အသည်းရောင်အသားဝါ (ဘီ) ပိုးဟာ သွေးနဲ့ ကိုယ်ခန္ဓာအရည်များမှတစ်ဆင့် အဓိကကူးစက်တတ်သောရောဂါဖြစ်ပြီး အသည်းကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒါကြောင့်လည်း အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးကို အသည်းကင်ဆာ ကာကွယ်ဆေးရယ်လို့တောင် ဆိုကြပါတယ်။
အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှုအများစုဟာ မည်သည့်ရောဂါလက္ခဏာမှ မပြတတ်ဘဲ ဖြစ်လေ့ရှိတာမို့ ဆေးစစ်ကြည့်ခြင်းကသာ မိမိမှာ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပါ။
…
…
◾️အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်နိုင်သော နည်းလမ်းများ
သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေကနေတစ်ဆင့် အဓိက ကူးစက်ပြီး
- အကာအကွယ်မဲ့ လိင်ဆက်ဆံမှု
- ရောဂါပိုးရှိသော သွေးသွင်းခံရခြင်း
- ကူးစက်နိုင်တဲ့ မုတ်ဆိတ်ရိတ် စက်/ဓား၊ ဆေးထိုးအပ်၊ သွားတိုက်တံ စတာတွေ အတူဝေမျှသုံးစွဲခြင်း
- ရောဂါပိုးရှိသောမိခင်မှ ကလေးငယ်သို့ မွေးလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်း စတာတွေကနေ ကူးစက်နိုင်ပါတယ်။
- အစားအသောက်၊ နှာချေ ချောင်းဆိုးခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း စတဲ့နည်းလမ်းတွေကနေတော့ ကူးစက်နိုင်မှု မရှိပါ *
…
…
◾️အသည်းရောင်အသားဝါ (ဘီ) ပိုးကို ကာကွယ်နိုင်ဖို့ အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးအပြင် အခြားကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိသေးပါသလား
- လိင်ဆက်ဆံမှုပြုတဲ့အခါ အကာအကွယ်အသုံးပြုမယ် (လိင်ဆက်ဆံမှုလို့ ဆိုရာမှာ ပါးစပ်ဖြင့်ဆက်ဆံခြင်း၊ စအိုပေါက်နှင့် ဆက်ဆံခြင်း စတာတွေပါ အကျုံးဝင်ပါတယ်)
- မုတ်ဆိတ်ရိတ် စက်/ဓား၊ ဆေးထိုးအပ်၊ သွားတိုက်တံ စတာတွေ အတူဝေမျှသုံးစွဲခြင်းမပြုဘူး စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါသေးတယ်။
…
…
◾️အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးက အန္တရာယ်ရှိသလား
အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးဟာ အန္တရာယ်အကင်းဆုံး ကာကွယ်ဆေးတွေထဲက တစ်ခုပါ။ အသားဆေးထိုးခံရတဲ့ ကြွက်သားနေရာ နာကျင်၊ ရောင်ရမ်းမှု ဖြစ်စေတတ်ရုံကလွဲလို့ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အသက်အန္တရာယ်ထိခိုက်မှု မရှိပါ။ နောက်ပြီး ကာကွယ်ဆေးကနေ ရောဂါပိုးပြန်ကူးစက်နိုင်ခြင်းလည်း (လုံးဝ) မရှိပါဘူး။
…
…
◾️ဘယ်လိုလူတွေဟာ အသည်းရောင် အသားဝါ (ဘီ) ပိုး ကူးစက်ခံရနိုင်ခြေ အများဆုံးလဲ
- သွေးနှင့် ဆက်စပ်ပစ္စည်းတွေကို ထိတွေ့ကိုယ်တွယ်နေရသူတွေ (ဥပမာ ကျန်းမာရေးလုပ်သားတွေ၊ ဓာတ်ခွဲပညာရှင်တွေ စသည်)
- အသည်းရောင်အသားဝါ (ဘီ) ပိုးရှိတဲ့ မိခင်ကမွေးတဲ့ ကလေးငယ်တွေ
- အသက် ၁၉ နှစ်အောက် ကာကွယ်ဆေး ပြည့်စုံစွာမထိုးရသေးသူတွေ
- မိမိရဲ့လိင်ဆက်ဆံဖော်မှာ ရောဂါပိုးရှိနေတဲ့သူတွေ
- လိင်ဆက်ဆံဖော် များသူတွေ၊ လိင်အပျော်အပါး လိုက်စားတတ်သူတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံသူတွေ
- ဆီးချို၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ HIV/ AIDS လို ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှိသူတွေ…. စတဲ့ နာတာရှည်ရောဂါအခံရှိသူတွေမှာ အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်ခံရဖို့များလို့ အမြန်ဆုံး အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေး ကြိုတင်ထိုးနှံထားသင့်သူတွေ ဖြစ်ပါတယ်။
…
…
◾️ကာကွယ်ဆေး ထိုးနှံခြင်း
ဦးစွာ အသည်းရောင်အသားဝါ (ဘီ) ပိုး ရှိ/မရှိ စစ်ဆေးရပါမယ်။ ပိုးမရှိလျှင် ကြိုတင်ကာကွယ်ဖို့ စတင်ထိုးနှံနိုင်ပါပြီ။
ကာကွယ်ဆေးထိုးတဲ့အခါ…
ပထမ အကြိမ် – မိမိစတင်ထိုးနှံသည့်ရက်
ဒုတိယအကြိမ် – ပထမအကြိမ်မှ တစ်လပြည့်သည့်ရက်
တတိယအကြိမ် – ပထမအကြိမ်မှ ခြောက်လပြည့်သည့်ရက်တွေမှာ ထိုးနှံနိုင်ပါတယ်။
ကာကွယ်ဆေး သုံးကြိမ်ပြည့်တဲ့အခါ မိမိခန္ဓာကိုယ်အတွင်းက ထွက်ရှိလာတဲ့ အသည်းရောင်အသားဝါ (ဘီ) ပိုးကို တန်ပြန်ခုခံတဲ့ ကိုယ်ခံအားပမာဏ (anti-HBV level) ကိုတိုင်းတာပြီး ရှိသင့်တဲ့ပမာဏအတွင်းမှာ ရှိနေရင် ကာကွယ်ဆေးအောင်ပါတယ်။
နောက်ပိုင်း Booster dose များကိုတော့ ဒီ anti-HBV level ကို ပြန်လည်စစ်ဆေးပြီး လိုအပ်သလို ထိုးနှံနိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ ငါးနှစ်တစ်ကြိမ် Booster dose ထိုးနိုင်ပါတယ်။
***မွေးကင်းစကလေးငယ်တွေမှာတော့ ပထမအကြိမ် ကို မွေးပြီးစမှာ ချက်ချင်းထိုးနှံသင့်ပါတယ်။
…
…
◾️မိမိချစ်ရသူမှာ ရောဂါပိုးရှိနေတဲ့အခါ
မိမိရဲ့လက်တွဲဖော်ဖြစ်စေ၊ လက်တွဲဖော်အဖြစ်ရည်ရွယ်ထားသူဖြစ်စေ၊ မိမိနဲ့အတူနေ မိသားစုဝင် တစ်ဦးဦးမှာ ရောဂါပိုးရှိနေခဲ့ရင်ဖြစ်စေ…
- မိမိမှာလည်း ရောဂါပိုး ရှိ/မရှိ ဦးစွာစစ်ဆေးပါ။
- ရောဂါပိုးမရှိလျှင် ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်မှုရယူပါ။
အသည်းရောင်အသားဝါ (ဘီ) ပိုးရှိနေခြင်းဟာ မိမိချစ်ရတဲ့ လက်တွဲဖော်နဲ့ အတူပေါင်းဖက်နေထိုင်သွားဖို့ရာ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါ။ မိမိလက်တွဲဖော်အဖြစ် ရည်ရွယ်ထားသူမှာ ရောဂါပိုးရှိနေရင်တောင် မိမိက ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားမယ်ဆိုရင် ကာကွယ်ပြီးသား ဖြစ်ပါတယ်ဆိုတာ အသိပေးလိုက်ပါရစေ….။
Reference: 📚
Hepatitis B Foundation : Hepatitis B Vaccination
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.