယ်လက်လှုပ်ရှားမှုနည်းသူ
  • အဝလွန်သူ
  • အသက်ရှူလမ်းကြောင်း လေပြွန်များရောင်ရမ်းပျက်စီးနေသူ (ဆေးလိပ် တာရှည်သောက်သူများ)
  • ရူမတွိုက် ခေါ် အဆစ်မြစ်ရောင်ရောဂါရှိသူ
  • အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှုနည်းသူ (အဝလွန်သူ ဆီးချိုရောဂါသည်တွေမှာတွေ့ရ)
  • ပရိုတိန်းအသားဓာတ် အစားနည်းသူ၊ အာဟာရချို့တဲ့သူ
  • ခန္ဓာထဲပရိုတိန်းကို စွမ်းအင်အဖြစ် ပြောင်းသုံးနိုင်စွမ်း ကျနေသူ
  • ကိုလ်လက်လှုပ်ရှားလုပ်ဖို့ ဦးနှောက်ကို လှုံ့ဆော်သော အာရုံကြောများနည်းပါးသူ စတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။
    .

◾️ကုထုံး 

ဇရာကြောင့်ဖြစ်လာတဲ့ အပြောင်းအလဲဖြစ်တာကြောင့် အရှင်းပျောက်အောင် ကုလို့မရပါ။ 

ဒါပေမယ့် နိစ္စဓူဝလုပ်ငန်းတွေကို မထိခိုက်အောင် ကြွက်သားကြုံလှီအားလျော့မှုနှုန်း နှေးကွေးအောင်တော့ လုပ်လို့ရပါတယ်။

(၁) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း

(၂) ကျန်းမာရေးနဲ့ညီသော အစားအစာများကို မျှတအောင်စားသုံးခြင်း၊ အထူးသဖြင့် ပရိုတိန်းဓာတ်ကိုလုံလောက်အောင်စားသုံးခြင်း
.

◾️ကာကွယ်ခြင်း 

အသက်ကြီးလို့ ကြွက်သားတွေ ကြုံလှီလာတယ် ဆိုပေမယ့် “ ဆင်ပိန် ကျွဲလောက်ရှိ” ဆိုသလို မူလက ကြွက်သားများကြီးထွားအောင် လေ့ကျင့်ထားသူတွေမှာတော့ မူလကထက် ကြုံလှီသွားပေမယ့် နိစ္စဓူဝအလုပ်တွေကို ထိခိုက်သည်အထိဖြစ်ဖို့ အချိန်ပိုကြာမှာဖြစ်ပါတယ်။ 

(၁) ကျန်းမာရေးနဲ့ညီသော အစားအစာများကို မျှတအောင်စားသုံးခြင်း၊ အနပ်တိုင်းတွင် အနည်းဆုံး အသားဓာတ် တစ်ကျပ်ခွဲသားမှ နှစ်ကျပ်သားပါအောင် စားသုံးခြင်း

(၂) ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း၊ အားတစ်ခုခုကို ဆန့်ကျင်ကျော်လွန်အောင်လုပ်သော လေကျင့်ခန်းမျိုး ဥပမာ လှေကားတက်ခြင်း၊ ထိုင်ထလုပ်ခြင်းဖြင့် ကြွက်သားများကို သန်မာကြီးထွားစေခြင်း

(၃) ဆေးလိပ်၊ အရက် စသည်တို့ကို ရှောင်ကြဥ်ခြင်း၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း၊ စသည်တို့ မဖြစ်အောင် ငယ်စဉ်ကတည်းက အစားအသောက် အနေထိုင်ကို ကျန်းမာရေးနဲ့ညီအောင် သတိထားနေထိုင် လှုပ်ရှား စားသောက်ခြင်း စတာတွေနဲ့ ကာကွယ်လို့ရပါတယ်။

အချုပ်အားဖြင့်ဆိုရရင် အသက်ကြီးလို့ ပျက်စီးလာတာဆိုပေမယ့်လည်း အပျက်စီးနည်းစေချင်ရင် ငယ်စဉ်ကတည်းက ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ကြိုတင် ပြင်ဆင်တည်ဆောက်ထားလို့ ရပါတယ်….။ 

ကိုးကား (Reference)
https:// my. clevelandclinic. org / health/diseases/23167-sarcopenia

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here