Skin care လုပ်တဲ့သူတွေ၊ beauty blogger တွေဟာ အခုနောက်ပိုင်းမှာ ကော်လဂျင် (collagen) ကို သောက်သုံးလာကြတာ တွေ့ဖူးကြမှာပါ။
အလှအပရေးရာကုမ္ပဏီတွေလည်း အသားအရေလှဖို့၊ အိုမင်းရင့်ရော်မှု သက်သာစေဖို့၊ ပိုပြီးဝင်းလက်စိုပြေလာဖို့ စသဖြင့် collagen ကို အမျိုးမျိုးရောင်းချလာကြပြီး သောက်သုံး သုံးစွဲသူလည်း အတော်ပဲများပြားလာပါတယ်။
ဒါကြောင့် collagen ဟာ တကယ်ပဲ အကျိုးအာနိသင် ဖြစ်စေလား၊ ဘေးထွက်ဆိုးကျိုးတွေရှိလားဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
…
…
▪️Collagen ဆိုတာ ဘာလဲ
Collagen ဆိုတာက ခန္ဓာကိုယ်ထဲမှာတည်ရှိနေတဲ့ ပရိုတိန်းတစ်မျိုးပါ။ သူက ခန္ဓာကိုယ်ထဲမှာ ၃ ပုံ ၁ ပုံ နေရာယူထားပါတယ်။ သူ့ကို အရေပြားနဲ့ အရွတ်တွေ၊ အရိုးအဆစ်တွေ၊ ကြွက်သားတွေထဲမှာ အများဆုံးတွေ့ရတတ်ပါတယ်။ Collagen က တစ်သျှူးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသားအရေ တင်းရင်းမှု၊ တောင့်တောင့်တင်းတင်းနဲ့ လှပနေစေဖို့ စသည်တို့ကို အဓိက အထောက်အပံ့ပေးပါတယ်။
ဒါပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှ collagen ထုတ်လုပ်မှုဟာ လျော့နည်းလာပြီး အရေပြားလျော့တွဲတာမျိုး၊ အရေးအကြောင်း ထလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
…
…
▪️Collagen ကို ဘယ်ကရလဲ
အဓိကကတော့ ခန္ဓာကိုယ်ထဲကနေ သဘာဝအတိုင်း ထုတ်လုပ်ပေးပါတယ်။ ပြင်ပအနေနဲ့ဆိုရင် အမဲရိုးတို့၊ ကြက်ရိုးတို့၊ ငါးအရေခွံတို့၊ အရည်ရွှမ်းတဲ့သစ်သီးတွေ၊ ဗိုက်တာမင်-စီ (Vitamin-C) ကြွယ်ဝတဲ့ သစ်သီးတွေကနေတစ်ဆင့်လည်း ရနိုင်ပါတယ်။
…
…
▪️Collagen က ဘာတွေကောင်းလဲ
- အဓိကအားဖြင့် ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အသားအရေလှပမှုတို့ကို အထောက်အပံ့ပေးပါတယ်။
- အသားအရေလျော့တွဲမှုကို နည်းပါးစေပြီး စိုပြေလှပစေပါတယ်။
- အရိုးအဆစ်အတွက်လည်း အထောက်အကူပြုပြီး အရိုးများကိုသန်မာစေကာ အရိုးပွတာတွေကိုလည်း နည်းပါးစေပါတယ်။
- ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံသားတွေကို ထူထပ်သန်မာစေပါတယ်။
- ကြွက်သားတွေကိုလည်း သန်မာစေပြီး ခွန်အားပိုကောင်းလာစေပါတယ်။
- သွေးကြောတွေကိုလည်း ကောင်းမွန်စေပြီး သွေးလွှတ်ကြောကျဥ်းရောဂါဖြစ်ခြင်းမှလည်း သက်သာလျော့နည်းစေပါတယ်။
- ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းအတွက်လည်း ကောင်းမွန်စေတဲ့အချက်တွေ ပါပါတယ်။
…
…
ဒီလိုအချက်တွေကြောင့် အခုနောက်ပိုင်းမှာ collagen ကို သဘာဝပရိုတိန်းအပြင် ပြင်ပဖြည့်စွက်စာအနေနဲ့ အမှုန့်၊ အခဲ၊ အရည် စတဲ့ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လာကြပါတယ်။ ဒါ့အပြင် မျက်နှာလိမ်းခရင်မ်၊ lotion၊ serum စသည်တို့ထဲမှာလည်း ထည့်သွင်းအသုံးပြုလာကြပါတယ်။
ဒါပေမယ့် “ တန်ဆေး၊ လွန်ဘေး” ဆိုသလို collagen ဖြည့်စွက်စာတွေ အလွန်အကျွံသုံးမိရင်တော့ . . .
- Overdose ဖြစ်ပြီး အသည်းကို ထိခိုက်တတ်ပါတယ်။
- Collagen နဲ့မတည့်တဲ့သူဆိုရင် အလက်ဂျစ်တွေထပြီး အရေပြားယားယံမှုတွေ၊ နီရဲလာမှုတွေ ဖြစ်တတ်ပါတယ်။
- အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး ဗိုက်ကြီးတင်းနေတာ၊ ဖောင်းနေတာမျိုးတွေ၊ မအီမလည်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေဆိုရင်လည်း ကိုယ့်ရဲ့ကလေးငယ်ကို ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကြဥ်သင့်ပါတယ်။
…
…
◾️သဘာဝအတိုင်း collagen ကြွယ်ဝအောင် ဘယ်လိုလုပ်ရမလဲ
- ပရိုတိန်းတစ်မျိုးဖြစ်တဲ့အတွက် ပရိုတိန်းပါတဲ့ အသားတွေ၊ ပဲတွေ များများစားပေးဖို့ လိုပါတယ်။
- ဗိုက်တာမင်-စီ၊ ဗိုက်တာမင်-ဒီ၊ ဇင့် ကြွယ်ဝတဲ့ သစ်သီးဝလံတွေ စားသုံးရပါမယ်။
- တာရှည်ခံ အသင့်စားအစားအစာတွေ အလွန်အကျွံစားသောက်တာကို လျှော့ချဖို့လိုပါတယ်။
- ဆေးလိပ်နဲ့ အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကြဥ်ရပါမယ်။
- နေပူထဲ အကာအကွယ်မပါဘဲ သွားတာမျိုးတွေ ရှောင်ကြဥ်ရပါမယ်။
- လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အစားအသောက်ကို အာဟာရမျှတစွာ စားသုံးပေးရပါမယ်။
…
…
နိဂုံးချုပ်အနေနဲ့ကတော့ အသက်အရွယ်ရလာတာနဲ့အမျှ collagen ထုတ်လုပ်မှုတွေ လျော့နည်းလာနိုင်ပေမယ့် ဖြည့်စွက်စာကို ထိန်းသိမ်းပြီးသုံးစွဲမယ်၊ ဆောင်ရန် ရှောင်ရန်တို့ကို သေချာလိုက်နာမယ်ဆိုရင် အသက်ကြီးပေမယ့် မပျက်စီးသေးဘဲ အသားအရေ တင်းရင်းစိုပြေပြီး ဆက်လက်လှပနေဦးမှာ ဖြစ်ပါတယ်…။
Ref: 📖
Webmd. com/ Collagen_Health_Benefits
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.