မီနူး

Home Health Education Mental Health စိတ်ဝင်တစား နားထောင်ပေးခြင်းသည် ကုသမှုတစ်ခုဖြစ်ကြောင်း

စိတ်ဝင်တစား နားထောင်ပေးခြင်းသည် ကုသမှုတစ်ခုဖြစ်ကြောင်း

0
စိတ်ဝင်တစား နားထောင်ပေးခြင်းသည် ကုသမှုတစ်ခုဖြစ်ကြောင်း

“ စိတ်ဝင်တစား နားထောင်ပေးခြင်းဟာလည်း ကုသမှု မည်ပါတယ် “

ကျွန်မတို့ဟာ တစ်စုံတစ်ယောက်ရဲ့ ရင်ဖွင့်ပြောဆိုခြင်းတွေကို စိတ်ဝင်တစား အလေးအနက်ထားပြီး နားထောင်ပေးဖူးပါသလား။

ရင်ဖွင့်သူအပေါ် အကဲဖြတ်ခြင်းတွေ၊ အလျင်စလိုကောက်ချက်ချခြင်းတွေ၊ ဝေဖန်အကြံပြုခြင်းတွေမပါဘဲ အရှိအတိုင်းလက်ခံပြီး နားထောင်ပေးဖူးပါသလား။ တစ်ဖက်သား ရင်ဖွင့်ပြောဆိုတဲ့ အကြောင်းအရာကို မိမိအနေဖြင့် သဘောမတူသည့်တိုင် ကိုယ်ချင်းစာစိတ်ဖြင့် စိတ်ရှည်စွာ နားထောင်ပေးဖူးပါသလား။

တကယ်တော့ အခြားသူတစ်ယောက်ကို ကိုယ့်ရဲ့အတွင်းရေး၊ စိတ်ခံစားချက်၊ အဖြစ်အပျက်၊ လျို့ဝှက်ချက်တွေကို ယုံယုံကြည်ကြည့်နဲ့ ဖွင့်ဟပြောဆိုဖို့ဆိုတာ အင်မတန်မှခက်ခဲတဲ့ ကိစ္စတစ်ခုပါ။
မွန်းကျပ်မှုတွေ များလာတဲ့အခါ၊ အဖြေကို ရှာမတွေ့နိုင်တော့ဘူးလို့ ထပ်ခါထပ်ခါစဉ်းစားမိတဲ့အခါ၊ အကူအညီတစ်ခုကို လိုအပ်လာပြီလို့ ယူဆတဲ့အခါမျိုးမှာ ရင်ဖွင့်ဖို့သူဆိုတာ လိုအပ်လာပါတယ်။

တချို့ကလည်း ရင်ဖွင့်တဲ့အဆင့်ကို မရောက်ဘဲ တစ်သက်လုံး တစ်ယောက်တည်း မျိုသိပ်ရင်း ထမ်းပိုးသွားတဲ့သူတွေလည်း ရှိကြတာပေါ့။ ဒီလိုနဲ့ ပြင်းထန်လာတဲ့အခါ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဆိုတာကို နောက်ဆုံးလွတ်မြောက်ရာ ထွက်ပေါက်တစ်ခုအနေနဲ့ အသုံးပြုဖို့ ကြိုးစားမိတတ်ကြပါတယ်။ ဒါတွေကို ကျွန်မတို့အနေနဲ့ လိုအပ်တဲ့အကူအညီပေးပြီး တားဆီးလို့ရနိုင်ပါတယ်။

ဒါကြောင့် တစ်စုံတစ်ယောက်က ကိုယ့်ကိုယုံကြည်လို့ ရင်ဖွင့်လာပြီဆိုရင် ကျွန်မတို့အနေနဲ့ အပေါ်က ပြောခဲ့သလို အလေးအနက်ထားပြီး ဂရုတစိုက်နားထောင်ပေးဖို့ လိုပါတယ်။ အဲဒီလို အပြုသ‌ဘောဆောင်တဲ့ နားထောင်ပေးခြင်းဟာ တစ်ဖက်သားရဲ့ ကြုံ‌တွေ့ရင်ဆိုင်နေရတဲ့ ဒုက္ခတွေ၊ ပြဿနာတွေအားလုံးကို ဖြေရှင်းပေးဖို့မဟုတ်ဘဲ သူကိုယ်တိုင် နည်းလမ်းရှာတွေ့ပြီး အဖြေထုတ်နိုင်အောင် ကူညီပေးဖို့ဖြစ်တယ်ဆိုတာကိုလည်း မမေ့ဖို့ အရေးကြီးလှပါတယ်။

လက်ရှိမှာ ခံစားနေရတဲ့ သူ့ရဲ့ပြင်းထန်တဲ့စိတ်ခံစားချက်တွေ လျော့ပါးသက်သာသွားအောင်၊ တစ်နည်းအားဖြင့် စိတ်လေးတည်ငြိမ်မှု ရရှိသွားအောင်၊ အကောင်းအဆိုး‌ အကြောင်းအကျိုးကို ပြန်လည်စဉ်းစားနိုင်စွမ်း ရှိလာအောင် လမ်းညွှန်တည့်မတ်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ဖက်သားကို စာနာမှုအပြည့်ဖြင့် နားထောင်ပေးတဲ့အခါမှာ…

  • စကားကို ဖြတ်မပြောမိဖို့
  • တစ်ဖက်သားနဲ့မငြင်းခုန်ဖို့
  • အလွယ်တကူ ကောက်ချက်မချဖို့
  • ကိုယ်ပိုင်အကြံဉာဏ်တွေမပေးမိစေဖို့
  • စိတ်ရှည်ဖို့
  • ကိုယ်တိုင်က open mind ထားဖို့
  • confidentiality ရှိဖို့
  • ကိုယ်ချင်းစာစိတ်ထားဖို့ စတဲ့အချက်တွေကိုလည်း လိုက်နာဖို့ လိုပါတယ် ။

တစ်ခါတစ်ရံ ကျွန်မတို့ဟာ Fighting ဆိုတဲ့စကားထက် ကိုယ့်ဘက်မှာ တစ်စုံတစ်ယောက်ရှိနေပါသေးလားဆိုတဲ့ နှစ်သိမ့်မှုလေးတစ်ခုကို လိုအပ်နေတာ မဟုတ်ပါလား။

မိမိရဲ့ပတ်ဝန်းကျင်မှာ ရင်ဖွင့်ချင်တဲ့သူတွေရှိတဲ့အခါ ကိုယ်တိုင်က အကောင်းဆုံးနားထောင်ပေးသူတစ်ယောက်ဖြစ်ဖို့ ကူညီနိုင်သလို ကိုယ်တိုင်က ရင်ဖွင့်ဖို့ လိုအပ်လာတဲ့အခါလည်း ကျွန်မတို့ တယ်လီကျန်းမာမှာ Active Empathic Listening အတွက် Well-trained Volunteer တွေရှိတဲ့ Zero Suicide Hotline မှာလည်း ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်ပြောဆိုလို့ရကြောင်းကိုလည်း တစ်ပါတည်း အသိပေးပါရစေရှင်။

“ ဒီလဟာ ကျွန်မတို့ Zero Suicide Campaign ရဲ့ တစ်နှစ်ပြည့်‌ လလေးလည်း ဖြစ်ပါတယ်”

@zeroscbot

သင်၏ စိတ်ကလေး ကျန်းမာစေဖို့ …
“ ဒေါက်တာမီ”
စိတ်ပညာလေ့လာသူ ဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here