ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်…

အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်‌ကလေးတွေ ပြန်ပြောပြချင်ပါတယ်။

ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ တိုက်ပေးဖို့အရေးကြီးပါတယ်။ ဓာတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ တိုက်လို့ရပါတယ်။

ဝမ်းလျှောတဲ့အခါ အန်လည်းအန်တတ်တာမို့ အရည်ကို ပမာဏနည်းနည်းနဲ့ ခဏခဏဝင်အောင် တိုက်ရပါမယ်။

ဒါ့အပြင် ဝမ်းလျှောနေတဲ့က‌လေးကို ပူပူနွေးနွေး သန့်သန့်ရှင်းရှင်း အစာကြေလွယ်စေမယ့် အစားအသောက်တွေ ကျွေးလို့ရပါတယ်။ မိခင်နို့တိုက်နေတဲ့ကလေးကို မိခင်နို့ဆက်တိုက်ပါ။
.

❓ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘယ်လိုတွေခံစားရမလဲ

  • သွေးပေါင်တွေ ကျလာမယ်။
  • နှလုံးခုန်နှုန်းတွေ မြန်လာမယ်။
  • ကြွက်တက်တာမျိုးတွေ ဖြစ်မယ်။
  • အရေပြားတွေ ခြောက်သွေ့လာမယ်။
  • ကိုယ်ခံအားကျဆင်းပြီး အဖျားတွေ ဝင်လာမယ်။
  • ပိုဆိုးရင်တော့ ရှော့ခ်ရစေပြီး အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်ပါတယ်။
    .

❓ဓာတ်ဆားရည်ကို ဘယ်လိုတိုက်ကြမလဲ

  • ကလေးဓာတ်ဆား (Low osmolarity ORS) ကို အညွှန်းအတိုင်းဖျော်ပြီး ဝမ်းသွားတဲ့ပမာဏနဲ့ ကာမိအောင် တိုက်ရပါမယ်။ BPI ဓာတ်ဆားထုပ် အစိမ်းရောင်အနေနဲ့ လာပါတယ်။
  • ဖျော်ပြီးဓာတ်ဆားကို ၂၄ နာရီအတွင်း ကုန်အောင် သောက်ရပါမယ်။
  • မကုန်ရင် သွန်ပစ်ပြီး၊ လိုအပ်ရင် အသစ်ထပ်ဖျော်ရပါမယ်။ ၂၄ နာရီကျော်ရင် အချဥ်ပေါက်ပြီး ဝမ်းပိုပျက်တတ်တာကြောင့်ပါ။
  • ရေဓာတ်ခမ်းခြောက်မှုမရှိသေးတဲ့ ကလေးတွေမှာ ဝမ်းတစ်ခါသွားပြီးတိုင်း (150ml) ပုံမှန်ရေဖန်ခွက်တစ်ဝက်ခန့် တိုက်သင့်ပါတယ်။
    .

❓ရေဓာတ်ခမ်းခြောက်မှု ရှိ/မရှိ ဘယ်လိုသိမလဲ

  • ကလေးက ရေဆာလာပါတယ်။ ရေကို အငမ်းမရသောက်ပါတယ်။ အာခေါင်ခြောက်တတ်ပါတယ်။ (ကလေးအကြီးတွေဆိုရင် ပြောတတ်ပါတယ်)
  • လသားကလေးငယ်တွေမှာ ငယ်ထိပ်ချိုင့်လာပါတယ်။
  • မျက်တွင်းချိုင့်လာပါတယ်။
  • မျက်ရည်ခန်းခြောက်လာတတ်ပါတယ်။
  • ဝမ်းဗိုက်အရေပြားကို လက်ညိုးလက်မနဲ့ အသာညှပ်ပြီးဆွဲကြည့်ရင် အရေပြားက အသားနဲ့ ချက်ချင်းပြန်ကပ်မသွားဘဲ ကျန်နေခဲ့တတ်ပါတယ်။
  • ဆီးနည်းလာပါတယ်။ (အကြမ်းဖျင်းအားဖြင့် ၆ နာရီအတွင်း ဆီးတစ်ခါမှ မသွားရင် ဆီးနည်းတယ်လို့ သတ်မှတ်လို့ရပါတယ်)
    .

❗️ဘယ်အချိန်မှာ ဆေးရုံ/ဆေးခန်းပြသင့်လဲ

  • ကလေးမှိန်းနေရင်
  • ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိနေပြီး အရည်တိုက်လို့ မဝင်ရင်
  • ဆက်တိုက်အန်နေပီး အရည်မဝင်ရင်
  • ၈ နာရီအတွင်း ဆီးတစ်ခါမှမသွားရင်
  • ဝမ်းသွားတဲ့အခါ သွေးပါရင်… အဲဒီလိုမျိုးတွေ ဖြစ်လာရင်တော့ နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို အမြန်ဆုံး သွားပြသင့်ပါတယ်။
    .

❓ဝမ်းလျှောတာကို ဘယ်လိုကုမလဲ

ဝမ်းပျက်ဝမ်းလျှောအများစုဟာ ရေဓာတ် (ဓာတ်ဆားရည်) လုံလောက်အောင် တိုက်ပေးရတာကလွဲလို့ တခြားကုသမှု မလိုတတ်ပါဘူး။ ဝမ်းပိတ်ဆေးတွေကို ကလေးတွေမှာ ပေးလေ့မရှိပါဘူး။ Pre or probiotics တွေကို ဝမ်းပျက်တဲ့ကလေးတွေမှာ ထည့်တိုက်လို့ ရပါတယ်။ တိုက်ရင် ဝမ်းလျှောတဲ့ အချိန်ကာလကို လျှော့နိုင်ပါတယ်။ Zinc ဆေးရည်/ဆေးပြားတွေကလည်း ဝမ်းလျှောတဲ့ကာလကို တိုတောင်းစေတာမို့ ပေးလို့ရပါတယ်။ လိုအပ်ရင် နီးစပ်ရာ ဆေးရုံ/ဆေးခန်းတွေမှာ သွားရောက်ပြသသင့်ပါတယ်။

ရောဂါအကြောင်းတစ်ခုခု သိလိုသည်ဖြစ်စေ၊ တစ်ခုခုခံစားရလို့ ဆရာဝန်နဲ့ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းက လူကြီးမင်းတို့အတွက် အမြဲအသင့်ရှိနေကြောင်းလည်း ပြောကြားပါရစေ။ 🤍

Reference

  • https : // www . mayoclinic . org / diseases-conditions / cholera/symptoms-causes / syc – 20355287
  • https : // www . hopkinsmedicine . org / health / conditions -and-diseases / cholera-in -children
  • ..
  • ..
  • ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
  • 👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
  • *** ပိတ်ရက်မရှိပါ ***
  • ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
  • https://m.me/telehealthmm
  • (နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
  • 👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
  • မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
  • Zero Suicide Hotline သို့ ဆက်သွယ်ရန်
  • (၁) https://t.me/zeroscbot
  • (မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
  • ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
  • *** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
  • Ministry of Health,
  • National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here