ကိုယ်ဝန်သည်နှင့် သွေးချို၊ ဆီးချိုရောဂါ ပတ်သက်ပုံ သုံးမျိုးရှိနိုင်တယ်လို့ ပြောပြခဲ့ပါတယ်နော်။
၁။ ကလေးဘဝကတည်းက အင်ဆူလင်နေ့တိုင်းထိုး အသက်ရှင်နေရပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ်ကိုရောက်လာတဲ့ အမျိုးသမီးလေးများ။ အမျိုးအစား တစ် သွေးချို၊ ဆီးချိုရောဂါ။
၂။ ကိုယ်ဝန်မဆောင်မီမှာတင် မျိုးရိုးဗီဇအရ အမျိုးအစား နှစ် သွေးချို၊ ဆီးချိုရောဂါကို အသက်ငယ်ငယ်မှာရပြီး OHA ဆေးတွေကို နေ့စဉ်သောက်နေရသူ အမျိုးသမီးများ။
၃။ ကိုယ်ဝန်မဆောင်ခင်ကတော့ သွေးချို၊ ဆီးချိုရောဂါမရှိသေး။ သို့သော် မျိုးရိုးဗီဇအရ အသက်အရွယ်ရလာရင် အမျိုးအစား နှစ် သွေးချို၊ ဆီးချိုရောဂါဖြစ်မယ့်သူတွေ။ သူတို့ကိုယ်ဝန်ဆောင်လို့ လရင့်လာရင် အချင်းကထုတ်တဲ့ အင်ဆူလင်ရဲ့ အလုပ်ကိုနှောင့်ယှက်တဲ့ ဟော်မုန်းတွေကြောင့် သွေးချို၊ ဆီးချိုရောဂါ အစမ်းဖြစ်မယ့်သူတွေ။ (Gestational Diabetes Mellitus)
မွေးပြီးရင် ခဏပြန်ပျောက်မယ်။ အသက်ကြီးမှ အတည်ဖြစ်မယ့်သူတွေ။ သူတို့တွေအတွက်က ဒီရောဂါကိုလွတ်မသွားအောင် ကိုယ်ဝန် ၂၈ ပတ်မှာ သွေးတွင်းသကြားဓတ်ကို စစ်ဆေးရပါတယ်။
…
…
နံပါတ် တစ် နဲ့ နှစ်အတွက်က ကုသမှုအတူတူပါ။ သူတို့အတွက် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုသည် ကိုယ်ဝန်မရခင်ကကို စရပါတယ်။
ဆရာသမားတော် သွေးချို၊ ဆီးချိုရောဂါ အထူးကု ဆရာဝန်ကြီးများရဲ့ အထူးကုသမှု လိုအပ်ပါမယ်။ ကိုယ်ဝန်မရခင်ကစလို့ မွေးပြီးနောက်အထိ တစ်လျှောက်လုံးပါ။ ကျွန်တော်တို့ OG များနဲ့ချည်း မလုံလောက်ပါ။ သမားတော်နဲ့ OG ပေါင်းစပ်ညှိနှိုင်းပြီး ကုသမှုပေးရပါတယ်။ Joint care ပေးတယ်လို့ ခေါ်ပါတယ်။
အင်ဆူလင် နေ့တိုင်းထိုးနေရသူဖြစ်ဖြစ် OHA နေ့တိုင်းသောက်နေရသူဖြစ်ဖြစ် ကလေးယူတော့မယ်၊ တားဆေးတွေရပ်တော့မယ် ဆုံးဖြတ်ရင် ဆရာသမားတော်တို့နဲ့ အရင်ဆုံးတိုင်ပင်ပါဗျ။ ဆရာတို့ကနေပြီး သွေးချို၊ ဆီးချိုရောဂါကြောင့် ကျောက်ကပ်၊ သွေးတွင်းအဆီဓာတ် စတာတွေ ဘယ်လောက်ထိခိုက်ထားတယ်၊ အခု သွေးချို၊ ဆီးချိုရောဂါကို ဘယ်လောက်ကောင်းကောင်း ထိန်းချုပ်ထားနိုင်တယ် စတာတွေ စစ်ဆေးပါမယ်။ လိုအပ်ရင် အင်ဆူလင် သို့ OHA တို့ရဲ့ပမာဏကို လိုတိုးပိုလျှော့ လုပ်ရပါတယ်ဗျ။ ကိုယ်ဝန်စတည်တည်ချင်းအချိန်မှာ သွေးချို၊ ဆီးချိုရောဂါကို ကောင်းကောင်းမထိန်းချုပ်ရင် သန္ဓေသားလေးမှာ မွေးရာပါချို့ယွင်းချက် ပါလာတာတွေ (နှလုံးမှာ၊ ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းမှာ….စသည်ဖြင့်ပေါ့) ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်နိုင်လို့ပါ။
ကျွန်တော်တို့ OG တွေဘက်ကလည်း ဆရာသမားတော်ကခွင့်ပြုလို့ ကိုယ်ဝန်ရဖို့စကြိုးစားပြီဆိုကတည်းက folic acid တစ်နေ့တစ်လုံးသောက်ပါ အကြံပြုပါတယ်ဗျ။
ကိုယ်ဝန်ရပြီသိသိချင်းလည်း ကိုယ်ဝန်သက်တမ်းကို အနီးစပ်ဆုံး အမှန်ဆုံးသိနိုင်ဖို့ dating USG scan ရိုက်ထားရပါမယ်ဗျ။ Dating Scan ကပြောတဲ့ ကိုယ်ဝန်သက်တမ်း ၂၀-၂၂ ပတ်မှာလည်း မြင်သာထင်ရှားသော မွေးရာပါချို့ယွင်းချက် ပါ/မပါ Anomaly scan USG ရိုက်ရပါမယ်ဗျ။ မပါဘူးဆိုတော့လည်း စိတ်ချလက်ချပျော်ရတာပေါ့။
မွေးရာပါချို့ယွင်းချက်ပါလာတယ်… အကြီးကြီး။ မွေးထွက်လာရင် အပြင်မှာ ဘယ်လိုမှအသက်မရှင်နိုင်ပါ (Incompatible with extrauterine life) ဆိုရင်လည်း Breaking the bad news ပေါ့ဗျာ။ သေချာရှင်းပြပြီး ကိုယ်ဝန်ကို အဆုံးသတ်ပေးလိုက်ရတာပေါ့။
မွေးရာပါချို့ယွင်းချက်ကတော့ ပါတယ်။ သို့သော် အကြီးကြီးမဟုတ်ဆိုရင်လည်း လူနာကို သေချာရှင်းပြထား၊ ပြုစုစောင့်ရှောက်ဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထား၊ လိုအပ်ရင် မွေးကင်းစကလေး အထူးကုဆရာဝန်နဲ့ ကြိုတွေ့ပေးထားပြီး ကလေးအတွက် ကုသမှုလမ်းကြောင်း Treatment Plan ကို ကြိုဆွဲထားရပါတယ်။
ကိုယ်ဝန်က ၂၂ ပတ်ပဲရှိသေး။ သမားတော်၊ OG၊ ဓာတ်မှန်ဆရာဝန်၊ ကလေးဆရာဝန် joint care ပေါင်းစပ်ညှိနိုင်းရတာတွေ အများကြီးနော။ ဒါတောင် ပထမလှိုင်းပဲရှိသေးတယ်။ နောက်ထပ်လာဦးမယ်… ဒုတိယလှိုင်း။
ဒုတိယလှိုင်းကျရင် နံပါတ် ၃ Gestational Diabetes Mellitus လူနာတွေပါ ပေါင်းလာပြီနော်။ သူတို့ကတော့ ကိုယ်ဝန်ရပြီးမှ သွေးချို၊ ဆီးချိုရောဂါဖြစ်တာဆိုတော့ ကလေးမှာ မွေးရာပါချို့ယွင်းချက်ပြဿနာတော့ မရှိဘူးပေါ့။
နံပါတ် တစ် နဲ့ နံပါတ် နှစ် လူနာတွေက ပထမလှိုင်းကို အောင်မြင်စွာကျော်ဖြတ်လာပြီ… မွေးရာပါ ချို့ယွင်းချက်မပါ၊ ပျက်မကျ၊ ကလေးလေးက ပုံမှန်အတိုင်း ဆက်လက်ကြီးထွားနေတယ်။ နံပါတ် သုံး Gestational Diabetes Mellitus လူနာတွေနဲ့ တွဲလို့ရပါပြီ။ ဒုတိယလှိုင်းပေါ့။
ကိုယ်ဝန်လရင့်လာရင် အချင်းကထုတ်တဲ့ အင်ဆူလင်ရဲ့အလုပ်ကို တားဆီးဆန့်ကျင်တဲ့ ဟော်မုန်းတွေကြောင့် အင်ဆူလင်လိုအပ်ချက် ပိုများလာပါတယ်။ ဒါကြောင့် ကိုယ်ဝန်မရခင်၊ ရခါစမှာ ချိန်ညှိပေးထားတဲ့ အင်ဆူလင် သို့ OHA ဆေးတွေရဲ့ပမာဏက ကိုယ်ဝန်လရင့်လာရင် မလုံလောက်တော့တာ ဖြစ်လာတတ်ပါတယ်။
ဆေးထိုး၊ ဆေးသောက်နေသော်ငြားလည်း ကိုယ်ဝန်သည်မိခင်လောင်းရဲ့ သွေးတွင်းအချိုဓာတ်တွေ တက်နေတတ်ပါတယ်။ အမေ့သွေးထဲမှာ အချိုဓာတ်တွေများနေရင်များသလောက် အချင်းကစုပ်ယူပြီး ကလေးဆီကို ပို့ပါတယ်။ အမေရဲ့ သွေးသကြားဓာတ် ၆၀% ကို စုပ်ယူနိုင်တယ်လို့ ဆိုပါတယ်။ အမေ့သွေးသကြားဓာတ် ၁၀၀ ဆိုရင် ကလေးသွေးသကြာဓာတ် ၆၀ ပေါ့။
အမေ့သွေးသကြားဓာတ် ၅၀၀ ဆိုရင် ကလေးသွေးသကြာဓာတ် ၃၀၀ ပေါ့။
ဆိုတော့ကာ ဆရာသမားတော်နဲ့ ကိုယ်ဝန်မဆောင်မီ ကာလလေးတစ်ခုတင် ပြသတိုင်ပင်ရမှာမဟုတ်။ သူချိန်းတဲ့အချိန်တိုင်း သွားပြပြီး ကိုယ်ဝန်လရင့်လာတာနဲ့အမျှ တိုးတက်လိုအပ်လာမယ့် အင်ဆူလင် သို့ OHA ဆေးပမာဏကို တိုးမြှင့်ညှိပေးရတာမျိုး ရှိတတ်ပါတယ်။ တချို့ အမျိုးအစား နှစ် သွေးချို၊ ဆီးချိုရောဂါတွေ OHA နဲ့ထိန်းမရတော့လို့ အင်ဆူလင် ပြောင်းရတာမျိုးတောင် ရှိတတ်ပါတယ်။ ဆရာသမားတော်ရဲ့ လမ်းညွှန်မှုအတိုင်း လိုက်ရပါတယ်။
မဟုတ်ရင် ဆေးထိုး၊ ဆေးသောက်နေသော်ငြားလည်း အမေ့သွေးတွင်းသကြားဓာတ်တွေ တက်နေပြီး ကလေးဆီကို သကြားဓာတ်တွေ အများကြီးရောက်သွားတတ်ပါတယ်။ ဒါဆိုရင် ကလေးလေးက အမေ့ဗိုက်ထဲမှာ ဆူမိုနပမ်းသမားကြီးလို ခေါင်းပုံမှန်အရွယ်နဲ့ ကိုယ်လုံးအရမ်းကြီးတဲ့ macrosomia baby ကလေးဖြစ်သွားတတ်ပါတယ်။ မွေးကင်းစကိုယ်အလေးချိန် ဆယ်ပေါင်ကျော်နဲ့ ရိုးရိုးမွေးထွက်စဉ် ခေါင်းထွက်ပြီးမှ ပခုံးကိုယ်လုံးတစ်နေတဲ့ ပြဿနာအကြီးကြီးကို ရင်ဆိုင်ရတတ်ပါတယ်။ Shoulder Dystocia လို့ ခေါ်ပါတယ်။ ကလေးသေတာ၊ အတင်းဆွဲထုတ်ရလို့ ကလေး ညှပ်ရိုးကျိုးတာ၊ လက်မောင်းရိုးကျိုးတာ၊ ပခုံးအာရုံကြောတွေဒဏ်ဖြစ်တာ စသည်ဖြင့် ဖြစ်နိုင်ပါတယ်။
ကလေး သွေးတွင်းသကြားဓာတ်တွေများလို့ရှိရင် ကလေးကြီးတာအပြင် ကလေးက သေးတွေအများကြီးပေါက်ချလို့ ကလေးရေမြွှာရည်တွေ တအားများပြီး သားအိမ်ကြီးက ကိုယ်ဝန်သက်အရ ရှိရမယ့် အရွယ်အစားထက် အများကြီး ပိုမိုကြီးမားတင်းကား နေတတ်ပါတယ်။ အဲဒီလိုဖြစ်ရင် သားအိမ်က အချိန်မတိုင်မီ ညှစ်အားပေးပြီး လမစေ့မွေးလေးတွေ ဖြစ်တတ်ပါတယ်။
ဆိုလိုတာက ကိုယ်ဝန်နဲ့ သွေးချို၊ ဆီးချိုရောဂါတွဲလို့ရှိရင် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိဖို့ အတော်ခက်ပါတယ်။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အင်ဆူလင် သို့ OHA ဆေးပမာဏ တိုးတက်လိုအပ်လာပါတယ်။ ကိုယ်ဝန်မရှိခင်ကလို တစ်နေ့တစ်နေ့ ဆေးပမာဏ ဒီလောက်ထိုး၊ ဒီလောက်သောက် ခြောက်လနေမှ ပြန်ပြ လုပ်လို့မရပါဘူး။ ဆေးပမာဏက အပတ်စဉ်နဲ့အမျှ တိုးပြီးလိုအပ်လာနိုင်ပါတယ်။ လရင့်လာလေ ဆရာသမားတော်နဲ့ ခပ်စိပ်စိပ်တိုင်ပင်ရလေပေါ့။
ဒါကြောင့် ကိုယ်ဝန်သည် သွေးချို၊ ဆီးချိုရောဂါတွေမှာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရခက်တယ်ဆိုရင်၊ USG အရ ဗိုက်ထဲကကလေးရဲ့ ခန့်မှန်းအလေးချိန် Estimated Fetal Weight EFW ၉ ပေါင်၊ ၁၀ ပေါင်လောက်ရှိတယ် ခန့်မှန်းရင်၊ ကိုယ်ဝန်သက်တမ်း ၃၈ ပတ်မှာပဲ ခွဲစိတ်မွေးဖွားဖို့ လူနာ၊ ဆရာသမားတော်၊ မေ့ဆေးဆရာ၊ ဓာတ်မှန်ဆရာ၊ ကလေးဆရာ၊ ကျွန်တော်တို့ OG စုပေါင်းတိုင်ပင်ရပါတယ်။
လမစေ့တဲ့ ပြဿနာမရှိတော့ဘူး။ Dating Scan အရ ၃၈ ပတ်လေ။ တော်တော်သေချာတယ်။ ဆရာသမားတော်လည်း ကလေးနဲ့ အချင်းထွက်သွားတော့ သွေးချို၊ ဆီးချိုရောဂါအတွက် ဆေးပမာဏချိန်ရတာ ပိုလွယ်သွားမယ်။ Gestational Diabetes Mellitus လူနာတွေဆိုရင် ကုစရာတောင် မလိုတော့ဘူး။
ကျွန်တော်တို့ OG တွေအတွက်လည်း အိပ်မက်ဆိုးကြီးဖြစ်တဲ့ ရိုးရိုးမွေးရင် ကလေးပခုံးတစ်ခြင်း shoulder Dystocia ကို ရှောင်လွှဲနိုင်မယ်။
Intraoperative glycaemic control ခွဲစိတ်မွေးဖွားစဉ် မိခင်၏ သွေးတွင်းသကြားဓာတ် ထိန်းညှိဖို့အတွက်လည်း ကြိုတင်ပြင်ဆင်လို့ရတယ်။
ကလေးကိုလည်း မွေးပြီးပြီးချင်း ကလေးဆရာဆီ အပ်လို့ရတယ်။ အမေ့ဗိုက်ထဲမှာ glucose တွေ အများကြီးရထားတဲ့ ကလေးလေးက မွေးထွက်ပြီးပြီးချင်း သူ့ဘာသာသူ နို့စို့ရတော့မယ်ဆိုတဲ့အချိန်မှာ ပြဿနာရှိတတ်တယ်။ နို့မလုံလောက်လို့ အစာကူရတာမျိုးရှိတတ်တယ်။ ကလေးဆရာရဲ့တာဝန် ဖြစ်သွားပြီပေါ့။
မွေးပြီးသွားရင် ဆရာသမားတော်က အမေကို သွေးချို၊ ဆီးချိုရောဂါအတွက် ပေးထားတဲ့ဆေးတွေကို အလျှော့အတင်း လုပ်ပေးကြတယ်။ ကလေးကိုတော့ ကလေးဆရာဝန်က အစာဝင်အောင် ကြည့်ပေးရတယ်။
…
…
စိတ်ညစ်သွားပြီလားဗျ။ အင်းပေါ့ စိတ်ညစ်စရာပေါ့။ သူများတွေအတွက် သာမန်ဂရုစိုက်မှုလေးနဲ့ ဖင်လှည့်ခေါင်းလှည့်နဲ့ ကိုယ်ဝန်ဆောင်ကိုးလတာကို လွယ်လွယ်ကူကူဖြတ်သန်းပြီး ကလေးလေးတစ်ယောက်ကို အောင်မြင်စွာ မွေးဖွားရရှိကြတယ်လေ။
သွေးချို၊ ဆီးချိုရောဂါရှင်တွေမှာတော့………
ကျွန်တော်တွေးမိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအားလုံးကလည်း သွေးချို၊ ဆီးချိုရောဂါရှင် မိခင်လောင်းတွေလိုပဲလားလို့။ သူများနိုင်ငံသားတွေ လွယ်လွယ်ကူကူနဲ့ရတဲ့ မွေးရာပါ လူ့အခွင့်အရေး ကလေးလေးကို ကျွန်တော်တို့ မွေးဖွားဖို့အတွက်ကျတော့ ခက်ခက်ခဲခဲ တိုက်ယူနေရတယ်။
အားလုံးပဲ ဖိုက်တင်းပါ။ ညီညီညွတ်ညွတ် joint care နဲ့သွားမယ်။ ကိုယ့်တာဝန်ကို ကိုယ်ကျေပြွန်စွာနဲ့သွားမယ်။ Chain of command အပြည့်နဲ့သွားမယ်။ လူ့အခွင့်အရေး ကလေးလေးကို အောင်မြင်စွာ မွေးဖွားကြမယ်။
အရေးတော်ပုံ အောင်ရမည်…။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.