ဓာတ်ရောင်ခြည်ကုထုံးကို အချို့က ဓာတ်ကင်တယ်ဆိုပြီး အလွယ်ခေါ်ကြပါတယ်။ ဒီအသုံးအနှုန်းကို ကြားရင်ဖြစ်‌‌စေ၊ ကင်ဆာရောဂါဖြစ်တယ်ဆိုတာ သိရရင်ဖြစ်စေ လူနာတွေအနေနဲ့ ရောဂါနဲ့ကုသမှုတွေကို စိတ်ပူကြကြောက်ကြမှာ အမှန်ပါပဲ။ ဓာတ်ကင်ရမယ်ပြောရင် မသိနားမလည်တဲ့လူနာတွေက နာမည်ကြားရုံနဲ့ ကုသမှုကိုလန့်သွားတတ်ပြီး ငြင်းဆန်တတ်ကြပါတယ်။ ကင်ဆာရောဂါကို မလွဲရှောင်သာ ကြုံတွေ့ရတဲ့အခါ ကုသမှုတွေကို မကြောက်ကြဖို့ ဦးစွာပြောလိုပြီး၊ ဓာတ်ရောင်ခြည်ကုထုံးဟာ အကျိုးများတဲ့ကုထုံးမို့ အငြင်းမစောဘဲ သေချာလေးလေ့လာပြီး ခံယူစေချင်ပါတယ်။

ဓာတ်ရောင်ခြည်ကုထုံးအကြောင်း အကြမ်းဖျင်းလေးသိရှိအောင် ဆက်လက်ဖတ်ကြည့်ကြပါစို့နော်။

☢️ ဓာတ်ရောင်ခြည်ကုထုံးဆိုတာဘာလဲ

ဓာတ်ရောင်ခြည်ကုထုံးကို ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာနဲ့ အခြားသော ကင်ဆာရောဂါတွေမှာ ကုထုံးအနေနဲ့ တွင်ကျယ်စွာ သုံးလေ့ရှိပါတယ်။ ဓာတ်ရောင်ခြည်ဖြာထွက်မှု မြင့်မားတဲ့အလင်းတန်းများကို ကင်ဆာတစ်ရှူးများရှိတဲ့နေရာမှာ စုစည်းကျရောက်စေခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေခြင်း (သို့မဟုတ်) ကင်ဆာဆဲလ်ပွားများမှုကို ရပ်တန့်စေခြင်းကို ဖြစ်စေပါတယ်။
.

☢️ ဓာတ်ရောင်ခြည်ကုထုံးကို ရောဂါပေါ်လိုက်ပြီး…

  • ကင်ဆာရောဂါကို အရှင်းသက်သာအောင် အဓိကကုသမှုအဖြစ် (Curative treatment)
  • ခွဲစိတ်ခြင်း၊ ဆေးသွင်းခြင်းတွေရဲ့ တွဲဘက်ကုသခြင်းအဖြစ် (adjunctive therapy)
  • ကင်ဆာပြန်ဖြစ်ခြင်း (recurrence) ကို လျှော့ချဖို့အတွက်နဲ့
  • အရှင်းကုသမရတဲ့ ကင်ဆာရောဂါတွေမှာ ကင်ဆာကြောင့်ဖြစ်ရတဲ့ အချို့ဆိုးကျိုးတွေကို အရေးပေါ်သက်သာစေဖို့ စသဖြင့် အသုံးပြုပုံတွေ ကွဲပြားပါတယ်။

(၁) ဓာတ်ရောင်ခြည်ကုသမှုကို ကင်ဆာရောဂါ အရှင်းသက်သာစေရန် အသုံးပြုခြင်း

ကင်ဆာရောဂါကို ကုသတဲ့အခါ အခြားရောဂါတွေလိုပဲ အရှင်းသက်သာအောင် ကုနိုင်တဲ့အဆင့်လား အရင်ဆုံး စဉ်းစားရပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးဟာ အရှင်းသက်သာစေတဲ့ ကုသနည်းအဖြစ် (အချို့ကင်ဆာများမှာ) အခြားကုသမှုမလိုဘဲ သူ့ချည်းဖြစ်စေ၊ ခွဲစိတ်ခြင်း စတဲ့အခြားအဓိကကုသမှုတွေနဲ့ တွဲဖက်ပြီးဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ ဒီကုသမှုကို ကင်ဆာအထူးကုက ဆုံးဖြတ်မှာဖြစ်ပြီး ကင်ဆာအမျိုးအစား၊ အဆင့်သတ်မှတ်ချက်နဲ့ လူနာရဲ့အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ရပါတယ်။

ဥပမာ – ကင်ဆာအလုံးအကျိတ်ကို ခွဲစိတ်မယ်၊ ခွဲပြီးရင် နောက်ကနေလိုက်ပြီး ဓာတ်ရောင်ခြည်ပြရတာမျိုးပါ။ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်ရှိနိုင်တဲ့ လက်ကျန်ကင်ဆာဆဲလ်တွေကို ဓာတ်ရောင်ခြည်နဲ့ ဖျက်ဆီးပစ်တာပါ။
.

(၂) ကင်ဆာရောဂါကို ထိန်းထားဖို့

အရှင်းပျောက်မကုနိုင်တဲ့ ကင်ဆာအဆင့်မျိုးဆိုရင် ကင်ဆာပိုမကြီးထွားလာအောင်၊ မပျံ့အောင် ကုသမှုလုပ်ရပါတယ်။ အဲဒီလိုအခါမျိုးမှာလည်း ဓာတ်ရောင်ခြည်ကုထုံး သုံးရပါတယ်။
.

(၃) ကင်ဆာရောဂါရဲ့ အချို့လက္ခဏာတွေကို ကုသတဲ့အခါမှာ သုံးခြင်း

ဓာတ်ရောင်ခြည်ကုထုံးဟာ ကင်ဆာကို ကျုံ့စေပြီး ကင်ဆာကြီးထွားခြင်းကြောင့်ဖြစ်ရတဲ့ နာကျင်မှုတွေနဲ့ ကင်ဆာအလုံးအကျိတ်က ဖိလို့ဖြစ်ရတဲ့ အချို့သော လက္ခဏာများကို သက်သာစေဖို့လည်း သုံးပါတယ်။

☢️ ဓာတ်ရောင်ခြည်ကုထုံး အမျိုးအစားများ

(၁) ပြင်ပမှ ကုသမှု (External Radiotherapy)

ခန္ဓာကိုယ်ပြင်ပကနေပြီး လိုအပ်တဲ့နေရာကို စက်နဲ့ချိန်ရွယ်ပြီး ကုသမှုပေးခြင်း ဖြစ်ပါတယ်။ ဥပမာ- ရင်သားကို ဓာတ်ရောင်ခြည်ပြခြင်း၊ ရင်ဘတ်၊ အရိုးများ ဓာတ်ရောင်ခြည်ပြခြင်း။

အသုံးအများဆုံး ကုသမှုအမျိုးအစားပါ။ ဓာတ်ရောင်ခြည်ထုတ်လွှတ်တဲ့ စက်ကနေ ပြင်းအားများတဲ့ X-ray လှိုင်းတွေကို အသုံးပြုပြီး ကုသလိုတဲ့ နေရာကို ကျရောက်စေခြင်း ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးစက်ကြီးများဟာ အရွယ်အစားကြီးမားပြီး အလွန်သတိရှိစွာ သုံးစွဲရတာကြောင့် ဆေးရုံအကြီးများမှာသာ ထားရှိလို့ရပါတယ်။ သာမန်ဆေးရုံများမှာ ‌ခွဲစိတ်ကုသမှု၊ ဆေးသွင်းကုသမှုများ လုပ်နိုင်ပေမယ့် ဓာတ်ရောင်ခြည်ကုသမှုလိုအပ်ရင် ထိုမြို့များဆီ သွားရမှာပါ။ (မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး)
.

ဓာတ်ရောင်ခြည်ကုသမှု လို/မလို ဘယ်လိုသိနိုင်မလဲ

လူနာဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစား၊ ကင်ဆာ အဆင့်၊ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ကင်ဆာအထူးကုက ကုထုံးကို ရေးဆွဲပါတယ်။ ဓာတ်ရောင်ခြည်ကုထုံး လိုအပ်တယ်ဆိုရင် စုစုပေါင်း ဘယ်လောက် ပမာဏပေးရမယ်‌ဆိုတာပါ တွက်ချက်ရပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုထိရောက်အောင် ထိုပမာဏကို ရက်တွေခွဲပြီး ရက်ပြည့်တဲ့အထိ ပေးရပါတယ်။ ကင်ဆာဆဲလ်များပေါ် ဓာတ်ရောင်ခြည်သက်ရောက်မှု များနိုင်သလောက်များအောင်နဲ့ ရောဂါမရှိတဲ့ဆဲလ်များကို ဓာတ်ရောင်ခြည်သက်ရောက်မှု နည်း‌နိုင်သလောက် နည်းပါးအောင် ရည်ရွယ်ပြီး လုပ်ဆောင်ရပါတယ်။

ကုသမှုမစတင်မီမှာ ကင်ဆာအထူးကုဆရာဝန်က လူနာဆီကို ဓာတ်ရောင်ခြည် ဘယ်လိုလမ်းကြောင်းပုံစံနဲ့ပေးမယ်၊ လူနာက ဘယ်လိုအနေအထားနဲ့ ရှိနေရမယ်ဆိုတာ ဆုံးဖြတ်မှာဖြစ်ပြီး ဓာတ်ရောင်ခြည်ပေးမယ့်နေရာ အရေပြားကို မှင်နဲ့ အမှတ်အသားပြုလုပ်ထားမှာ ဖြစ်ပါတယ်။ ကုသမှုအချိန်တိုင်းမှာ ထိုအမှတ်အသားကို ပစ်မှတ်ထားပြီး ဓာတ်ရောင်ခြည်ပေးမှာပါ။
.

☢️ ကုသမှုပြုလုပ်ခြင်း

လူနာဟာ အထူးပြုပြင်ထားတဲ့အခန်းထဲမှာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း လဲလျောင်းနေရမှာ ဖြစ်ပြီး ဓာတ်ရောင်ခြည်ပေးစက်က သူ့အပေါ်ကနေ ကုသမှုပြုမှာဖြစ်ပါတယ်။ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို မထိအောင် ခဲသတ္တုအကာများနဲ့ ကာထားရနိုင်ပါတယ်။ ကုထုံးပညာရှင်က လူနာကိုနေရာချပေးပြီးရင် သူက အခြားအခန်းကနေ ကုသမှုကိုကွပ်ကဲမှာပါ။ မှန် သို့မဟုတ် မော်နီတာကနေ ကြည့်နေမှာဖြစ်ပြီး လူနာစကားလှမ်းပြောတာကို သူကြားနိုင်ပါတယ်။ ကုသမှုဟာ လိုအပ်ချက်အလျောက် မိနစ်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ ကုသနေစဉ်အတွင်း လိုအပ်ချက်အရ စက်ကို နေရာချိန်ညှိတာ၊ လူ့ခန္ဓာကိုယ် အနေအထားပြောင်းတာတွေ ရှိနိုင်ပါတယ်။
.

☢️ နာကျင်မှုရှိလား

ဓာတ်ရောင်ခြည်ကုသမှုဟာ နာကျင်ခြင်း၊ ပူလောင်ခြင်း မရှိပါဘူး။ ရင်ဘတ်ဓာတ်မှန်ရိုက်တာနဲ့ တူပါတယ်။ ဒါပေမယ့် အရေပြားမှာ လောင်တာ၊ နီတာ တွေဟာ ကုသပြီးနောက် ရက်အနည်းငယ်မှာ ပေါ်လာနိုင်ပါတယ်။ လောလောလတ်လတ် ခွဲထားတဲ့ချုပ်ရိုးတွေနဲ့ အနာတွေ ဓာတ်ရောင်ခြည်ပြရတဲ့နေရာမှာ ရှိနေရင်တော့ နာကျင်မှုအနည်းငယ် ရှိနိုင်ပါတယ်။ တကယ်လို့ နာကျင်မှုခံစားရရင် တာဝန်ကျဆရာဝန်ကို ပြောရပါမယ်။

(၂) အတွင်းကနေ ကုသမှု (Internal Radiotherapy)

Implants or probes ပစ္စည်းများ ထည့်သွင်းပြီး သားအိမ်၊ ဆီးအိမ်၊ ကျင်ကြီးအိမ် စတဲ့နေရာတွေမှာဖြစ်တဲ့ ကင်ဆာကို ခန္ဓာကိုယ်အတွင်းကနေ ကုသမှုရယူခြင်းမှာ သုံးပါတယ်။ (Brachytherapy )

သိုင်းရွိုက်ကင်ဆာမှာ ရေဒီယိုသတ္တိရှိတဲ့ ဆေးရည်တိုက်ကျွေးပြီး ကုသခြင်းဟာလည်း ဒီအမျိုးအစားပါပဲ။
.

‌☢️ ဓာတ်ရောင်ခြည်ကုသမှုဟာ သင့်ကို ရေဒီယိုသတ္တိကြွမှု ဖြစ်စေနိုင်လားဆို‌တော့ မဖြစ်နိုင်ပါဘူး။ စက်ကနေ ပို့လွှတ်တဲ့ ဓာတ်ရောင်ခြည်တွေက သင့်ရဲ့ကိုယ်ထဲမှာ ကြာမြင့်စွာမနေပါဘူး။ တကယ်လို့ ကိုယ်အတွင်းထဲကို implants ထည့်တာ၊ ဆေးရည်သောက်ရတာမျိုးဆိုရင်တော့ လိုအပ်တဲ့ညွှန်ကြားမှုတွေကို လိုက်နာရနိုင်ပါတယ်။

☢️ ဘေးထွက်ဆိုးကျိုးများ

ဘေးထွက်ဆိုးကျိုးကင်းတဲ့ ကုသမှုဆိုတာ မရှိတဲ့အတွက် ဓာတ်ရောင်ခြည်ကုထုံးဟာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးရင်း မလွဲသာဘဲ ပုံမှန်ဆဲလ်တွေပါ ပျက်စီးစေတာမျိုး ရှိနိုင်ပါတယ်။ ဒီအခါ အောက်ပါဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

(၁) အဖြစ်အများဆုံးက နုံးခြင်း၊ နွမ်းနယ်ခြင်း ဖြစ်ပြီး ကုသမှုပြီးဆုံးတဲ့အထိ ကျန်နိုင်ပါတယ်။

(၂) အရေပြား နီခြင်း၊ ယားခြင်း၊ ရောင်ရမ်းခြင်း များဟာ ကုသပြီးနှစ်ပတ်ခန့်ကနေ တစ်လအထိ ရှိနိုင်ပြီး တစ်ခါတစ်ရံ နောက်ပိုင်းမှာ အဲဒီနေရာက ပုံမှန်အသားထက် ညိုသွားတာမျိုး ရှိနိုင်ပါတယ်။ ကုသနေစဉ်အတွင်း အရေပြားပြဿနာကို ဆရာဝန်ညွှန်ကြားသည်မှလွဲ၍ မိမိဘာသာ ဆေးလိမ်းခြင်း မလုပ်ရပါဘူး။

(၃) ရောင်ခြည်ပြရတဲ့ နေရာပေါ်မူတည်ပြီး ဖြစ်နိုင်တာတွေကတော့ လည်ပင်းကိုပြတဲ့အခါ ပါးစပ်နာခြင်း၊ ရောင်ခြင်း၊ ဝမ်းဗိုက်ကိုပြရင် ဝမ်းလျှောခြင်း စတာမျိုးတွေ ဖြစ်နိုင်ခြေရှိပါတယ်။

ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို အထူးကုပြတဲ့အခါ မေးမြန်းနိုင်ပါတယ်။

☢️ ဓာတ်ရောင်ခြည်ကုထုံးကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိလား

ကင်ဆာအတွက် ဓာတ်ရောင်ခြည်နဲ့ ကုသပြီးရင် ကုထုံးကြောင့် ဆင့်ပွားကင်ဆာတစ်ခု ထပ်ဖြစ်နိုင်လား စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် သုတေသနလေ့လာမှုတွေအရ ကုထုံးဟာ စိတ်ချရကြောင်း လူနာပေါင်း ၆၄၀,၀၀၀ ကျော်ကို လေ့လာခဲ့ပြီး ကောက်ချက်ချထားပြီး ဖြစ်ပါတယ်။ တွေ့ရှိချက်အရ ပျမ်းမျှအားဖြင့် ဓာတ်ရောင်ခြည်ကုထုံးခံယူသူ ၁၀၀၀ မှာ ၅ ဦးခန့်ကသာ ဓာတ်ရောင်ခြည် ကုထုံးကြောင့် ၁၅ နှစ်အတွင်း နောက်ဆက်တွဲ ကင်ဆာ ဖြစ်ပေါ်လာကြောင်း တွေ့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ကုသတယ်ဆိုတာမူတည်ပြီး အန္တရာယ်က အနည်းငယ်ကွဲပြားနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ ဓာတ်ရောင်ခြည်ကုထုံးဟာ ကင်ဆာရောဂါမှာ ‌ထိရောက်တဲ့ကုထုံးဖြစ်ပြီး သူ့ဆီကရတဲ့ အကျိုးကျေးဇူးနဲ့ နှိုင်းယှဉ်ရင်တော့ ဆိုးကျိုးများဟာ သေးငယ်တာမို့ ခြုံပြီးပြောရရင် အန္တရာယ်နည်းပါးတဲ့ ကုသမှုဖြစ်တဲ့အတွက် လိုအပ်ရင် လုပ်ဆောင်သင့်တဲ့ အရေးကြီးကုထုံးဖြစ်ကြောင်း ပြောလိုပါတယ်…။

Reference

https : // patient . info /cancer /cancer / radiotherapy # types -of- radiotherapy

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here