ဒီတစ်ခါတော့ ဖတ်ရလွယ်အောင် အစာအိမ်ပိုးအကြောင်းကို အမေးအဖြေပုံစံ (Q&A type) လေးနဲ့ ရေးထားပါတယ်။ ဗဟုသုတရအောင် ဖတ်ကြည့်ကြပါဦးနော်။
Q❓: အစာအိမ်ပိုးဆိုတာ ဘာလဲ။
အစာအိမ်ပိုးဆိုတာ အစာအိမ်အက်ဆစ်တွေကြားမှာ ရှင်သန်နိုင်ပြီး အစာအိမ်နံရံကဆဲလ်များကို ပျက်စီးခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်စေနိုင်တဲ့ Helicobacter pylori ဆိုတဲ့ ဘက်တီးရီးယား (bacteria) ပိုးကို ခေါ်ခြင်းဖြစ်ပါတယ်။ H.pylori လို့လည်း ဆရာဝန်တွေ အတိုကောက်ခေါ်ကြပါတယ်။
.
Q❓ : အစာအိမ်ပိုးရှိတာ အရေးကြီးလား။
အရေးကြီးပါတယ်။ အစာအိမ်ပိုးက ဆဲလ်တွေကို ရောင်ရမ်းစေပြီး အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်ဆဲလ်တွေ ပုံပြောင်းပုံပျက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ မကုဘဲထားရင် အစာအိမ်ကင်ဆာထိ ဖြစ်စေနိုင်ပါတယ်။
H.pylori အစာအိမ်ပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Class I carcinogen (ကင်ဆာကို သေချာပေါက်ဖြစ်စေတဲ့ဓာတ်ပေါင်းတစ်ခု) အနေနဲ့ သတ်မှတ်ထားပြီး အသည်းရောင်အသားဝါ ဘီပိုး စီပိုးလို သေချာဆေးကုရမယ့် ရောဂါပိုးတစ်ခု ဖြစ်ပါတယ်။
.
Q❓: အစာအိမ်ပိုးက ခန္ဓာကိုယ်ထဲကို ဘယ်လိုရောက်လာတာလဲ။
အစာအိမ်ပိုး ကူးစက်တာကတော့ မိမိစားသုံးတဲ့ အစားအသောက်နဲ့ ရေတွေ မသန့်ဘဲ အစာအိမ်ပိုးပါလာတဲ့အခါ မိမိမှာ ကူးစက်ခံရပါတယ်။ အစာအိမ်ပိုးဟာ တံတွေးကနေလည်း ကူးစက်နိုင်ပါတယ်။ ပိုးရှိသူနဲ့ အစားအသောက် တစ်ခွက်ထဲစားတာ၊ ဇွန်း စသည် အတူမျှဝေသုံးစွဲတာတွေကလည်း ကူးစက်နိုင်ပါတယ်။
.
Q❓: အစာအိမ်ပိုး ခန္ဓာကိုယ်ထဲဝင်ရင် လက္ခဏာပြလား။
အများစုကတော့ ပိုးဝင်တာနဲ့ လက္ခဏာမပြတတ်ပါဘူး။ အစာအိမ်ပိုးကြောင့် အစာအိမ်ရောင်ရမ်းမှုတွေ ဖြစ်လာရင်တော့ အစာမကြေ၊ ရင်ပြည့်တာ၊ ဗိုက်အောင့်တာ၊ လေတက်တာ၊ ပျို့အန်ချင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
.
Q❓: အစာအိမ်ပိုးကို ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။
အစာအိမ်ပိုးကို ရှာဖွေနည်းတွေ အများကြီးရှိပါတယ်။
လွယ်ကူတဲ့ နည်းလမ်းတွေကတော့. . .
- Urea breath test (ခေါ်) လေမှုတ်ပြီး အစာအိမ်ပိုးစစ်ခြင်း
- Stool antigen test (ခေါ်) ဝမ်းစစ်ပြီး အစာအိမ်ပိုးရှာခြင်းတွေကို လုပ်နိုင်ပါတယ်။
- အစာအိမ်မှန်ပြောင်းကြည့်တဲ့သူတွေအတွက် မှန်ပြောင်းကြည့်ရင်း တစ်ခါတည်း အသားစယူပိုးစစ်ခြင်းတွေကို လုပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ အစာအိမ် နံရံတွေ အခြေအနေကို မျက်မြင်က်ိုယ်တွေ့ သိနိုင်ပြီး အစာအိမ်ပိုးကိုပါ တစ်ပါတည်းသိလို့ရပါတယ်။
- H.pylori serology (ခေါ်) သွေးထဲက အစာအိမ်ပိုးရဲ့ Antibody ရှာခြင်းကတော့ မှန်ကန်မှုနှုန်းနည်းပြီး ကုသမှုမှာ အသုံးဝင်မှုနည်းပါတယ်။ အရင်ကဖြစ်ခဲ့တာလား၊ အခုရောဂါပိုးရှိနေတုန်းလားဆိုတာကို မခွဲနိုင်လို့ပါ။
.
Q❓: ဘယ်လိုလူတွေမှာ အစာအိမ်ပိုးစစ်ပြီး ကုသင့်လဲ။
အစာအိမ်ပိုးစစ်ခြင်းကို . . .
- အစာမကြေခြင်းနဲ့ အစာအိမ်လက္ခဏာ ခံစားရတဲ့သူတွေ
- အစာအိမ်အနာရှိတဲ့သူတွေ
- သွေးကျဲဆေး ရေရှည်သောက်နေတဲ့သူတွေ
- အစာအိမ်အက်ဆစ်ထိန်းဆေးတွေ ရေရှည်သောက်နေတဲ့သူတွေ
- အကိုက်အခဲပျောက်ဆေး ရေရှည်သောက်တဲ့သူတွေ
- ဘာကြောင့်မှန်းမသိ သံဓာတ်အားနည်းရောဂါ၊ သွေးဥမွှားနည်းတဲ့ Immune thrombocytopenia ရောဂါ ဖြစ်ပွားနေသူတွေ
- အစာအိမ်ကင်ဆာ ဖြစ်ဖူးတဲ့သူတွေ
- အစာအိမ်ကင်ဆာ မျိုးရိုးရှိတဲ့သူတွေမှာ စစ်ဆေးပြီး တွေ့ရင် ကုသသင့်ပါတယ်။
- အတူနေမိသားစုမှာ အစာအိမ်ပိုးရှိတဲ့သူတွေလည်း စစ်ပြီး ကုသင့်ပါတယ်။
.
Q❓: အစာအိမ်ပိုးကို ဘယ်လိုကုသလဲ။
အစာအိမ်ပိုးဟာ ဘက်တီးရီးယား ဖြစ်တာကြောင့် ပိုးသတ်ဆေးတွေ သောက်ရမှာပါ။
အစာအိမ်ပိုးသတ်နည်း Regime တွေ အများကြီး ရှိပါတယ်။ နိုင်ငံနဲ့ ပိုးသတ်ဆေးသုံးစွဲပုံတွေ၊ ဆေးယဉ်ပါးမှုတွေအလိုက် ကွာခြားတတ်ပါတယ်။
ပထမဦးစားပေး နည်းလမ်းကတော့ . . .
အစာအိမ်အက်ဆစ်ထိန်းဆေး (Proton pump inhibitors)၊ ပိုးသတ်ဆေး ၂ မျိုးနဲ့ Bismuth compound တို့ကို အသုံးပြုပြီး ဆေး (၄) မျိုးကို (၂) ပတ်ကြာအောင် သောက်နည်းဖြစ်ပါတယ်။ ဒီဆေးတွေဟာ လွယ်လွယ်ကူကူဝယ်လို့ရပြီး ဈေးလည်းသင့်တင့်ပါတယ်။ သေချာသောက်ဖို့ပဲ လိုပါတယ်။
.
Q❓: ပိုးကုတဲ့ဆေးတွေက ဆိုးကျိုးရှိလား။
ရှိပါတယ်။ ဆေးအားလုံးဟာ ဘေးထွက်ဆိုးကျိုး မကင်းပါဘူး။ ပိုးသတ်ဆေးတွေ ဖြစ်တာကြောင့် အချို့တွေမှာ ဝမ်းပျက်၊ အစားပျက်၊ နုံးတာ၊ ပါးစပ်ခါးတာ တွေ ဖြစ်နိုင်ပါတယ်။
Bismuth compound ဟာ ဝမ်းအမည်းရောင်သွားတာ၊ လျှာမည်းတာတွေ ဖြစ်နိုင်ပါတယ်။
Metronidazole ဟာ အရက်ဘီယာနဲ့အတူ မသောက်ရပါဘူး။
ဘေးထွက်ဆိုးကျိုးတွေက ရေရှည်ပြဿနာတွေ မဟုတ်ဘဲ ဆေးသောက်တဲ့ ခဏတာအတွင်းသာ ခံစားရမှာပါ။ အစာအိမ်ပိုးပျောက်ကင်းခြင်းဟာ အစာအိမ်လက္ခဏာတွေကို ပျောက်ကင်းစေနိုင်ရုံမက အစာအိမ်ရောဂါဖြစ်ပွားမှုကိုပါ ကာကွယ်နိုင်ပါတယ်။ ဆေးရဲ့ ဆိုးကျိုးနဲ့ယှဉ်ရင် ကောင်းကျိုးကသာလွန်တာမို့ ဒီလက္ခဏာတွေ ခံစားရရင်လည်း ဆေးကို (၂) ပတ်ပြည့်အောင် ပမာဏမှန်မှန်နဲ့ သေချာလေးသောက်ဖို့ အကြံပြုချင်ပါတယ်။
ပိုးသတ်ဆေးတွေက ဆေးမတည့်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆေးသောက်ရင်း မတည့်တဲ့လက္ခဏာတွေ (အယားကွက်ထွက်တာ၊ အသားယားတာ) စတဲ့လက္ခဏာတွေ ပေါ်လာရင် ဆေးပေးတဲ့ဆရာဝန်ကို အမြန် ပြန်ပြောပါ။ မိမိမတည့်တဲ့ဆေးတွေကိုလည်း ဆရာဝန်ကို ကြိုပြောထားဖို့ မမေ့ပါနဲ့နော်။
.
Q❓: ပိုးသတ်ဆေးတွေ သောက်ရတာများတော့ မခံနိုင်ဘူး။ ဆေးတွေပေါင်းထားတဲ့ ကဒ် (H. Pylori combination Kit) တွေ သောက်လို့ရလား။
မရပါ။ ဆေးပေါင်း (Kit) တွေမှာပါတဲ့ ပမာဏနဲ့ဆေးတွေဟာ ယခုခေတ်ရဲ့ H.pylori ပိုးတွေကို သေစေဖို့မစွမ်းနိုင်ပါဘူး။ အစာအိမ်ပိုးရဲ့ ပိုးသတ်ဆေးကိုခံနိုင်ရည်အား (drug resistance) တွေ တိုးလာတဲ့အတွက် ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတကာ ကုသမှုလမ်းညွှန်မ်းညွှန်ချက် (guidelines) တွေမှာ combination kit သောက်ခြင်းကို အားမပေးဘဲ ဆေးတစ်မျိုးစီ ဆေးပမာဏ (dose) အပြည့်သောက်ခြင်းကိုပဲ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
.
Q❓: ဆေးသောက်ပြီးရင် ပိုးပြန်စစ်ရသေးလား။
ပိုးသတ်ဆေးကို (၂) ပတ်ပြည့်အောင်သောက်ပြီး (၄) ပတ်ကြာရင် ပိုးကုန်/မကုန် ပြန်စစ်ရပါမယ်နော်။ မှန်ပြောင်းကြည့်ပြီး အစာအိမ်ပိုးတွေ့တဲ့သူတွေမှာ တခြားလိုအပ်တဲ့အကြောင်းကြောင့်မဟုတ်ရင် မှန်ပြောင်းပြန်စစ်ဖို့မလိုဘဲ တခြားနည်းနဲ့ ပိုးရှာနိုင်ပါတယ်။
ပြန်စစ်တဲ့အခါ ပိုမိုမှန်ကန်တဲ့အဖြေရအောင် အစာအိမ်အက်ဆစ်ထိန်းဆေး (PPI) များကို (၂) ပတ်ကြိုရပ်ခြင်း၊ Bismuth နဲ့ ပိုးသတ်ဆေးများကို (၄) ပတ်ကြိုရပ်ခြင်း ပြုလုပ်သင့်ပါတယ်။
.
Q❓: ဆေးသောက်လိုက်ရင် ပိုးပျောက်ပြီလား။
ပိုးသတ်ဆေးကို နည်းမှန်လမ်းမှန်နဲ့ ပမာဏပြည့်အောင်သောက်ရင် ပိုးပျောက်နှုန်းများပါတယ်။ ဆေးသောက်ပြီး ပိုးပြန်စစ်တဲ့အခါ ပိုးမကုန်သေးရင် နောက် ဆေးနည်းထပ်သောက်ပြီး ပိုးကိုသတ်ရမှာဖြစ်ပါတယ်။
.
Q❓: ပိုးရှိလည်း ဆေးမသောက်ဘဲ ကိုယ်ခံအားနဲ့ မပျောက်နိုင်ဘူးလား။
No ပါ။ အစာအိမ်ပိုးဟာ ကိုယ်ခံအားနဲ့ပျောက်ဖို့ ခဲယဉ်းပါတယ်။ ရေရှည်မှာ ကင်ဆာထိဖြစ်နိုင်တာမို့ ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးတွေကို သေချာစွာသောက်ဖို့ပဲ မှာချင်ပါတယ်။
.
Q❓: H. pylori ဟာ အစာအိမ်ကင်ဆာ ဖြစ်စေနိုင်တာလား။
ဟုတ်ပါတယ်။ ရောဂါပိုးဟာ ကာလကြာရှည် မကုဘဲ ထားတဲ့အခါ အစာအိမ်ကင်ဆာနဲ့ MALT lymphoma လို့ခေါ်တဲ့ အစာခြေစနစ်ရဲ့ ပြန်ရည်ကြောကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ပိုးသတ်ဆေးကို ရက်သတ္တပတ် (၂) ပတ်ခန့် သောက်သုံးရုံနဲ့ ကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်တာမို့ ဆေးကိုသေချာသောက်သုံးပြီး ပိုးသတ်သင့်ပါတယ်။
.
Q❓: အစာအိမ်ပိုးကူးစက်မှုကို ဘယ်လိုကာကွယ်နိုင်မလဲ။
လက်ကို မှန်မှန်ဆေးပါ။ အစားအသောက် အသုံးအဆောင်များကို တစ်ပန်းကန်ထဲ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ သန့်ရှင်းသောရေကို သောက်ပါ။ သန့်ရှင်းစွာ ချက်ပြုတ်ထားသော အစားအစာကို စားပါ။
အစာအိမ်ပိုးရှိလျှင် သေချာစွာ စစ်ဆေးကုသပါလို့ အကြံပြုလိုက်ပါရစေနော်…။
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
Reference: 📖
ACG clinical guideline: Treatment of Helicobacter pylori infection, 2024, the American College of Gastroenterology.
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.