အိမ်မက်ဆန်တဲ့ဘဝတွေ

0
177

“အိပ်မက်ဆန်တဲ့ ဘဝတွေ”

===================

“ဆေးရုံမှာ နောက်ဆုံးကြည့်ခဲ့တဲ့ လူနာကို မှတ်မိလား” တဲ့….

ပုံမှန်မေးနေကျ Just a routine conversation လေးပါပဲ။

“ဟင့်အင်း မမှတ်မိဘူး” လို့ ပြန်ဖြေပေမယ့် စိတ်ထဲမှာတော့ “ ဆေးရုံလို့သမုတ်ထားတဲ့နေရာမှာ လူနာမကြည့်ဖြစ်တာ… ရိုးရိုးသားသားပြောရရင် မကြည့်နိုင်ခဲ့တာ ကြာပြီ” လို့ တွေးရင်း လက်က ၁..၂..၃ စသည်ဖြင့် ရေမိတယ်။

လက်တစ်ဘက်မှာရှိတဲ့ လက်ချောင်းတွေအကုန်မှာ ဆေးရုံလိုနေရာမျိုးမှာ ကျွန်တော် လူနာမကြည့်ဖြစ်တဲ့ လတွေရဲ့ အရေအတွက်ကပေါ်လာတယ်။ လူကိုယ်တိုင်ကလည်း ဆေးရုံလို့ ကိုယ်တွေသတ်မှတ်ထားတဲ့နေရာကနေ ဝေးနေပြီးတော့ ရွေ့လျားဆေးကုခန်းလေးတွေ၊ ခရီးသွားဟန်လွဲတွေပဲ ကုနေရတာကြာနေပြီကိုး…

နောက်ဆုံးစားခဲ့တဲ့အရာကို စဥ်းစားရတာတောင် လွယ်ပါဦးမယ်။ နောက်ဆုံးကြည့်ခဲ့တဲ့လူနာက မှတ်ဉာဏ်ထဲမှာ ပျောက်နေတယ်။ မှတ်ဉာဏ်တွေဆိုတာကလည်း ပရုတ်လုံးလေးတွေလို တဖြည်းဖြည်း ပါးလျသွားပြီး ပျောက်သွားတတ်တဲ့ အရာတွေပါပဲလေ…

..

..

တစ်နေ့ညက အိပ်မက်တစ်ခု မက်တယ်။ နောက်ဆုံးမက်တဲ့အိပ်မက် မဟုတ်ပေမယ့် မှတ်မိသမျှထဲမှာ နောက်ဆုံးတော့ဖြစ်နေတဲ့ အိပ်မက်ပါပဲ။

အဲ့ဒီ အိပ်မက်ထဲမှာ ကျွန်တော်နေခဲ့ဖူးတဲ့ နေရာတစ်ခုမှာ ရေတွေကြီးတယ်တဲ့။ ရေတွေက ဘယ်လောက်တောင်များလဲဆိုရင် ကျွန်တော့ရင်ဘတ်ထိ မြုပ်တယ်တဲ့…

တစ်ချို့နေရာတွေက ရေအောက်ရောက်ကုန်ကြတယ်။ တစ်ချို့တွေပဲ ခက်ခက်ခဲခဲနဲ့ ကုန်းပေါ်မှာကျန်ရစ်နေတာပေါ့လေ။ အိပ်မက်က မထူးဆန်းပေမယ့် နေ့မြင် ညပျောက်လို ဖြစ်သွားတဲ့ ရေအောက်ကအရာတွေကို နှမြောတဲ့စိတ်နဲ့ကြည့်ရင်း လန့်နိုးလာတယ်။ အပြင်မှာတော့ လသာနေတာပေါ့…

ရေတစ်ခွက်ထသောက်ပြီး ကျွန်တော် ပြန်အိပ်ဖြစ်ပါတယ်။

တကယ်တော့ အိပ်မက်ထဲက ရေတွေတင်မကပါဘူး…လောကမှာ ဘာပဲဖြစ်ဖြစ် ရှိသင့်တဲ့နေရာမှာ ရှိနေရင် အကျိုးတွေဖြစ်စေပြီး မရှိသင့်တဲ့နေရာမှာ ရှိနေရင် ဒုက္ခတောင်ပေးတတ်သေးတာ မဟုတ်လား။ (ဥပမာက အဝေးကြီးမှာမှ မဟုတ်တာ… ကြင်စိုးတို့ပဲလေ။ ခုထိ ဒုက္ခတွေ ပေးနေကြတုန်း)

..

..

မနက်ခင်းနိုးလာတော့ အိပ်မက်ထဲက ရေအကြောင်း တွေးမိရင်း ရေကြောင့်ဒုက္ခရောက်နေတုန်း ကယ်ခဲ့ဖူးတဲ့ လူနာတစ်ယောက်ကို သတိရမိတယ်။ နောက်ဆုံးကြည့်ခဲ့တဲ့ လူနာမဟုတ်ပေမယ့် နောက်ဆုံးအမှတ်ရနေတဲ့ လူနာတစ်ယောက်ပါပဲ…

လူနာကတော့ ကလေးလေး တစ်ယောက်ပါ။ ကျွန်တော်ရှိနေတဲ့ ဆေးရုံလေး (secondary health care ပေးနိုင်တဲ့ နေရာ) ကို မောလို့ဆိုပြီး ရောက်လာတာ။ ဂျူတီကျတဲ့ဆရာဝန်က ကလေးအထူးကုဖြစ်ချင်တဲ့သူ (ခုတော့ လမ်းပျောက်နေရှာတယ်)၊ သူက ကလေးကိုကြည့်ပြီး နှလုံးနှစ်ခြမ်းလုံး ညှစ်အားကျနေတာကို သတိထားမိလို့ ရှိတဲ့ USG နဲ့ ထောက်လိုက်တော့ နှလုံးရေဝိုင်းနေတဲ့ပုံစံမျိုးတွေ့ရလို့ 2nd opinion လှမ်းယူတာ…

ကျွန်တော် အဲ့အချိန်မှာ အောက်က နားတဲ့နေရာမှာ နားနေပြီ။ အချိန်က ညဘက်ကြီး။ သူ အကူအညီတောင်းလို့ ကျွန်တော်တို့ အတူတူ USG ကြည့်ကြတယ်၊ တိုင်ပင်ကြတယ်၊ ဆေးပညာရဲ့ ဖခင်စာအုပ်ဖြစ်တဲ့ Davidson ထဲက (ခုတော့ မလှန်ဖြစ်တာကြာပါပြီ) ဇယားထဲက ပြဿနာတွေ၊​ ခွဲစိတ်ဆရာဝန်တွေ သင်ပေးထားတဲ့ Beck’s triad တွေရှိတော့ USG ကို သေချာ ပြန်ကြည့်ကြတယ်…

ကလေးက မောနေပြီး ဂျီကျ၊​ ငိုယိုနေတာရယ်…oxygen ပေးထားရတာရယ်ကြောင့် ကြည့်ရခက်ပေမယ့် နှစ်ယောက်လုံးက သေချာပေါက် မှတ်ချက်ပြုဖြစ်ပါတယ်။ နှလုံးသေချာ မညှစ်နိုင်လောက်အောင် နှလုံးကိုရေဝိုင်းခြင်း (စာလိုပြောရရင် pericardial effusion with impending temponade) ပါပဲ…

ညဘက်ဆိုတော့ လူနာလွှဲပြောင်းတာ (referral) က ပြဿနာရှိတယ်။ နောက်ပြီး ဒီမှာက တိုင်းရေးပြည်ရာကြောင့် လွယ်လွယ်လွှဲပြောင်းလို့ မရဘူးလေ။​ အဲ့ဒါနဲ့ ကျွန်တော်တို့ အရေးပေါ် လုပ်ပေးလို့ရတာ မှန်သမျှ လုပ်ပေးထားပြီး ဆက်ပေးစရာ ဆေးဝါးတွေကို တိုင်ပင်ကြရတယ်..

မပြေးသော်လည်း ကန်ရာရှိဆိုသလို ဒီလိုနေရာ၊ ဒီလို အခြေအနေမှာ အဖြစ်နိုင်ဆုံးက တီဘီမှတပါး အခြားမရှိပဲလေ။ ဆိုတော့ကာ steroid ရဲ့ role က ရှိတယ်လို့ ကျွန်တော်တို့ နှစ်ယောက်လုံး သဘောတူကြတယ်။​ သဘောမတူလို့လည်း ရမှမရတာ။ ကျန်တာမှ မရှိတာ…

နှလုံးဝန်းကျင်ကအရည်တွေကို ဖောက်ထုတ်ဖို့ (pericardiocentesis လုပ်ဖို့) အတွက် အကျိုးနဲ့အပြစ်ကို ထည့်တွက်ရသေးတာကိုး။ မရရင်၊​ ပိုဆိုးလာရင်၊ အသက်အန္တရာယ်ရှိလာရင်တော့ လုပ်ကြမယ်။ ခုတော့ ရှိတာနဲ့ ဆွဲကြမယ်။ ပြီးတော့ သတ်မှတ်စံမီကုထုံးတွေဆီကလည်း သွေဖယ်သွားတာမျိုးမှ မဟုတ်တာဆိုပြီး dexa injection ကို နှစ်ယောက်လုံး ရွေးချယ်ကြတယ်…

..

..

ပြန်ဆင်းလာတော့ ကျွန်တော် အိပ်မပျော်တော့ဘူး။ ကျွန်တော့ရဲ့ အားနည်းချက်ထဲမှာ အဲ့ဒါပါတယ်။ လူနာအပေါ် focus များလွန်းတာ။​ ပြီးတော့ ထိရှလွယ်တဲ့ အုပ်စု (vulnerable groups) ဆိုရင် တစ်ခုခုလွဲမှားရင် အဆုံးအရှုံးကို မခံနိုင်တာလည်း ပါပါတယ်။

ဂျူတီကျဆရာဝန်လည်း အလားတူပဲ အိပ်ပျော်မှာ မဟုတ်ပါဘူး။ သူ ဖုန်းတော့ ထပ်မဆက်ပါဘူး။ နောက်နေ့မနက်ကျတော့ ကျွန်တော်တို့ ချက်ချင်းသွားကြည့်ဖြစ်တယ်။ ပေးထားတဲ့ ကုသမှုတွေနဲ့ စေတနာက အကျိုးပေးပါတယ်။ ကလေးက သက်သာပြီး အိပ်နေတယ်…

နောက်နှစ်ရက်အကြာမှာ အစာဝင်လာတယ်။​ ပက်လက် အိပ်နိုင်လာတယ်။ ကလေးမိဘတွေကို အထပ်ထပ်အခါခါ ရှင်းပြဖြစ်တယ်။ ဆက်ကုရမယ့် နည်းလမ်းတွေ၊​ လုပ်ရမယ့်အရာတွေ အပါအဝင်ပေါ့။ ကျွန်တော်တို့ရဲ့အစီအစဥ်က အမေကို ဓာတ်မှန်ရိုက်မယ်၊ ကလေးကို တီဘီစစ်ဆေးမှု လုပ်ကြမယ်။ ပြီးရင် သက်သာလာရင်၊ dexa လည်း တစ်ပတ် (သို့) ဆယ်ရက်ပြည့်ရင် လိုအပ်သလို လွှဲပြောင်းကုသမယ် စတာတွေပေါ့…

ငါးရက်နေတော့ တော်တော် သက်သာလာတယ်။ oxygen မလိုတော့ဘူး။ ကစားနိုင်နေပြီ။

ပြဿနာက ကလေးရဲ့မိသားစုက ကျွန်တော်တို့ရဲ့ လွှဲပြောင်းကုသမှုကို လက်မခံသေးတာ။ ဒါတွေက ဒီနိုင်ငံမှာ ကြုံနေကျအရာတွေပါပဲလေ။ လူနာနဲ့ ကျန်းမာရေးစောင့်ရှောက်သူကြားထဲက အသိပညာ ကွာခြားမှု (knowledge gap) ပါပဲ။ ကျွန်တော်ကတော့ သွားကြည့်ဖြစ်တိုင်း ပြောပြတယ်၊ ရှင်းပြတယ်။ မိဘရဲ့ ဆုံးဖြတ်ချက်ကြောင့် ကလေးကို မထိခိုက်စေချင်တာ…

တစ်ရက်မှာ သူတို့ ရွာပြန်ပြီး နတ်စားတာ လုပ်ချင်တယ်လို့ ပြောလာတယ်။ ကလေးကလည်း ခရီးသွားလို့ရတဲ့ အနေအထားမှာ ရှိနေပြီလေ။ သေချာရှင်းပြပြီး မေးဖြစ်တယ်။ ဆက်ကုရမှာနော်၊ ပြန်လာမှာ မဟုတ်လား၊ ပြန်လာမယ်လို့ ကတိပေးပါဆိုတော့ နောက်နေ့ပြန်လာမယ်လို့ ကတိပေးပြီး ပြန်သွားကြတယ်…

ပြီးတော့ ပြန်မလာတော့ပါဘူး။

စိတ်ကူးထဲကလို ရုပ်ရှင်တွေထဲကလို ပျော်စရာ ဇာတ်သိမ်းလေးက အတွေးထဲပဲ ရလိုက်တာပေါ့လေ။ လူနာရဲ့မိဘတွေကို ယုံစားမိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်ဆိုရမှာပါပဲ။ တကယ်ပဲ နတ်စားသွားတာပေါ့လို့ ခပ်ရွှတ်ရွှတ် ပြောဖြစ်ပေမယ့် စိတ်မကောင်းဖြစ်တာတော့ အမှန်ပါပဲ…

..

..

ကျွန်တော်တို့ရဲ့ ဆေးကုသမှု နယ်ပယ်မှာ လုပ်ပေးနိုင်တဲ့ ပမာဏကို သိတာ၊​ ရှင်းပြတာအပါအဝင် လိုအပ်သလို လွှဲပြောင်းကုသမှုပါ ပါဝင်ပါတယ်။ အဲ့လိုလုပ်နိုင်ဖို့ဆိုတာကလည်း သင့်တင့်လျောက်ပတ်တဲ့ ချိတ်ဆက်မှုတွေ၊ နားလည်လက်ခံမှုတွေ၊ အတိုင်းအတာ သိရှိမှုတွေ၊ ခိုင်မာတဲ့ထောက်ပံ့မှုတွေ အများကြီး လိုအပ်ပါတယ်…

အခုလို တိုင်းပြည်က အောက်တန်းစားတွေလက်ထဲ ရောက်နေတဲ့အချိန်မှာ ဒါတွေက ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေရတာ မဆန်းပေမယ့် လဲလိုက်ရတာ အသက်တွေဖြစ်နေတာကတော့ ရင်နာစရာပါပဲ…

ပြီးတော့ ကျန်းမာရေးဆိုင်ရာ အသိဉာဏ်တွေ၊ ပညာတွေကို အများကြီးမြှင့်တင်ရဦးမယ်ဆိုတာကို ဒီအဖြစ်အပျက်တွေက မီးထိုးပြနေတာပါပဲ။ အဲ့လိုလုပ်ဖို့က ခိုင်မာတဲ့စနစ်တွေ၊​ ကျယ်ပြန့်တဲ့အမြင်တွေ၊ လုပ်နိုင်ရည်စွမ်းတွေ၊ ကတိစကားထက်ပိုသာတဲ့ အာမခံချက်တွေ အများကြီး လိုအပ်နေပါသေးတယ်…

ဒါတွေက တိုင်းရင်းသားဒေသတွေမှာ တိုးလို့တောင် ဆောင်ရွက်ရဦးမှာပါပဲ။ ဒီအတွက်လည်း ကြိုးစားလုပ်ဆောင်နေပေမယ့် ကိုယ်တွေအရှေ့က လက်နဲ့ရေးရင် ခြေနဲ့ဖျက်တတ်တဲ့ လူ့အန္တတွေရဲ့ရန်ကို အရင်ဆုံး ရှင်းနိုင်မှ ဆက်လုပ်လို့ရမှာပါလေ။ မဟုတ်ရင် ကြိုးစားသမျှ အရာရာဟာ သဲထဲရေသွန်သလို ဖြစ်ရဦးမှာပဲဟာ…

..

..

ကျွန်တော်တို့ဟာ အပင်လေးတွေ ပျိုးခဲ့၊ စိုက်ခဲ့ပါတယ်။​ ရေကြည်လောင်းပြီး ပေါင်းသင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အပင်တစ်ပင် ရှင်သန်ဖို့ဆိုတာ ရေ၊ မြေ၊ ရာသီဥတုအပြင် ပတ်ဝန်းကျင်ကောင်း၊ အကာအကွယ်ကောင်းတွေလည်း အများကြီးလိုအပ်ပါတယ်။ မကာကွယ်နိုင်ခဲ့လို့ ပျက်စီးခဲ့ရတဲ့၊ မရှင်သန်နိုင်တော့တဲ့ အပင်လေးတွေကို ကြည့်ပြီး ရှင်သန်နိုင်လွန်းတဲ့ ပေါင်းပင်၊ မြက်ပင်၊ အမှိုက်တွေကို မနာလိုစိတ်၊ ဒေါသစိတ် ဖြစ်မိတာတော့ အမှန်ပါပဲလေ…

လောကဟာ သူ့ဟာသူ ဖြစ်တည်နေတာပါပဲ။ ပေါင်းပင်တွေကလည်း ရှိသမျှကို ဖျက်ဆီးဖို့ တာစူနေကြတာပါပဲ။

ကျွန်တော်တို့ဟာလည်း ပေါင်းပင်တွေ မပျိုးမိဖို့၊​ ရေမလောင်းမိဖို့၊ ကိုယ်တိုင်ကလည်း တက်သစ်စ အညွန့်တလူလူနဲ့ အပင်ပေါက်လေးတွေကို ထိန်းသိမ်းတတ်ဖို့၊ သူတို့အတွက် သင့်တော်အောင် ဖန်တီးပေးနိုင်ဖို့၊ အကောင်းဆုံးဆိုတာကို ပေးနိုင်ဖို့ စိတ်ဒဏ်ရာတွေ၊ အဆုံးအရှုံးတွေ အများကြီးကြားထဲကနေ ကြိုးစားရဦးမှာပါပဲလေ…

အိပ်မက်တွေက တကယ်ဖြစ်လာမှာလား။ အိပ်မက်ဆိုတာက တကယ်မဖြစ်လာမယ့် စိတ်ကူးထဲက အရာတွေကို မြင်မက်တဲ့ ပုံရိပ်ယောင်ပဲလား။ အခုလက်ရှိကြုံတွေ့ခံစားနေရတာတွေက အိပ်မက်တွေသာ ဖြစ်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ တစ်ခါတလေ တွေးမိပါရဲ့…..။

ဒေါက်တာနို

လွတ်မြောက်နယ်မြေ တစ်နေရာ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here