“ သွေးအားကောင်းချင်ရင် ဟင်းနုနွယ်များများစား” လို့ လူကြီးသူမတွေ ပြောတာကြားဖူးကြမယ် ထင်ပါတယ်….
သံဓာတ်ပြည့်ဝလို့ သွေးအားကောင်းစေရုံသာမက ဆေးဖက်ဝင်အရွက်လို့ တင်စားလို့ရတဲ့ ဟင်းနုနွယ်ရဲ့ ကောင်းကျိုးအဖြာဖြာကို အခုပိုစ့်လေးမှာ ပြောပြပေးသွားမှာပါ။
…
…
????ဟင်းနုနွယ် ၁၀၀ ဂရမ် (gram) မှာ ပါဝင်တဲ့ အဖိုးတန်အာဟာရဓာတ်တွေကတော့…
* ကယ်လ်လိုရီ ၂၃ ယူနစ်
* ကာဗိုဟိုက်ဒရိတ် ၃.၆ ဂရမ် (g)
* ပရိုတင်းဓာတ် ၂.၉ ဂရမ် (g)
* အမျှင်ဓာတ် ၂.၂ ဂရမ် (g)
* ဗီတာမင် C
* ဗီတာမင် A
* ဗီတာမင် K1
* ဖောလိတ်ဓာတ် (folate)
* သံဓာတ်
* ကယ်လ်ဆီယမ်
* ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Anti-oxidants) တွေပဲ ဖြစ်ပါတယ်။
…
…
အခြား အကျိုးကျေးဇူးတွေ အနေနဲ့ကတော့…….
⦿ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Anti-oxidants) ပါဝင်မှု မြင့်မားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကင်ဆာနဲ့ အခြားနာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
.
⦿ အမြင်အာရုံအတွက် အထောက်အကူပြုပါတယ်။
ဟင်းနုနွယ်မှာ ပါဝင်တဲ့ beta-carotene, lutein, xanthene စတဲ့ အာဟာရဓာတ်တွေက အမြင်အာရုံကို အားကောင်းစေပါတယ်။
မျက်စိ နီရဲရောင်ရမ်းတာ၊ ယားတာတွေအတွက် အသုံးဝင်ရုံသာမက အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ မျက်လုံးအာရုံခံအလွှာ ပျက်ယွင်းခြင်းနဲ့ မျက်လုံးအတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
.
⦿ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
ဗီတာမင်အေ ကြွယ်ဝတာမို့ ခန္ဓာကိုယ်ရဲ့ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းတွေရဲ့ အမြှေးပါးနေရာတွေကို ကျန်းမာစေတဲ့အတွက် ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်ခြင်းကို ကာကွယ်ပေးပါတယ်။ သွေးဖြူဥဆဲလ်တွေ များစေပြီး ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။
.
⦿ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတာမို့ အစာခြေစနစ်ကို အထောက်အကူပြုရုံသာမက အမျှင်ဓာတ်ရဲ့ ရေကိုစုပ်ယူနိုင်တဲ့ အာနိသင်ကြောင့် ဝမ်းချုပ်သက်သာစေပြီး အူမကြီးလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ .
⦿ အသားအရေ ကြည်လင်စေပြီး ဝက်ခြံထွက်ခြင်းကို သက်သာစေပါတယ်။
ဗီတာမင် အေ၊ ဗီတာမင် စီ နဲ့ ဖောလိတ်ဓာတ်က အရေပြားဆဲလ်တွေ အသစ်ဖြစ်ခြင်းကို အားပေးပါတယ်။ ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကိုလည်း ကာကွယ်ပေးတာမို့ အရွယ်တင်နုပျိုစေပြီး ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။
.
⦿ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှုနည်းပြီး အာဟာရဓာတ်တွေ ကြွယ်ဝတာမို့ ကိုယ်အလေးချိန်ထိန်းညှိချင်တယ်ဆိုရင် စားသုံးသင့်ပါတယ်။
.
⦿ သံဓာတ်ကြွယ်ဝတဲ့အတွက် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
..
..
???? အထူးသတိပြုစရာအနေနဲ့…
• ဟင်းနုနွယ်နဲ့ ဓာတ်မတည့်မှုရှိရင် မစားသုံးသင့်ပါ။
• ဟင်းနုနွယ်မှာ ဆီးကျောက်အနည်ကျခြင်းနဲ့ ကျောက်တည်ခြင်းကို ဖြစ်စေနိုင်တဲ့ oxalate ဓာတ် ပါဝင်နှုန်း များပါတယ်။ ဒါကြောင့် မိမိမှာ ဆီးကျောက်တည်ရောဂါရှိနေပြီး ဆရာဝန်ကလည်း oxalate ဓာတ် လျှော့စားဖို့လိုတယ်လို့ အကြံပြုထားရင်တော့ ဟင်းနုနွယ်ရွက်ကို အများကြီး မစားသင့်ပါဘူး။ oxalate ဓာတ်ပါဝင်နှုန်း လျော့နည်းသွားအောင် ရေလုံပြုတ်ပြီးမှ အနည်းငယ်သာ စားသုံးသင့်ပါတယ်။
• သွေးခဲစေတဲ့ Vitamin K ဓာတ် ပါဝင်တဲ့အတွက် သွေးကျဲဆေးသောက်နေရသူများအနေနဲ့ ဂရုစိုက်ပြီး စားသုံးသင့်ပါတယ်။
????Reference
https: // www . healthline . com /nutrition/foods/spinach
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.