???? သတိလစ်ပြီး တက်နေတဲ့လူနာနဲ့ ကြုံရတဲ့အခါ လွယ်ကူစွာ လုပ်ဆောင်ပေးရမယ့် အချက်လေးတွေ ????

◾မိမိစိတ်ကို တည်ငြိမ်အောင်ထားပါ

ဘယ်သူမဆို တက်နေတဲ့လူနာနဲ့ လက်တွေ့ကြုံရတဲ့အခါ “ ဟဲ့ လာကြပါဦး။ လုပ်ကြပါဦး….” စသဖြင့် အလန့်တကြားတွေ ဖြစ်တတ်ကြပါတယ်။ ဒီလို မဖြစ်ပါစေနဲ့နော်။

စိတ်အေးအေးထားပါ။ တက်နေတဲ့လူနာတွေဟာ များသောအားဖြင့် မိနစ်ပိုင်းအတွင်း သူ့အလိုလို အတက်ရပ်သွားပါလိမ့်မယ်။ ဒီအချိန်တိုအတွင်း သူ့ကို ဘာတွေကူညီပေးနိုင်မလဲဆိုတာတွေကိုပဲ စိတ်အေးအေးနဲ့ လုပ်ပေးဖို့ လိုပါတယ်။ ပြာယာမခတ်ပါနဲ့နော်။ အစိုးရိမ်လည်း မလွန်ကြပါနဲ့။

◾လူနာဘေးမှာ အန္တရာယ်ရှိနိုင်တဲ့အရာတွေရှိရင် ရှင်းထုတ်ပါ

လူနာ သူ့ဟာသူ လွတ်လွတ်လပ်လပ် တက်ပါစေ။ ဘေးနားမှာ မာကျော/ချွန်ထက်တဲ့အရာဝတ္ထုတွေ (ဥပမာ။ ကျောက်တုံး၊ စားပွဲခုံ၊ မီးဖို၊ ဓား စတာတွေ) ရှိရင် ရှင်းထုတ်ပေးပါ။ တက်နေရင်း ဒီပစ္စည်းတွေနဲ့ ထိခိုက်မိသွားရင် လူနာအတွက် အန္တရာယ်ရှိနိုင်လို့ပါ (ဥပမာ။ ခေါင်းနဲ့ တစ်ခုခုကို ဆောင့်မိသွားတာမျိုး)

◾လူနာရဲ့ ခေါင်းအောက်မှာ (အင်္ကျီစ ခေါက်ထားသလိုမျိုး) အဝတ်စပျော့ပျော့နဲ့ ခုခံထားပေးပါ။

တက်နေရင်း ခေါင်းနဲ့ သံမံတလင်း (သို့) မာကျောတဲ့ အောက်ခံမြေသားတစ်ခုခုနဲ့ ဆောင့်မိမှာ စိုးလို့ပါ။

◾လူနာကို ဘေးတစောင်း အနေအထား ထားပေးပါ

ပက်လက်အနေအထားနဲ့ တက်နေရင် အသက်ရှုလမ်းကြောင်း ပိတ်ဆို့တာမျိုး ဖြစ်တတ်လို့ လူနာကို ဘေးတစ်ဖက်ဖက်ကို စောင်းပေးထားပါ။ ဘယ်ဖက်ကို စောင်းပေးနိုင်ရင် ပို​ကောင်းပါတယ်နော်။

◾လည်ပင်းတစ်ဝိုက် တင်းကျပ်တဲ့ အဝတ်အစား (သို့) လည်စည်း (သို့) အခြားတစ်ခုခု ရှိနေရင် ဖြေလျှော့ပေးပါ။

အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု မဖြစ်အောင်လို့ပါ။

တကယ်လို့ လူနာက ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရသူဖြစ်ရင် (ဘီးတပ်ကုလားထိုင်ရဲ့) ခါးပတ် ပတ်ထားရင် ဖြေလျှော့ပေးပါ။ ဘီးတပ်ကုလားထိုင်ရဲ့ ဘရိတ်ကိုလည်း ပိတ်ထားပေးပါ။ လူနာရဲ့ဦးခေါင်းကို တည့်တည့်မတ်မတ်ဖြစ်အောင် လက်နဲ့ အသာထိန်းထားပေးပါ။

◾တက်တာ ကြာတဲ့အချိန်ကို မှတ်သားထားပေးပါ

စတက်တဲ့အချိန်ကနေ ပြန်ပျောက်သွားချိန်အထိ ဘယ်နှမိနစ်ကြာတယ် ဆိုတာကို မှတ်သားရမှာပါ။ ဖြစ်နိုင်ရင် ဘေးနားမှာ အခြားအဖော်တစ်ယောက် ရှိသေးရင် လူနာတက်နေတဲ့ပုံစံကို မှတ်တမ်းတင် ဗီဒီယို ရိုက်ထားပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆရာဝန်ကို ပြန်ပြပေးပြီး ဆရာဝန်က တက်နေတဲ့ အတက်ပုံစံကိုကြည့်ပြီး ရောဂါရှာဖွေရာမှာ အထောက်အကူဖြစ်စေဖို့ပါ။ (ဗီဒီယို ရိုက်ဖို့ဟာ နောက်ဆုံးဦးစားပေး ဖြစ်ပြီး အခြားအချက်တွေ အားလုံးလုပ်ပေးဖို့က ပိုအရေးကြီးပါတယ်)

◾လူနာ အတက်ရပ်သွားပြီး သတိပြန်လည်လာချိန်မှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို သူ့ကို စိတ်အေးအေးနဲ့ သေချာလေး တည်ငြိမ်စွာ ရှင်းပြပေးပါ။

ကဲ ဒီလောက်ဆိုရင်တော့ တက်နေတဲ့လူနာနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ်လုပ်ပေးနိုင်တာတွေအားလုံး တာဝန်ကျေစွာ လုပ်ပေးပြီးသွားပါပြီနော်…. အခြား ဘာမှ လုပ်စရာမလိုပါ။

မှတ်မိအောင် ပြန်ပြောရရင်…

• စိတ်အေးအေးထားပါ

• ဘေးနားက အန္တရာယ်ရှိနိုင်တဲ့ပစ္စည်းတွေ ရှင်းပေးပါ

• ခေါင်းအောက်မှာ အဝတ်ခေါက်လေး ခံထားပေးပါ

• ဘေးတစောင်း အနေအထား ထားပါ

• တင်းကျပ်နေတဲ့ အဝတ်အစား အသုံးအဆောင်တွေရှိရင် ဖြေလျှော့ပေးပါ

• အတက်ကြာချိန်ကို မှတ်သားထားပါ

• ဖြစ်ပျက်ခဲ့သမျှကို စိတ်အေးအေးနဲ့ ပြန်ရှင်းပြပါ

ဒါပါပဲ… အခြား ဘာမှ လုပ်စရာ မလိုပါ။

အခုအချက်အလက်တွေကို CDC, NHS အစရှိတဲ့ နိုင်ငံတကာအသိအမှတ်ပြု ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ အကြံပြုထားချက်အတိုင်း ရေးသားဖော်ပြပေးထားပါတယ်။

ခေါင်းရှုပ်မှာစိုးလို့ “ မလုပ်သင့်တဲ့ အချက်တွေ” အကြောင်း ဆက်မဖတ်ချင်ရင်လည်း ရပါတယ်။ အခုနေရာမှာတင် ရပ်လိုက်ပါ။

တကယ်လို့ မှတ်သားနိုင်သေးတယ် ဆိုရင်တော့ အစိုးရိမ်လွန်ပြီး လုပ်မိလုပ်ရာ လုပ်တတ်တဲ့ အမှားလေးတွေကတော့…

????????????

.

——————-။ ။——————

.

“ သတိလစ်ပြီး တက်နေတဲ့လူနာကို မလုပ်သင့်သည့် အချက်များ”

❌ လူနာကို နေရာမရွှေ့ပါနဲ့

တအားအန္တရာယ်များတဲ့နေရာမဟုတ်ရင် လူနာကို နေရာမရွှေ့ပါနဲ့။ ဥပမာ ကားလမ်းမအလယ် တက်နေတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ တော်ကြာ တက်တာက မသေနိုင်၊ ကားတိုက်မှ ဘဝတွေ ကူးသွားမှာမို့ ဒါမျိုးဆိုရင်တော့ ရွှေ့သင့်တာပေါ့။

❌ တက်နေတဲ့ ခြေတွေလက်တွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဝိုင်းပြီး ထိန်းချုပ်/ချုပ်နှောင်ခြင်း မပြုလုပ်ရပါ။ ခြေမ ချိုးတာမျိုးတွေ မလုပ်ရပါ။

အထက်မှာ ပြောခဲ့သလို မိနစ်အနည်းငယ်အကြာမှာ သူ့ဟာသူ အတက်ရပ်သွားပါလိမ့်မယ်။ ဒီအချိန် ဘေးကနေ အသာလေးစောင့်ကြည့်ပေးပြီး လူနာ ထိခိုက်ဒဏ်ရာ မရရှိအောင်ပဲ ဂရုစိုက်ပေးပါ။

ဝိုင်းချုပ်ထားလို့၊ ​ခြေမ ချိုးလိုက်လို့၊ အခြားတစ်ခုခု လုပ်လိုက်လို့ အတက်ရပ်သွားတာ မဟုတ်ဘဲ သူ့အလိုလို အတက်ရပ်မယ့်အချိန်မှာ ကိုယ်လုပ်လိုက်တာနဲ့ တိုက်ဆိုင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ လူနာမှာ အပိုဆောင်းအနေနဲ့ နာကျင်မှုတွေသာ အဖတ်တင် ခံစားရတတ်ပါတယ်။

❌ လူနာရဲ့ ပါးစပ်ထဲကို မည်သည့်အရာမှ မထည့်ရပါ။

လျှာကိုက်မိမှာစိုးလို့ လူနာရဲ့ ပါးစပ်ထဲ ဇွန်း ဒါမှမဟုတ် အခြားမာကျောတဲ့ အရာဝတ္ထုတွေ ထည့်ထားတတ်ကြပါတယ်။ ဒါမျိုး မလုပ်ရပါဘူးနော်။ ဒီပစ္စည်းတွေဟာ သွား၊ ခံတွင်းနဲ့ မေးရိုးကို ထိခိုက်ဒဏ်ရာရရှိမှုတွေ ပိုပြီးဖြစ်စေနိုင်လို့ပါ။

❌ နှုတ်ခမ်းချင်းတေ့ပြီး အသက်ကူရှူပေးတာမျိုး လုံးဝ မလုပ်ရပါ။

တက်နေတဲ့လူနာဟာ တစ်ခါတလေ အသက်ရှုခဏရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ စိုးရိမ်စရာ မဟုတ်ပါ။ အတက်ရပ်သွားရင် (သို့) အချိန်အနည်းငယ် ကြာသွားရင် သူ့အလိုလို အသက်ပြန်ရှူလာပါလိမ့်မယ်။ လူနာကို ဘာမှမလုပ်ပါနဲ့။ အစိုးရိမ် မလွန်ပါနဲ့။

❌ ပုံမှန်လူအတိုင်း သတိကောင်းစွာ မရမချင်း လူနာကို အစာနှင့်ရေ မတိုက်ကျွေးရပါ။

အချို့လူနာတွေဟာ အတက်ရပ်ပြီး သတိပြန်လည်လာချိန်မှာ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ရှိတတ်ပေမယ့်၊ အချို့လူနာတွေကတော့ ဝေဝေဝါးဝါးနဲ့ သတိကောင်းစွာ မရသေးတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုအချိန်မှာ ရေခွံ့တိုက်တာမျိုး အစာတစ်ခုခုကျွေးတာမျိုး လုပ်မိရင် (အာရုံကြောနဲ့ ကြွက်သားတွေ ပုံမှန်အတိုင်း ကောင်းစွာ အလုပ်မလုပ်သေးတာကြောင့်) ရေသီးတာမျိုး အစာနင်တာမျိုး ဖြစ်တတ်ပါတယ်။ လုံးဝ ကောင်းစွာ ပုံမှန်လူအတိုင်း သတိရခါမှ အစာနဲ့ရေ တိုက်ကျွေးရပါမယ်နော်။

အခုပြောပြခဲ့တာလေးတွေဟာ အများပြည်သူ လွယ်လွယ်ကူကူ လုပ်ဆောင်ပေးနိုင်တဲ့ ရှေးဦးသူနာပြုစုနည်းတွေ ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ပြုလုပ်ပေးတာနဲ့တော့ နည်းနည်း ကွာခြားနိုင်ပါတယ်နော်။

ဥပမာ – ပါးစပ်ထဲ ဘာမှမထည့်ရဘူး ဆိုပေမယ့် ဆေးရုံတွေမှာကျ လူနာရဲ့ပါးစပ်ကို Mouth Guard တပ်ပြီး အထဲက အကျိအချွဲတွေကို ချွဲစုပ်စက်နဲ့ စုပ်ထုတ်ပေးတာမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် ဆေးရုံဆေးခန်းပြင်ပ တစ်နေရာရာမှာ သတိလစ်ပြီး တက်နေတဲ့လူနာတစ်ဦးနဲ့ ကြုံတွေ့ရတဲ့အခါ လုပ်ဆောင်ရမယ့်အချက်တွေ၊ ရှောင်ကြဥ်ရမယ့်အချက်တွေကို သိရှိသွားပြီလို့ မျှော်လင့်တာကြောင့်….

တကယ်ကြုံတွေ့လာရတဲ့အခါ အထက်ပါနည်းလမ်းလေးတွေအတိုင်း လူနာတွေကို စာနာနားလည် ကူညီဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်း….

အားလုံးပဲ အတက်ရောဂါအမျိုးမျိုးမှ ကင်းဝေးကြပါစေ….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here