စိတ်ခံစားချက်တွေကို နာမည်ပေးကြည့်ရအောင်
Let’s name our emotions!!!
စိတ်ခံစားချက်တွေဆိုတာ ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေအပေါ်မူတည်ပြီး နှလုံးသားနဲ့ ဦးနှောက်ကနေပို့လွှတ်တဲ့ ကိုယ့်ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိစေတဲ့ မက်ဆေ့ဂျ်လေးတွေပါ။
စိတ်ခံစားချက်တွေဆိုတာ လူသားတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့နဲ့ လောကကြီးကိုနားလည်စေဖို့ ကူညီပေးပါတယ်။
စိတ်ခံစားချက်တွေကို ရာသီဥတုလို့ သဘောထားလိုက်ရင် . . .
- ပျော်ရွှင်မှုက နေရောင်လှစေတဲ့ နေ့တစ်နေ့နဲ့တူတယ် ☀️
- ဝမ်းနည်းမှုက မိုးရွာတဲ့အချိန်နဲ့တူတယ် 🌧️
- ဒေါသထွက်မှုက အလွန်ပြင်းထန်တဲ့ မုန်တိုင်းနဲ့တူတယ် ⛈️
- ကြောက်ရွံ့မှုက လေတိုက်ပြင်းထန်သော ညနဲ့တူတယ် 🌬️
- စိတ်လှုပ်ရှားမှုက မိုးသည်းပြီးနောက်ပေါ်လာတဲ့ စိမ်းလန်းနေသော သက်တံလေးနဲ့တူတယ် 🌈
ရာသီဥတုက ပြောင်းလဲတတ်သလို စိတ်ခံစားချက်တွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
…
…
စိတ်ခံစားချက်တွေက ကျွန်တော်တို့ကို ဘာတွေကူညီပေးလဲ။
၁။ ကိုယ့်ကိုယ်ကို နားလည်ဖို့အတွက်
(ဥပမာ။ စာဖတ်သူက ပန်းသီးစားရလို့ ပျော်တယ်ခံစားရရင် စာဖတ်သူဟာ ပန်းသီးကိုကြိုက်တယ်။ စိုးရိမ်တယ်ဆိုတဲ့ ခံစားချက်ကိုရရင် ငါ တစ်ခုခုကို ဂရုစိုက်ဖို့လိုနေပြီ)
၂။ တခြားသူတွေနဲ့ ဆက်ဆံရေးတွေအတွက်
(ဥပမာ။ ဝမ်းနည်းတယ်လို့ ခံစားရရင် တစ်ယောက်ယောက်ကို ရင်ဖွင့်တာမျိုး၊ ဝမ်းသာတယ် လို့ ခံစားရရင် ချစ်ရတဲ့သူတွေနဲ့ မျှဝေတာမျိုး)
၃။ ဆုံးဖြတ်ချက်တွေ ချဖို့
(တစ်ခုခုကြောင့် အလွန်ထိတ်လန့်နေတယ် ခံစားရရင် အဲဒီအရာကိုကျော်လွှားဖို့၊ ရင်ဆိုင်ဖို့ အကူအညီတောင်းခံတာမျိုး)
…
…
စိတ်ခံစားချက် အမျိုးအစားတွေ အမျိုးမျိုးရှိတာကို ဘာလို့ နာမည်ပေးဖို့ လိုတာလဲ။ ဒီခံစားချက်တွေကို နာမည်ပေးခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်တာလဲ 🤔
ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ ဘာလို့ နာမည်တွေ ရှိကြတာလဲ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတာ သိဖို့၊ ဘယ်သူက ဘယ်သူဆိုတာ သေချာ သိနိုင်ဖို့ နာမည်ပေးကြတာမို့လား။ ကျွန်တော်က ကျွန်တော်တို့ အမေ အောင်ဆန်းစုကြည်လို့ ပြောလိုက်ရင် သူမက ဘယ်လိုလူမျိုးလဲ၊ သူမကဘယ်လိုပုံစံရှိလဲ စာဖတ်သူ သေချာမြင်သွားသလိုမျိုးပါ။
ဒီလိုခံစားချက်တွေကို နာမည်ပေးခြင်းအားဖြင့်. . .
၁။ ကျွန်တော်တို့အနေနဲ့ သူများတွေကို ကျွန်တော်တို့ ဘယ်လိုခံစားနေရလဲ ရှင်းပြနိုင်မယ်။
၂။ ကျွန်တော်တို့ကိုယ်တိုင်လည်း မိမိစိတ်ခံစားချက်ကို ပိုမိုနားလည်ပြီး ဘာဆက်လုပ်သင့်လည်းဆိုတာ သေချာသိလာမယ်။ (ဥပမာ။ ဝမ်းနည်းနေတယ် ခံစားရရင် အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုး၊ သူငယ်ချင်းကို ရင်ဖွင့်တာမျိုး)
၃။ ကိုယ့်စိတ်ခံစားချက်ကို နားလည်တဲ့သူတစ်ယောက်က တခြားသူ ဘယ်လိုခံစားနေရလဲ ပိုနားလည်နိုင်တာကြောင့် emotional intelligence တိုးတက်လာမယ်။
၄။ စိတ်ခံစားချက်တွေကို နားလည်သဘောပေါက်လာရင် ခံစားရမှာမကြောက်တော့ဘဲ စိတ်ခံစားချက်တွေကို ပုန်းရှောင်တာ၊ ဖိနှိပ်တာမျိုး မလုပ်တော့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုချစ်ခင်ကြင်နာတတ်လာပြီး ခက်ခဲကြမ်းတမ်းတဲ့ မုန်တိုင်းတွေကို သတိတရားနဲ့ ကျော်ဖြတ်လာနိုင်မယ်။
၅။ ဘာခံစားရလို့ ခံစားရမှန်းမသိခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုကို ပိုဖြစ်စေတာမို့ ဆန့်ကျင်ဘက်အားဖြင့် စိတ်ခံစားချက်ကို ပိုမိုနားလည်ခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ် ပူပန်မှုကို လျှော့ချနိုင်မယ်။
၆။ စိတ်ခံစားချက်ကို နာမည်ပေးလိုက်ရင် စိတ်ခံစားချက်နဲ့ ကိုယ်ကိုယ်တိုင်ကြားမှာ အကွာအဝေးတစ်ခုထားသလိုဖြစ်သွားပြီး စိတ်ခံစားချက်ကို ကိုင်တွယ်ရတာ ပိုလွယ်ကူလာမယ်။
.
အရေးကြီးတာတစ်ခုက မကောင်းတဲ့ စိတ်ခံစားချက်ဆိုပြီး မရှိပါဘူး။ ရာသီဥတုလိုပဲ မိုးရွာပြီးရင် နေသာတဲ့တစ်ချိန် ရှိလာမှာပါ။ စိတ်ခံစားချက်တွေကို ဖိနှိပ်ဖို့၊ ရှောင်ပြေးဖို့၊ မေ့ဖို့ မကြိုးစားဘဲ နာမည်ပေးကြည့်ပါ။ စိတ်ခံစားချက်တွေကို နားထောင်ကြည့်လိုက်ပါ။ သူများတွေနဲ့ မျှဝေကြည့်ပါ။ လူသားတစ်ယောက်ဖြစ်တာမို့ ပေါ်ထွက်လာတဲ့ စိတ်ခံစားချက်တွေကို ရိုးရိုးလေးပဲခံစားရင်း လူသားဆန်ကြည့်ရအောင်နော်။
…
…
အခုပိုစ့်ရဲ့ပုံလေးထဲမှာ ဖော်ပြထားတဲ့ စိတ်ခံစားချက် စက်ဝိုင်းကို ဘယ်လိုအသုံးပြုကြမလဲ။

- စိတ်ခံစားချက်တစ်ခုခု ခံစားမိတဲ့အခါမှာ ခဏလောက် ရပ်လိုက်ပါ။
- အသက်ဝဝရှူလိုက်ပါ။
- စိတ်ခံစားချက်စက်ဝိုင်းကိုထုတ်ပြီး အလယ်မှာရှိတဲ့ အဓိက စိတ်ခံစားချက်ကနေတစ်ဆင့် ဖြည်းဖြည်းချင်း ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်အသေးစိတ်ကို ရှာကြည့်လိုက်ပါ။ ဥပမာ။ ဒေါသထွက်နေတယ်ကနေတစ်ဆင့် မုန်းတီးတဲ့စိတ်ခံစားချက် ဖြစ်နေတာလား၊ ဒီမှတစ်ဆင့် ကိုယ့်ဆီမှာ အခဲမကြေ (resentful) ဖြစ်နေတာလား သုံးသပ်ကြည့်လို့ရပါတယ်။
- စိတ်ခံစားချက်ကို နာမည်တပ်ပြီးပြီဆိုရင် ဒီစိတ်ခံစားချက်ကြောင့် ကိုယ့်ဆီမှာ ဘယ်လိုအတွေးတွေ အပြုအမူတွေဖြစ်လာလဲ ခဏလောက် စဉ်းစားကြည့်ပါ။
အစပိုင်းမှာ စက်ဝိုင်းအသုံးပြုရာမှာ အနည်းငယ် အခက်တွေ့တာမျိုး ဖြစ်နိုင်ပါတယ်။ တိကျတဲ့ မိမိခံစားရတဲ့ ခံစားချက်ကို ရှာမတွေ့တာမျိုး ဖြစ်နိုင်ပါတယ်။ စိတ်ရှည်ပြီး လက်မလျှော့ဘဲ ခဏခဏလေး အသုံးပြုကြည့်ပါ။
စိတ်ခံစားချက်စက်ဝိုင်းကို အသုံးပြုတာ ကြာလာတာနဲ့ အမျှ ဘယ်လိုအခြေအနေတွေမှာ မိမိဆီမှာ ဘယ်လို စိတ်ခံစားချက် ဖြစ်လာတတ်လဲဆိုတာရယ်၊ နောက်ကလိုက်လာတဲ့ အတွေးတွေ အပြုအမူတွေကို သတိထားလာမိပါလိမ့်မယ်။ လွယ်လွယ်ကူကူလည်း မိမိစိတ်ခံစားချက်ကို ရှာတွေ့လာပါလိမ့်မယ်။
စိတ်ခံစားချက်စက်ဝိုင်းကို အသုံးပြုပြီး ဒီနေ့ သတိထားမိတဲ့ စာဖတ်သူရဲ့ စိတ်ခံစားချက်ကိုလည်း စက်ဝိုင်းအသုံးပြုရှာပြီး comment မှာ ရေးခဲ့ပါဦးနော်။ စာဖတ်သူရဲ့ စိတ်ခံစားချက် ဘာကြောင့်ဖြစ်လာတာလဲ ရှင်းပြဖို့ မလိုပါဘူး။ Just Name It, To Tame It !!
စိတ်ဝင်စားသူတွေအတွက် မကြာခင်မှာလည်း စိတ်ခံစားချက်တွေအကြောင်း မေးခွန်းလေးတွေနဲ့အတူ reflection (ပြန်လည်စိစစ်ခြင်းတွေ) ရေးသားတင်ဆက်ပေးဦးမှာမို့……။
stay tuned!!!
Dr. Latte
တယ်လီကျန်းမာ
Ref : 📖
https:// theparentcue. org / resources/feelings-wheel/
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.