ကလေးကို မဖြစ်မနေ သန်ချပေးရမှာလား…

မြေကြီးပေါ် ဆင်းမကစားခိုင်းရင်ရော သန်ချပေးရမှာပဲလား ????

ဘယ်အရွယ်ကစပြီး သန်ချပေးရမှာလဲ…

ဘာဆေးတွေတိုက်ရမှာလဲ… စသည်ဖြင့် မိဘများမေးတတ်ကြပါတယ်။

သန်ကောင်တွေအကြောင်း အရင်ပြောကြရအောင်ပါ။ သန်ကောင်များဟာ ခန္ဓာကိုယ်သေးငယ်ကြပေမယ့် ကလေးများအတွက်တော့ ရန်သူတော်ကြီးများပါပဲ။ သန်ကောင်၊ တုတ်ကောင်၊ တုတ်ပြားကောင် စသည်ဖြင့် သန်ကောင်အမျိုးအစား အများအပြားရှိပြီး အားလုံးကတော့ ခန္ဓာကိုယ်ကို ဒုက္ခပေးကြတာချည်းပါပဲ။

အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဗိုက်အောင့် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ပိန်သွားခြင်းတို့ ဖြစ်ပါတယ်။

အချို့က ကလေးတို့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ကလေးတို့ရဲ့ အာဟာရအချို့ကို လုယူစားသောက်တတ်ကြပါတယ်။ အူလမ်းကြောင်းတစ်လျှောက်မှာ ကပ်တွယ်ပြီး ကလေးတွေရဲ့ သွေးကို စုပ်ယူတတ်ကြတဲ့ သန်ကောင်အမျိုးအစားများလည်း ရှိပါတယ်။ ကလေးတို့ရဲ့ စအိုနဲ့ လိင်အင်္ဂါတစ်ဝိုက် ယားယံစေတတ်တဲ့ တုတ်ကောင်တွေလည်း ရှိပါတယ်။

ဒီအကောင်လေးတွေက ရုတ်တရက်ကြည့်လိုက်ရင် ဆိုးရွားတဲ့ ပြဿနာမဟုတ်ဘူးလို့ ထင်ရပေမယ့် သန်ကောင်တွေကူးစက်ခံရပြီဆိုရင် ကလေးလေးက ကိုယ်အလေးချိန်ကျသွားတာ၊ ပုညှက်လာတာ၊ အစားအသောက်ပျက်တာ၊ အာဟာရချို့တဲ့တာ၊သွေးအားနည်းတာစတဲ့ အရေးကြီးတဲ့နောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။

ဒီအကောင်ဆိုးလေးတွေဟာ လူ့ခန္ဓာကိုယ်ထဲ ရောက်ပြီးရင် အူနံရံတွေထဲမှာနေထိုင်ပြီး လူ့ခန္ဓာကိုယ်ကနေ အာဟာရတွေ လုယူစားသောက်ရင်းနဲ့ ဥတွေပေါက်ပွားကြပါတယ်။ တစ်နေ့ကို ဥတွေထောင်နဲ့ သောင်းနဲ့ချီပြီး ပေါက်ကြတာပါ။ အဲ့ဒီဥတွေက မစင်ထဲပါသွားပြီး မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေကနေတစ်ဆင့် တခြားလူတွေကူးစက်ခံရပါတယ်။

ဒါ့ကြောင့် အသီးအနှံတွေကို သေချာဆေးကြောပြီးမှ ချက်ပြုတ်စားသောက်ရပါမယ်။ အသားငါးတွေလည်း အတူတူပါပဲ၊ ကျက်အောင် မချက်ပြုတ်ရင် သန်ကောင်တွေ ပါလာတတ်ပါတယ်။ မြေကြီးတွေ သဲတွေနဲ့ ဆော့ကစားပြီး လက်ကိုရေသေချာမဆေးပေးရင်လည်း ကူးစက်ခံရနိုင်ပါတယ်။

ဒီနေရာမှာ တချို့သောမိဘတွေ အမှတ်မှားနေကြတာလေးတစ်ခု ကြုံကြိုက်တုန်း ရှင်းပြချင်ပါတယ်။ အသားတွေ ကြက်ဥတွေကျွေးလို့ သန်ကောင်ကူးစက်ခံရတာ မဟုတ်ပါဘူးနော်။ အသားတွေကို ကျက်အောင်မချက်ပြုတ်ရင်သာ ကူးစက်ခံရနိုင်တာပါ။

..

..

????သန်ကောင်တွေ ကူးစက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ

ယင်လုံအိမ်သာ အသုံးပြုဖို့ အလွန်အရေးကြီးပါတယ်။ ဒုတိယအချက်က လက်ဆေးဖို့ပါပဲ။ “ ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်စေရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ” ဆိုတဲ့ မူကြိုကလေးလေးတွေ ရွတ်ပြတတ်ကြတဲ့ ကဗျာလေးထဲကလို ရေနဲ့ ဆပ်ပြာနဲ့ သေချာဆေးရမှာပါ။ ကလေးလေးတွေကို အစာမစားခင်၊ အိမ်သာကအဆင်းနဲ့ ကစားပြီးချိန်တွေမှာလက်ဆေးဖို့ သေချာသင်ပေးထားရပါမယ်။

ဖိနပ်မပါဘဲ မြေကြီးပေါ် မကစားခိုင်းသင့်ပါဘူး။ လက်သည်းခြေသည်းလေးတွေ ပုံမှန်ညှပ်ပေးရပါမယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့်လေးရှိရင် နားလည်အောင်ပြောပြပြီး ဖျောက်ပေးပါ။ သန့်ရှင်းတဲ့ သောက်ရေရဖို့လည်း အရေးကြီးပါတယ်။ အသားငါး၊ အသီးအရွက်များအားလုံးကို သေချာဆေးကြောပြီး ကျက်အောင် ချက်ပြုတ်စားသောက်ရပါမယ်။

..

..

????ဒီအတိုင်း လိုက်နာပြီး နေထိုင်စားသောက်ရင် သန်ချဆေးတိုက်ဖို့ လိုသေးလား

သယံဇာတပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ သန်ကောင်တွေ ပိုးကောင်တွေကလည်း ပေါများလှပါတယ်။ ဖေဖေမေမေ ဘိုးဘိုးဘွားဘွားတို့က ဘယ်လောက်ပဲ ဂရုစိုက်ပေမယ့် သန်ကောင်ကူးစက်ခံရနိုင်ခြေ ရှိနေသေးတာကြောင့် သန်ချဆေးတိုက်ဖို့ လိုပါသေးတယ်။

..

..

????ဘယ်အရွယ်ကစပီး သန်ချဆေးတိုက်ရမှာလဲ

အများအားဖြင့်တော့ အသက် ၂ နှစ်နဲ့အထက်ဆိုရင် သန်ချဆေးတိုက်သင့်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ပတ်ဝန်းကျင် အနေအထားတွေအရ သန်ကောင်ကူးစက်ခံရနိုင်ခြေများတယ်ဆိုရင် အသက် ၁ နှစ်နဲ့အထက်ကလေးတွေကိုလည်း သန်ချပေးသင့်ပါတယ်။

..

..

????ဘာဆေးတွေ တိုက်ရမှာလဲ၊ ဘယ်လိုတိုက်ရမှာလဲ

– အသက် ၂ နှစ်နဲ့အထက် ကလေးတွေမှာ Albendazole 400mg ညဘက် တစ်ကြိမ် တိုက်ရပါမယ်။

– အသက် ၁ နှစ်နဲ့ ၂ နှစ်ကြား ကလေးတွေကိုတော့ Albendazole 200 mg ညဘက် တစ်ကြိမ် တိုက်ရပါမယ်။

(Mebendazole 500mg ကို ညဘက် တစ်ကြိမ် တိုက်ရင်လည်း ရပါတယ်။ သူကတော့ ၁ နှစ်နဲ့ ၂ နှစ်ကြား ကလေးတွေအတွက် ဆေးပမာဏ တစ်ဝက်လျှော့ဖို့ မလိုပါဘူး)

.

သန်ချဆေးကို ၆ လတစ်ကြိမ် တိုက်သင့်ပါတယ်။

ဒါက ကာကွယ်တဲ့သဘောမျိုး တိုက်တာပါ။ အကယ်၍ ကလေးမှာ သန်ကောင်ကူးစက်ခံရတဲ့ လက္ခဏာတွေရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကုသရပါမယ်။ ဖြစ်စေတဲ့ သန်ကောင်အမျိုးအစားပေါ်မူတည်ပြီး ဆေးပမာဏနဲ့ သောက်ရမယ့် အကြိမ်အရေ မတူလို့ပါ။

တိုင်ပင်ဖို့လိုအပ်လာရင် တယ်လီကျန်းမာက အမြဲအသင့်ရှိနေတယ်ဆိုတာတော့ အထွေအထူးပြောနေဖို့ မလိုတော့ဘူးထင်ပါတယ်နော်။

….. ????ကလေးများအားလုံး ကျန်းမာရွှင်လန်းပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ ????…..

ကလေးအထူးကုဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here