သားအိမ်ထုတ်ထားတဲ့အမျိုးသမီးတွေအကြောင်း မပြောခင် အရင်ဆုံးအနေနဲ့…သားအိမ်မထုတ်ခင် စပ်ကြားအခြေအနေလေးက စချင်ပါတယ်
( အမျိုးသမီးရောဂါတစ်မျိုးမျိုးကြောင့် ) သားအိမ် ထုတ်ဖို့လိုအပ်ကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်က ရှင်းလင်းပြောပြတဲ့အခါ လူနာနဲ့လူနာရှင်တို့က သေချာစွာ မှတ်သားရပါမယ်။
ခွဲစိတ်ချိန်က ဆေးရုံမှတ်တမ်းစာအုပ်ကို မပျောက်ပျက်အောင်ထိန်းသိမ်းထားဖို့လိုသလို မိမိရဲ့ရောဂါအကြောင်း ၊ ဆေးကုသခံယူခဲ့မှုများအကြောင်းကိုလည်း (Medicine/Surgery) အကြမ်းဖျင်းနားလည်သဘောပေါက်ပြီး နောင်တစ်ချိန် လိုအပ်လာချိန်မှာ တိတိကျကျ ပြန်ပြောပြနိုင်ရပါမယ်။
ခွဲစိတ်မှုပြုခဲ့တဲ့ အတိုင်းအတာပမာဏ ( ဥပမာ- သားအိမ်ကိုပဲ ထုတ်တာလား? သားဥအိမ်ရော ပါသေးလား ? မွေးလမ်းကြောင်းအထက်ပိုင်း ၁လက်မ/ မွေးလမ်းကြောင်း၃ပုံတပုံ ဖယ်ထုတ်သေးလား? ) ဒါတွေလည်း သိထားဖို့လိုပါမယ်ဆိုတာလေး အသိပေးလိုပါတယ်
ဒါမှသာ နောက်ဆက်တွဲတစ်ခုခုရှိလာခဲ့ရင် ကုသပေးရမယ့်ဆရာဝန်အတွက် အဆင်ပြေနိုင်မှာမို့လို့ပါ
…
…
…
သားအိမ်ထုတ်ထားတာရဲ့ နောက်ဆက်တွဲ ဘာတွေသတိထားရမလဲ ဆက်ကြည့်ရအောင်ပါ
(၁) သားအိမ်နဲ့ သားဥအိမ်ပါထုတ်ထားရင်တော့ (TAH+BSO) ဟော်မုန်းထုတ်ပေးတဲ့ သားဥအိမ်မရှိတော့တာကြောင့် အသက်ငယ်ငယ် အမျိုးသမီးများအနေနဲ့ သွေးဆုံးပြီးသားအမျိုးသမီးများလို အရိုးပါး အရိုးပွနဲ့ ဟော်မုန်းမညီမျှခြင်းတို့ကို ခံစားရနိုင်ပါတယ်။
( Early Menopausal symptoms ) အရွယ်မတိုင်ခင်မှာပဲ သွေးဆုံးကိုင်လက္ခဏာတွေကို ခံစားရနိုင်ပါတယ်
(မျက်နှာ ၊ လည်ပင်းပိုင်း၊ ရင်ဘက်ပိုင်းတွေမှာ ပူလောင်အိုက်စပ်သကဲ့သို့ ခံစားရခြင်း ၊ ညဘက်အိပ်မပျော်ခြင်း ၊ ညဘက်ချွေးထွက်များခြင်း ၊ vaginal dryness လို့ခေါ်တဲ့မွေးလမ်းကြောင်းခြောက်သွေ့နာကျင်ခြင်း)
ဒီ့အတွက် ဆရာ၀န်နဲ့တိုင်ပင်ပြီး ဟော်မုန်းအစားထိုးကုသခြင်း ၊ အရိုးပါး အရိုးပွရောဂါအတွက် ဖြည့်စွက်ဆေးဝါးများသောက်သုံးခြင်း စတဲ့ကုသမှုတွေခံယူပြီး သွေးဆုံးကိုင်ချိန်ကဲ့သို့ ဝေဒနာများကိုထိန်းသိမ်းကုသလို့ ရပါတယ်
(၂) သားအိမ်နဲ့ သားဥအိမ်ကိုထုတ်ထားတဲ့ အမျိုးသမီးများအဖို့ အထက်ပါခံစားရမှုတွေအပြင် ဝမ်းဗိုက်ပေါ်မှာ ဒေါင်လိုက်ခွဲကြောင်းနဲ့ ခွဲစိတ်မှုပြုလုပ်ထားရင် ခွဲကြောင်းကျွံထွက်တဲ့ရောဂါ (incisional hernia) ဖြစ်နိုင်ပါသေးတယ်။
ဒါ့ကြောင့် ခွဲပြီး (၃)လကနေ (၆)လအတွင်း ချောင်းမဆိုး၊ ၀မ်းမချုပ်စေဖို့နဲ့ အလေးအပင် မ မမိိစေဖို့အရေးကြီးပါတယ်။
အရင်တုန်းက (၂)ခါ ခွဲမွေးဖူးတဲ့အမျိုးသမီးတွေမှာ လိုအပ်လာရင် နောက်ဆုံးအခေါက်မှာ ဒေါင်လိုက်ခွဲစိတ်မှုကို ရွေးချယ်ရတတ်ပါတယ်။
ပုံမှန်အားဖြင့်တော့ အောက်ပိုင်းကန့်လန့်ဖြတ် ခွဲကြောင်းတွေမှာ Incisional Hernia တွေ့ရခဲပါတယ်
(၃) မွေးလမ်းကြောင်းပါသောခွဲစိတ်မှု/ မွေးလမ်းကြောင်းမှတစ်ဆင့်ပြုမူသောခွဲစိတ်မှု
( Modified radical and radical Surgery )တွေမှာတော့ မွေးလမ်းကြောင်းအထက်ပိုင်း ၁လက်မ (သို့ ) ၄ပုံ၁ပုံ (သို့) ၃ပုံ၁ပုံမျှကို ဖယ်ထုတ်ထားရတတ်ပါတယ်။
( Simple extrafascial surgery )မှာတော့ မွေးလမ်းကြောင်းကိုမဖယ်ထုတ်ဘဲ ထားခဲ့တတ်ပါတယ်။
မွေးလမ်းကြောင်းထုတ်ထားတဲ့ ခွဲစိတ်မှုပေါ်မူတည်ပြီး သံ၀ါသအမှု ပြုနိုင်ခြင်း/မပြုနိုင်ခြင်း ကွာခြား နိုင်ပါတယ်။
ဘယ်လိုပဲခွဲထား ခွဲထား…. သံ၀ါသမှုကို ရှောင်ဖို့ ဆရာ၀န်ကညွှန်ကြားထားခဲ့ရင်တော့ မဖြစ်မနေလိုက်နာရပါမယ်
(၄) နောက်ဆုံးတစ်ချက်အနေနဲ့ သားအိမ်ထုတ်ထားတဲ့အမျိုးသမီးတွေမှာ Vaginal granulation ( အနာချုပ်တဲ့ပစ္စည်းပေါ်မူတည်ပြီး မွေးလမ်းကြောင်းချုပ်ရိုး အနာမှေးထူတက်ခြင်း)နဲ့ Vaginal prolapse ( မွေးလမ်းကြောင်းကျွံခြင်း )တို့ကိုလည်း ခံစားရနိုင်ပါတယ်။
မွေးလမ်းကြောင်းကျွံခြင်း (Vaginal prolapse)မဖြစ်ရအောင် အလေးအပင်မခြင်းကို ရှောင်ကျဥ်သင့်သလို ဆီးအောင့်ခြင်းကိုလည်း လုံး၀မပြုမူမိပါစေဖို့ အရေးကြီးပါတယ်
မွေးလမ်းကြောင်းကနေ တစ်ခုခု တစ်စို့စို့နဲ့ထွက်သလိုခံစားမိရင် ကိုယ်တိုင် စမ်းသပ်စစ်ဆေးမှုမလုပ်ဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းပြသင့်ပါတယ်။ လိုအပ်လို့ ဆရာဝန်က ခွဲစိတ်မှုတွေထပ်လုပ်ဖို့ ညွှန်ကြားလာရင်လည်း လိုက်နာရပါမယ်
…
…
…
ဒါ့ကြောင့် သားအိမ်ထုတ်ပြီးနောက်ဆက်တွဲဝေဒနာတွေဟာ လူနာကိုယ်တိုင် သတိပြုရှောင်ကျဉ်ဖို့လိုသလို သက်ဆိုင်ရာဆရာဝန်နဲ့ ပြန်လည်ဆွေးနွေးပြသခြင်းဖြင့်လည်း ကာကွယ်ကုသနိုင်ကြောင်း ဗဟုသုတ မျှဝေလိုပါတယ်
အမျိုးသမီးရောဂါအများကြီးရှိတဲ့ထဲကမှ တချို့အရေးကြီးတဲ့ဟာတွေ (ဥပမာ – သားအိမ်ကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ ၊ မျိုးဥအိမ်ကင်ဆာ ) စတာတွေဖြစ်လာခဲ့ရင် အကောင်းမွန်ဆုံး အထိရောက်ဆုံး ကုသပေးနိုင်တဲ့(Hysterectomy)ခေါ် သားအိမ်ထုတ်ခြင်းကို မကြောက်မရွံ့ ရွေးချယ်နိုင်ကြစေဖို့လည်း တိုက်တွန်းလိုပါတယ်
သားအိမ်ထုတ်ပြီးရင်လည်း အရင်လို လှပပျော်ရွှင်စွာနေလို့ရကြောင်း ၊ မိမိရဲ့လက်တွဲဖော်နဲ့လည်း ချစ်ခင်ပျော်ရွှင်စွာနေနိုင်ပါသေးကြောင်း ၊ ဆရာဝန်ညွှန်ကြားမှုကိုလိုက်နာပြီး မိသားစု၀င် သားမြေးမြစ်တွေ ကြီးပြင်းလာတဲ့အထိ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ဘဝကို သာမာန်လူတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်
” အမျိုးသမီးရောဂါအမျိုးမျိုးမှလည်း ကင်းလွတ်ဝေးပါစေ “ လို့ ဆုတောင်းလျက်…
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.