အရင် ၃ ပတ်လောက်က… Dating Scan နဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြပါမည်လို့ ဆောင်းပါးတစ်ပုဒ်ကို အဆုံးသတ်ပြီးနောက်ပိုင်း…. ဘာကိုအရင်စရေးရမလဲ စဉ်းစားမရဖြစ်နေတုန်းမှာ FB က friend တစ်ယောက်ဆီကနေ အတွေးတစ်စရခဲ့တယ်။ သူက ကျွန်တော့်ကို မေးခွန်းတစ်ခု လှမ်းမေးတယ်။
သူက မြန်မာနိုင်ငံသူ အခုနိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နေထိုင်နေသူပါတဲ့။ အသက်လေးဆယ်နားနီးမှာ ကိုယ်ဝန်ရလို့ အဲဒီနိုင်ငံကဆေးရုံမှာ ကိုယ်ဝန်သွားအပ်ပါတယ်တဲ့။ ဆေးရုံက ဆရာဝန်တွေက ပြောတယ်တဲ့။ အသက်အရွယ်အရ သန္ဓေသားသည် ခရိုမိုဇုန်း မညီမျှတဲ့ (chromosomal abnormalities) ရောဂါတွေဖြစ်တဲ့ Down’s syndrome, Edward’s syndrome, Patau’s syndrome တွေ ဖြစ်နိုင်ခြေရှိတယ်။ အဲဒီလိုရောဂါတွေ ဗိုက်ထဲကသန္ဓေသားလေးမှာ ပါလာ/ မပါလာလား စစ်ချင်သလားလို့ အမေးခံရတယ်တဲ့။
…
…
Down’s syndrome ဒေါင်းရောဂါစု ကလေးငယ်လေးတွေကတော့ ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ အတော်များများ သတိထားမိကြမှာပါ။ ဘယ်လူမျိုးကမွေးမွေး ရုပ်ရည်က အတူတူပဲလေ။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အရပ်က ပုပြတ်ပြတ်။ ခေါင်းသေးတယ်။ နောက်စေ့ပြားတယ်။ မျက်ခုံးမွှေးက နှာရောင်ကနေ နားထင်ဆီကို ထောင်တက်သွားတယ်။ ပါးစပ်ပေါက်ကျဉ်းပြီး လျှာကကြီးတော့ လျှာလေးက တစ်လစ်လေး။ ဉာဏ်ရည်နိမ့်တယ်။ အဆင့်မြင့် အတတ်ပညာတွေ သင်ယူလို့မရဘူး။ တစ်ခုထဲကိုပဲ အကြိမ်ကြိမ်၊ အထပ်ထပ်လုပ်ရတဲ့ သက်မွေးဝမ်းကြောင်းအလုပ်တွေ ဥပမာ အိပ်ပေါ်မှာ တံဆိပ်ကပ်တာ၊ အဲဒီလောက်ပဲ သင်ပေးလို့ရတယ်။ ပျော်ပျော်နေတတ်တယ်။ များသောအားဖြင့်ကတော့ မိသားစုအပေါ်မှာ မှီခိုသူပဲ။ သူတို့ရဲ့ သက်တမ်းက ၃၅ နှစ်ပတ်ချာလည်ပဲ။ အဲဒီလောက်ဆိုရင် ရောဂါတစ်ခုခုနဲ့ ဆုံးပါးသွားကြတာပဲ။ တွေ့ဖူးကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်တို့အဘွားတွေ ကလေးတစ်ကျိတ်၊ တစ်ဒါဇင် မွေးတဲ့ခေတ်က၊ အသက်လေးဆယ်ကျော်အထိ ကလေးမွေးတဲ့ခေတ်က အများကြီးတွေ့ဖူးတယ်လေ။
အရပ်ထဲမှာ ပြောကြတာကတော့ သိုက်ကလာတယ်၊ ဥစ္စာစောင့် ဝင်စားတယ် စသည်ဖြင့်ပေါ့။ ငယ်ငယ်က မသိဘူးလေ။ ယုံတာပေါ့။ ခုမှ မိခင်လောင်း အသက်ကြီးလို့ မမျိုးဥတွေရင့်သွားပြီး ခရိုမိုဇုန်းတွေ မညီမျှတော့လို့ ဖြစ်တာလို့ ရှင်းရှင်းလင်းလင်း သိခဲ့ရတာပါ။
ပညာသိမဟုတ်ပဲ သညာသိနဲ့ သတိထားမိခဲ့တဲ့ ရှေးလူကြီးတွေလည်း ရှိခဲ့တယ်ထင်တယ်ဗျ။ အသက်အစိတ်မပြည့်ခင်၊ ပုခက်ချိတ်ပါလို့ ဆိုရိုးစကားထားခဲ့တာကို တွေးကြည့်မိတာပါ။
ထားပါလေ လိုရင်းပြန်ကောက်ရအောင်။
ဗိုက်ထဲကသန္ဓေသားလေးဟာ အဲဒီလို ကလေးလေး ဖြစ်နိုင်လား/ မဖြစ်နိုင်ဘူးလားဆိုတာကို ဗိုက်ထဲကတည်းက ကြိုသိနိုင်ပါပြီတဲ့။ ဖြစ်နေတယ် မလိုချင်ဘူးဆိုရင်လည်း အရှင်လေးမွေးမလာအောင် လုပ်လို့ရပါပြီတဲ့။ သူများတိုင်းပြည်တွေမှာ ပြောတာပါ။
ဘယ်လိုစစ်ကြသလဲ ဆိုတဲ့နေရာမှာ Dating Scan က အဓိကနေရာကပါ ပါတယ်။
ပထမဆုံးကတော့ စစ်ရတဲ့အကြောင်းရင်း၊ စစ်ရတဲ့ ရည်ရွယ်ချက်၊ ဟုတ်နေရင်ဘာလုပ်မှာလဲ စတာတွေကို မိခင်လောင်း ရှင်းရှင်းလင်းလင်းသိအောင် ကြိုတင်ရှင်းပြဖို့ပါ။
စစ်မနေတော့ပါဘူး။ ဘာလေးထွက်လာထွက်လာ မွေးမှာပဲ ကံတရားပေါ့၊ ဘုရားသခင် အလိုတော်အတိုင်းပေါ့ဆိုရင်တော့ မစစ်ပါဘူး။
သိချင်တယ် ဟုတ်နေရင် မလိုချင်ဘူးဆိုရင် စစ်မယ်။
သိချင်တယ်၊ မဟုတ်ရင်လည်း စိတ်အေးရတာပေါ့။ ဟုတ်နေရင်လည်း မွေးမှာပဲ။ မိမိစိတ်ကို ကြိုပြင်ထားလို့ရတာပေါ့။ ဒီလိုကလေးတွေကို မွေးထားပြီး ပြုစုစောင့်ရှောက်နေတဲ့ စီနီယာ မေမေ၊ မိသားစုတွေဆီကနေ အတွေ့အကြုံတွေ ကြိုတင်လေ့လာ သင်ယူထားလို့ရတာပေါ့။ ဒါဆိုလည်း စစ်မယ်လေ။
စစ်မယ်ဆုံးဖြတ်ရင် အဆင့်သုံးဆင့် ရှိပါတယ်။
ပထမအဆင့်က Dating Scan ပါပဲ။ ကိုယ်ဝန် ၁၃ ပတ်မတိုင်ခင်မှာရိုက်တဲ့ အာထရာဆောင်း (USG Scan)။ အဲဒီမှာ သန္ဓေသားလေးရဲ့ nuchal translucency thickness ကို တိုင်းမယ်။ သန္ဓေသားလေးရဲ့ လည်ပင်းရိုးဆစ်နဲ့ နောက်ကအရေပြားကြားကအထူကို တိုင်းတာပါ။ တစ်ပြိုင်တည်းမှာပဲ မိခင်လောင်းရဲ့သွေးထဲက PAPP- A (pregnancy associated plasma protein A) ဆိုတဲ့ ပစ္စည်းပမာဏကို တိုင်းတယ်။ ဒီနှစ်ခုရဲ့ အဖြေအပေါ်မှာမူတည်ပြီး ကလေးမှာ ရောဂါပါလာနိုင်မှု ဖြစ်နိုင်ခြေအနည်းအများ အဖြေတစ်ခုထွက်လာပြီ။
တန်းမဆုံးဖြတ်သေးပါနဲ့ဦး။ ဒုတိယတစ်ဆင့် ကျန်ပါသေးတယ်။ ခုမှ ကိုယ်ဝန်က ၁၃ ပတ်အောက်ပဲ ရှိပါသေးတယ်။ ဟုတ်နေရင်တောင် ကိုယ်ဝန်က သူ့ဘာသာသူ ပျက်ကျတတ်ပါတယ်။ ပျက်ကျသွားရင်တော့ ပြီးပြီပေါ့ဗျာ။ အဲဒါကြောင့် ကျွန်တော် အရင်ကိုယ်ဝန်ပျက်ခြင်းအကြောင်း ရေးတဲ့စာထဲမှာ သုံးလအောက်ကိုယ်ဝန်တွေ အလိုအလျောက် ပျက်ကျရင် ကျွန်တော်တို့၊ ကျွန်မတို့ ဘာမှားသွားလို့လဲလို့ မခံစားပါနဲ့လို့ ပြောခဲ့တာပါ။
ဒုတိယ အဆင့်အနေနဲ့ Dating Scan ကပြောတဲ့ ကိုယ်ဝန် ၂၂ ပတ်ရောက်တဲ့အခါမှာ မိခင်လောင်းရဲ့သွေးထဲက alpha fetoprotein, hCG, Oestriol ဓာတ်သုံးခုရဲ့ပမာဏကို တိုင်းတယ်။
ပထမအဆင့်အဖြေနဲ့ ဒုတိယအဆင့်အဖြေနှစ်ခုကိုပေါင်းပြီး formula ထဲထည့်လိုက်ရင် သန္ဓေသားလေးသည် ရောဂါပါလာနိုင်ခြေ ဘယ်လောက်များတယ်/ နည်းတယ် အဖြေထွက်ပါတယ်။
ဒီတစ်ဖြတ်မှာတင် တစ်ခါစဉ်းစားခိုင်းပါတယ်။
Down syndrome ဒေါင်းရောဂါစု ဖြစ်နိုင်ခြေများတယ်… ကိုယ်ဝန်ကို အဆုံးသတ်လိုက်တော့မလား။ ဒါပေမယ့် အကောင်းလေးကို အဆုံးသတ်မိတာမျိုး ဖြစ်နိုင်ခြေနည်းနည်းရှိတယ်။
ဒေါင်းဖြစ်နိုင်ခြေနည်းတယ်။ ထပ်မစစ်တော့ဘဲ မွေးလိုက်တော့မလား။ ဒါပေမယ့် ဒေါင်းလေးထွက်လာဖို့ ဖြစ်နိုင်ခြေနည်းနည်းရှိတယ်။
အတိအကျသိချင်တယ်ဆိုမှ တတိယအဆင့်ကို သွားပါမယ်ဗျ။ ဘာလုပ်မှာလဲဆိုတော့ ခရိုမိုဇုန်းမညီမျှမှု ရှိ/မရှိ တိုက်ရိုက်စစ်ဖို့အတွက် ရေမြွှာရည်ကို အပ်နဲ့လှမ်းစုပ်တာ၊ အချင်းစလေးကို နည်းနည်း အပ်နဲ့လှမ်းစုပ်တာ… USG guided နဲ့ပေါ့။
ရလာတဲ့ ဆဲလ်တွေကိုမှ ခရိုမိုဇုန်းစစ်တာ။ အဲဒါက အတိအကျသိရတယ်။ ဖြစ်နိုင်ခြေများတယ်/ ဖြစ်နိုင်ခြေနည်းတယ် ဝေဝါးနေစရာ မလိုပါ။ ဒါပေမယ့် အကုန်အကျ တအားများသွားမယ်။ ပြီးတော့ သားအိမ်ထဲအထိ အပ်နဲ့လှမ်းထိုးတာဆိုတော့ အဲဒီလုပ်ဆောင်မှုကြောင့်ပဲ ကိုယ်ဝန်ပျက်ကျနိုင်ခြေ နည်းနည်းရှိပါတယ်။
သေချာသိချင်တယ်။
ရောဂါမပါဘူး။ ဒါဆိုရင်လည်း စိတ်အေးလက်အေး ပျော်ရမယ်။
ရောဂါပါတယ် သေချာတယ်။ အရှင်လေးမွေးမလာအောင် လုပ်လိုက်မယ်။
ရောဂါပါတယ် သေချာတယ်။ မွေးမယ်။ မိမိကိုယ်တိုင်ရော၊ မိသားစုတစ်ခုလုံးရော ဒီရောဂါသည် ကလေးလေးကို ကြိုဆိုဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင် အားမွေးမယ်လို့ပြတ်သားမှ အဲဒီအဆင့်ထိ သွားပါတယ်ဗျ။
…
…
ယုံတမ်းစကားတွေ ပြောနေတယ်လို့ မထင်ပါနဲ့နော်။ သူများနိုင်ငံတွေမှာ လုပ်နေကြပြီလေ။ သူများနိုင်ငံမှာ လုပ်နေတာတွေကို ရေးထားတဲ့စာတွေဖတ်ပြီး ကျွန်တော်နားလည်သလောက် ကြိုးစားရေးကြည့်ထားတာပါ။ ကျွန်တော်ရေးထားတာ လိုအပ်နေတာတွေ ရှိနိုင်ပါတယ်။ လိုနေ၊ မှားနေရင် ဖြည့်စွက်ပြင်ဆင်ပေးကြပါဗျ။
တိုင်းပြည် အေးချမ်းသာယာ၊ ဖွံ့ဖြိုးတိုးတက်၊ ချမ်းသာ၊ နိုင်ငံသားတိုင်း ပညာတတ်၊ ပညာနှင့်ယှဉ်သော မေတ္တာတွေကို နိုင်ငံသားအချင်းချင်း ဝေမျှနိုင်ဖို့ ရည်ရွယ်ပါတယ်ဗျ။
ဒါကတော့ ပညာတတ်တွေ ဘာကြောင့် ဒီတော်လှန်ရေးထဲ ပါနေသလဲဆိုတဲ့ အကြောင်းပြချက်ပါပဲ….။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.