လူသားတစ်ယောက်ရဲ့ တစ်ဘ၀လုံးကို ပုံဖော်ပေးနိုင်တာ လူရယ်လို့စဖြစ်လာတဲ့ ပထမဆုံးရက်ကနေ ရက် ၁၀၀၀ အထိလို့ သိပ္ပံပညာက ဆိုပါတယ်။

ဖေဖေ့သုက်ပိုးနဲ့ မေမေ့မမျိုးဥ တွေ့ဆုံအပြီး ကလေးလေးဖြစ်လာမယ့် ဆဲလ်လေးတစ်ခု စတင်ဖြစ်လာချိန်ကနေ စပြီးရေတွက်တာပါ။ မေမေ့ဗိုက်ထဲမှာက ကိုးလလွယ် ဆယ်လဖွားဆိုတော့ ရက်၂၈၀ ခန့်၊ နောက်ပြီး မွေးစကနေ အသက် ၂ နှစ်ထိဆိုတော့ ၃၆၅ ရက် ၂ ခါ အားလုံးပေါင်း ရက်ပေါင်းတစ်ထောင်ခန့်ပါ။

ဒီရက်ပေါင်းတစ်ထောင်မှာ ခန္ဓာကိုယ်ဟာ တည်ဆောက်ဆဲကာလဖြစ်တာမို့ ဘေးကပတ်၀န်းကျင် ရေခံမြေခံအခြေအနေတွေကို ကောင်းအောင်ပြုလုပ်ပေးနိုင်ရင် ကလေးရဲ့ဘဝတစ်သက်စာအထိ ကောင်းကျိုးတွေ ဖြစ်ထွန်းလာမှာပါ။ ဒါဖြင့်ရင် အခုစာဖတ်နေသူတွေကော မိမိကိုယ်မိမိ အချိန်နှောင်းပြီလို့ မယူဆပါနဲ့နော်။

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံဖြိုးမှုဟာ မိခင်၀မ်းထဲ ၁၆ ရက်သာရှိသေးတဲ့ သန္ဓေသားဘ၀ကတည်းက စပါတယ်။ တကယ်တော့​ ဒီကာလမှ မေမေတွေက ရာသီလာဖို့ရက်ကျော်တာကို စသိတာပါ။ ဒီအချိန်ထဲက ဦးနှောက်ဖွံဖြိုးမှုစလာတာ ဗိုက်ထဲ ၇ လသားဖြစ်လာတဲ့အချိန်မှာတော့ ဦးနှောက်က လူကြီးဦးနှောက်ပုံစံတောင် ဖြစ်လာပါပြီတဲ့။ ဒီတော့ မွေးလာမယ့်ကလေးလေးရဲ့ ဥာဏ်ရည်ကို အဆုံးအဖြတ်ပေးမှာက မေမေတို့ရဲ့ စားသောက်နေထိုင်မှုပါ။ ဒါကြောင့် မေမေတို့အနေနဲ့ ဆေးလိပ်ငွေ့ကိုရှူရှိုက်မိတာ၊ အရက်သေစာ သောက်စားမိတာ စတာတွေက ကလေးဦးနှောက်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိလို့ ရှောင်ကြဥ်ဖို့ အင်မတန်အရေးကြီးပါတယ်။

နောက်ပြီး ကိုယ်၀န်ဆောင်မေမေတွေရဲ့ အစာအာဟာရ မျှတမှုကလည်း အလွန်အရေးပါပြန်ပါတယ်။ ကိုယ်၀န်ဆောင်တစ်ယောက်ဟာ ကယ်လိုရီပြည့်၀ဖို့၊ အသားဓာတ်နဲ့ ကောင်းမွန်တဲ့ အဆီတွေ ပြည့်၀စွာစားသုံးဖို့ အရေးကြီးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံပါတဲ့ ကိုယ်၀န်ဆောင်အားဆေးကိုလည်း ကိုယ်၀န် ၃ လအထက်ကနေစပြီး ကလေးနို့တိုက်သည်အထိ ဆက်လက်သောက်ဖို့ လိုအပ်ပါတယ်။

ဘာကြောင့် လူတစ်ယောက်ရဲ့ဖြစ်တည်ခြင်း ပထမဆုံး ရက်(၁၀၀၀) က အရေးကြီးဆုံးဖြစ်တာလဲ 🤔

ဒီကာလလေးဟာ အလွန်ကိုအဖိုးတန်ပြီး ပြန်မရနိုင်တဲ့ နေ့ရက်လေးတွေပါတဲ့။ ဘာလို့ဆိုရင် ကလေးလေးရဲ့ ဦးနှောက်အပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ ဖွံဖြိုးမှုစတင်နေတဲ့အချိန်လေးဖြစ်လို့ အစကောင်းမှ အနှောင်းသေချာမှာပါ။ ပထမဆုံးရက် ၁၀၀၀ အတွင်းမှာ ကလေးလေးသာ အစာအာဟာရ ကောင်းမွန်စွာရရှိမယ်၊ ကောင်းမွန်စွာ ကြီးထွားဖွံဖြိုးခဲ့မယ်ဆိုရင် နောင်ကြီးလာတဲ့ကာလတွေမှာ ကျန်းမာပြီး ပညာတတ်ကြီးဖြစ်နိင်​တာ၊ အလုပ်အကိုင်မှ ၀င်ငွေကောင်းစွာ ရှာနိုင်တာတွေအထိ တွေ့ရှိလေ့လာရပါတယ်။ ဒါကြောင့်လည်း ဒီကာလမှာ အတတ်နိုင်ဆုံးရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းလိုပါတယ်။

ဒီတော့ ကိုယ်၀န်ဆောင်မိခင်အနေနဲ့ရော နို့တိုက်မိခင်အနေနဲ့ပါ အစားအစာအစုံစားဖို့ အလွန်အရေးကြီးပါတယ်။

မေမေတို့အတွက် အခုပြောပြမယ့် အစာအုပ်စု ၁၀ မျိုးကို တစ်နေ့ထဲ ၁၀ မျိုးလုံးစုံရင်တော့ အကောင်းဆုံးပါ။ အနည်းဆုံးတော့ တစ်ရက်တာအတွင်း ၅ မျိုးပါအောင် စားပေးရပါမယ်။

ဒီအစာအုပ်စုတွေကတော့

(၁) ဆန်၊ ဂျုံ၊ ပြောင်းကဲ့သို့ ကောက်နှံများ
(၂) ပဲအမျိုးမျိုး
(၃) အစေ့အဆန်များ
(၄) နို့နှင့်နို့ထွက်ပစ္စည်းများ
(၅) အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး
(၆) ဥအမျိုးမျိုး
(၇) အစိမ်းရင့်ရောင် အသီးအနှံများ
(၈) ၀ါသောအသီး၊ စိမ်းသောအရွက်နှင့် မုန်လာဥနီကဲ့သို့ ဗီတာမင်အေပါ၀င်မှုများသော အရောင်စုံသော အသီးအရွက်များ
(၉) အခြားအသီးအနှံများ
(၁၀) အခြားဟင်းသီးဟင်းရွက်များ စတာတွေပဲ ဖြစ်ပါတယ်။

အခုလို ကုန်စျေးနှုန်းတက်တဲ့ကာလမှာ မိမိပတ်၀န်းကျင်မှာရနိုင်တာ၊ အိမ်မှာခြံမှာ တစ်နိုင်စိုက်ပျိုးနိုင် ရနိုင်တာတွေကို ဦးစားပေးစားလို့ရပါတယ်။ ဥပမာ ဆယ်လမွန်ငါးမှာ အာဟာရကြွယ်၀သလို ငါးကြင်း၊ တီလားဗီးယား စတဲ့ငါးတွေမှာလည်း အာဟာရပါ၀င်တာမို့ စျေးကြီးမှ မဟုတ်ဘဲ ရေရှည်စားဖြစ်ဖို့ အစာအုပ်စုစုံဖို့ ပိုအရေးကြီးပါတယ်။

၉ လလွယ် ၁၀ လဖွား ကာလပြီးဆုံးတဲ့အခါမှာလည်း မွေးပြီးပြီးချင်း နာရီ၀က်အတွင်း မိခင်နို့တိုက်နိုင်ရင် အကောင်းဆုံးပါ။ မိခင်နို့တိုက်တဲ့အခါလည်း ပုံစံမှန်မှန်နဲ့တိုက်မယ်ဆို နို့နည်းတဲ့မိခင်၊ နို့မထွက်တဲ့မိခင်ဆိုတာ အလွန်ရှားပါတယ်။ နို့သီးခေါင်းချိုင့်၀င်တဲ့ မိခင်တွေအနေနဲ့လည်း နို့ကိုညှစ်ပြီးတိုက်တာမျိုး လုပ်နိုင်ပါတယ်။ မိခင်နို့ အောင်အောင်မြင်မြင်တိုက်နိုင်ဖို့ဆိုတာ မလွယ်ကူပါ။ ဘေးကခွန်အားပေးမှသာ၊ ကူပေးမှသာ အောင်မြင်ပါတယ်။ မိခင်နို့လောက်ကောင်းတဲ့ နို့မှုန့်မပေါ်ထွက်သေးလို့ မေမေတို့က အစားအစုံစားပြီး ရင်သွေးလေးကို ရင်ခွင်ထဲထည့်ကာ နို့ချိုသွေးတိုက်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။

နောက်ပြီး ရင်သွေးလေးကို မွေးစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ပါ။ ၆ လကစပြီး ဖြည့်စွက်စာထည့်ကျွေးရင်း ၂ နှစ်ထိ မိခင်နို့ဆက်တိုက်နိုင်ရင် အကောင်းဆုံးပါ။ မေမေတွေကတော့ ကိုယ်၀န်ဆောင်အားဆေးကို နို့တိုက်စဥ်ကာလမှာလည်း ဆက်သောက်ပေးရပါမယ်။ အထူးသဖြင့် မွေးစ ၆ လမှာ မိခင်နို့မှသာ ကလေးလေးက အာဟာရဓာတ်ရတာမို့ မေမေတို့အနေနဲ့ အထက်ပါအစာအုပ်စု ၁၀ မျိုးကို တတ်နိုင်သလောက် စုံအောင်စားပေးရပါမယ်။ နို့တိုက်ရင်ဗိုက်ဆာတာမို့ မေမေတို့ အစားများများစားဖို့ လိုပါတယ်။ နောက်ပြီး အစာအုပ်စုလည်း စုံအောင်စားတဲ့အပြင် အစားအမျိုးမျိုးကို လှည့်စားမှ ဘေဘီလေးက ဓာတ်အစုံရမှာပါ။ ဥပမာ အရွက်အုပ်စုမှာ ကန်စွန်းရွက်တစ်မျိုးတည်း ကြိုက်တာမို့ ဒီတစ်မျိုးတည်းကို မေမေတို့စားတာထက် အခြားအရွက်တွေပါ ဘေဘီလေးအတွက်စဥ်းစားပြီး စားပေးတာမျိုး လုပ်ပေးရပါမယ်။

ကလေးလေးရဲ့ ၀ေယျာ၀ေစ္စတွေက များမြောင်တာမို့ တကယ်တမ်းလက်တွေ့မှာ ဟင်းတစ်မျိုးချက်ဖို့တောင် မေမေတို့အနေနဲ့ အနိုင်နိုင်ပါ။ ဒါကြောင့် မေမေတို့ကို အာဟာရပြည့်၀ဖို့၊ ကလေးလေးဥာဏ်ရည်ဖွံဖြိုးဖို့၊ လူ့ဘောင်အတွင်း စွမ်းဆောင်ရည်မြင့်မားတဲ့ လူသားလေးတွေ ဖြစ်လာဖို့ ဘေးကနေဖေးမပေးကြဖို့နဲ့ ၀ိုင်းကူပေးကြဖို့ လိုအပ်ပါတယ်။ မေမေကို လေထမယ် အစားအစုံမစားနဲ့လို့ ၀ိုင်းပြောကြမယ့်အစား အစာအုပ်စုအစုံဖြစ်အောင် ဟင်းပို့တာ၊ ကူချက်ပေးတာ၊ အိမ်ကူရှင်းပေးတာ၊ ကလေးကူကြည့်ပေးတာ စတဲ့ကိစ္စ၀၀ကို နိုင်တဲ့ဘက်က ကူပေးဖို့လည်း သွယ်၀ိုက်စွာအရေးကြီးပြန်ပါတယ်။

ကလေးလေးက ဖြည့်စွက်စာ စားပြီဆိုရင်လည်း တစ်ကြိမ်စမ်းရင် အစားအစာတစ်မျိုးကို ၂/၃ ရက်ခန့်စမ်းပြီး တည့်ရင်တော့ နောက်အစားအစာတစ်မျိုးထပ်ထည့်ကျွေး၊ ဒိီလိုနဲ့ အစာအုပ်စုစုံအောင်၊ ကြယ်လေးတွေစုံအောင်၊ အစုံစားတတ်အောင် ကျင့်ပေးရပါမယ်။ စကျွေးစမှာ တစ်ကြိမ် နောက်၂ ကြိမ်ကနေ ၃ ကြိမ်နဲ့ တနှစ်ပြည့်တဲ့အခါ လူကြီးအစာနီးပါး စားနိုင်ရပါမယ်။ လူကြီးစားတာရဲ့ တစ်၀က်လောက် ကုန်သင့်ပါပြီ။ မေမေ့ရဲ့နို့ကိုလည်း လိုသလို ဆာသလို စို့နေသင့်ပါသေးတယ်။ နောက်ပြီး အစာ ၅ ကြိမ်ခန့် (ဖြည့်စွက်ထမင်းကဲ့သို့အစာ ၂/၃ ကြိမ်၊ အသီးနှင့်အခြားအဆာပြေ ၂/၃ ကြိမ်) စားနေသင့်ပါပြီ။

လမ်းလျှောက်စမ်းချိန်မှာတော့ ဆော့ချင်စိတ်များတာ အစားနည်းသွားတာ ပုံမှန်ပါပဲ။ ဒါပေမယ့် အစားကို ပုံမှန်အချိန်အတိုင်းစားတဲ့ အလေ့အကျင့်၊ မိသားစု ထမင်း၀ိုင်းအကျင့်လေးတွေကို ကျင့်ပေးတာမျိုးလုပ်ပေးရပါမယ်။ ကလေးလေးရဲ့ ကာကွယ်ဆေးထိုးချိန်တိုင်းမှာ ထိုးနှံရပါမယ်။ ဖွံဖြိုးမှုမိုင်တိုင်တွေ ရှိသင့်တဲ့အလျောက် ရှိရပါမယ်။ အရပ်အမြင့်နဲ့ ကို​ယ်အလေးချိန်ကိုလည်း အသက်အရွယ်အလိုက် ရှိသင့်တဲ့အထဲ ၀င်တယ်ဆိုရင်တော့ ကျန်းမာဖွံဖြိုးပြီး ဥာဏ်ရည်မြင့်မားတဲ့ သားကောင်းရတနာလေးတွေအနေနဲ့ ကြီးပြင်းလာမှာပါ။

အစားချေးများပြီး အစာအုပ်စုမစုံတဲ့ကလေး၊ ဖွံဖြိုးမှုနှေးနေပြီး ပေါင်ချိန်နည်းနေတာမျိုးဆိုရင်တော့ အာဟာရဆရာ၀န်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်….။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

Ref
Window of opportunity 1000 days (USAID)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here