ကျွန်မက ကျန်းမာရေးဝန်ထမ်းတစ်ယောက်ပါ။ ကျွန်မရဲ့ကျန်းမာရေးအတွက် တယ်လီကျန်းမာက အာဟာရဆရာဝန်နဲ့ ပြဖြစ်ရာမှာ ဆရာမရဲ့အကြံပြုချက်ကို အနီးစပ်ဆုံးလေ့ကျင့်ရင်း ကျန်းမာရေး အတော်တိုးတက်လာတာမို့ တစ်ဆင့်ပြန်လည်မျှဝေလိုစိတ် ဖြစ်ပေါ်လာတာပါ။

ဒီပိုစ့်လေးရဲ့ရည်ရွယ်ချက်ကတော့ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီများခြင်း၊ အသည်းအဆီဖုံးရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လိုအပ်သည့်ပမာဏထက် လွန်ကဲစွာစားသောက်ခြင်း စတဲ့ကျန်းမာရေးပြဿနာတစ်ခုခုကို ခံစားနေရသူ သို့မဟုတ် ကာကွယ်လိုသူတွေ အတွက် အစားအသောက်နဲ့ လူနေမှုပုံစံအချို့ကို မျှဝေလိုခြင်း ဖြစ်ပါတယ်။

ဆရာမအနေနဲ့ ကျွန်မကို အဓိကအားပေးတာက ကိုယ်ရောစိတ်ပါ ကျန်းမာသော လူနေမှုပုံစံ အတွက် အလွန်အရေးပါတဲ့ healthy & mindful eating (ကျန်းမာရေးနဲ့ညီတဲ့ပုံစံ စားသောက်ခြင်းနဲ့ သတိလေးကပ်ပြီး စားသောက်ခြင်း) အကြောင်းပါ။

ဂရုပြုဖွယ်ရာ အချက်တွေကတော့…

  • စားသောက်ရင် သတိလေးကပ်ဖို့
  • ကျန်းမာရေးနဲ့ညီတဲ့ အချိုးအဆအတိုင်း စားဖို့ (ကစီဓာတ်ဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်းဖူး၊ အာလူး စတာတွေကို အခြေခံထားတဲ့ အစားအစာကို လေးပုံတစ်ပုံ၊ အသားဓာတ်ဖြစ်တဲ့ အသား၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ပဲ စတာတွေကို လေးပုံတစ်ပုံ၊ အမျှင်ဓာတ်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေက တစ်ဝက် သို့ လေးပုံနှစ်ပုံ အချိုးအစားအတိုင်း စားသောက်ဖို့၊ အငန်လျှော့စားဖို့၊ အဆီ ဖြစ်နိုင်သမျှ နည်းနည်းသာပါဝင်ဖို့)
  • ကိုယ့်အတွက် စားချင်စဖွယ်ဖြစ်အောင် စားဖို့
  • အရသာလေးခံပြီး ​ဖြည်းဖြည်းချင်း စားဖို့
  • အစားအသောက် ထပ်မထည့်ခင် ထည့်ချင်တာ သေချာလား၊ စားနိုင်မှာ သေချာလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့
  • နှမြောလို့စားတာ မလုပ်ဘဲ သင့်တော်သလို ဝေမျှဖို့/စွန့်ပစ်ဖို့
  • တစ်ရက်ကို ရေ ၂ – ၃ လီတာ သောက်ဖို့
  • တစ်နေ့ကို ၈ နာရီမှ ၁၂ နာရီ အစာရှောင်ဖို့ (ဥပမာ ညစာကို ည ၇ နာရီမှာစားရင် အဲဒီနောက်ပိုင်း ရေကလွဲရင် အခြား မစားသောက်ဘဲ နောက်နေ့မနက် ၇ နာရီလောက်မှာ မနက်စောစာ စားဖို့) ဖြစ်ကြောင်း သေချာရှင်းပြပါတယ်။

ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုမှာ…

  • အနည်းဆုံး တစ်နာရီတစ်ကြိမ် ရေထသောက် တာမျိုး၊ အပေါ့အပါးသွားတာမျိုး ဂရုစိုက်လုပ်ဖို့
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်ရက်မှာ နာရီဝက်၊ တစ်ပတ်ကို အနည်းဆုံး ၅ ရက်လုပ်ဖို့
  • အစားများသွားရင် ထိရောက်တဲ့ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း နာရီဝက်လောက် ပြန်လုပ်ဖို့ လည်း ဆွေးနွေးရင်း ပြောပါတယ်။

လူနေမှုပုံစံ အပြောင်းအလဲတွေမှာ ရေရှည်လုပ်နိုင်မယ့် အတိုင်းအတာကို စွဲမြဲတဲ့အလေ့အကျင့်နဲ့ လုပ်မှသာ လက်တွေ့ကျပြီး ရေရှည်မှာ ထိရောက်နိုင်တာက သဘာဝဖြစ်ကြောင်း လူနာဖြစ်သူ ကျွန်မရဲ့ အရင်အတွေ့အကြုံတွေကနေ ရှာဖွေပြီး မီးမောင်းထိုးပြပါတယ်။ (ကျွန်မ အရင်က ကောက်ရိုးမီး ဆန်ဆန်မိုတီနဲ့ လက်တွေ့မကျတဲ့ အတိုင်းအတာ ကြိုးစားလုပ်ရင်း ရေရှည်မှာ အဆင်မပြေခဲ့တာ အကြိမ်ကြိမ်ပါ)

အစပိုင်းတော့ ကိုယ်အလေးချိန်ကျတာ မြန်မယ်၊ နောက်ပိုင်းတော့ ​ဖြည်းဖြည်းပဲ ကျလိမ့်မယ်၊ ပြန်တက်မလာအောင်ထိန်းဖို့ ပိုအရေးကြီးတယ်ဆိုတာလည်း ရှင်းပြပါတယ်။

ဆရာမအကြံပြုတဲ့ နည်းတွေအတိုင်း လေ့ကျင့်ရင်း ၃ လအကြာမှာ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြန်လုပ်လိုက်တော့ ကိုယ်အလေးချိန် ပေါင် ၂၀ လောက် ကျသွားတယ်။ သွေးတွင်းအဆီဓာတ် ပုံမှန်ပြန်ဖြစ်သွားတယ်။ သွေးပေါင်ချိန်လည်း သွေးတိုးကျဆေးမလိုဘဲ ပုံမှန်ဖြစ်သွားတယ်၊ သွေးချိုလည်း ဆေးမလိုအပ်ဘဲ ပုံမှန်ဖြစ်သွားတယ်။

စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကတော့
ချမှတ်တဲ့ ပန်းတိုင်တွေကလည်း လက်တွေ့ကျတာ မို့ အောင်မြင်မှုနဲ့ ကျေနပ်မှုတွေကို ခံစားရတယ်။ ကိုယ့်ကျန်းမာရေးကိုယ် နေ့စဉ် ပုံမှန်ဂရုစိုက်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရတယ်။ စိတ်ဖိစီးမှုလည်း အများကြီး သက်သာသွားတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့ အတွေးတွေကို လည်း အထိုက်အလျောက် ထိန်းချုပ်နိုင်ပါပြီ။

ဒါကြောင့် စာဖတ်သူမိတ်ဆွေလည်း ကျွန်မနဲ့အလားတူ ကျန်းမာရေးပြဿနာတွေ ကြုံနေရရင် အထက်ပါနည်းလေးတွေ နိုင်သလောက် လေ့ကျင့်ကြည့်ရင်း ကိုယ်ရောစိတ်ပါ ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းချင်ပါတယ်။ လိုအပ်တာ အခြားဆွေးနွေးချင်တာရှိရင် တယ်လီကျန်းမာမှာ အာဟာရဆရာမနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ဆိုတာလည်း သတင်းကောင်း ပါးလိုက်ပါရစေ…။

ကျန်းမာရေးဝန်ထမ်းတစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here