သက်လုံကောင်းစေတဲ့ အစားအစာများ (November,2023)

0
304

အားကစားလုပ်နိုင်တယ် အမောခံနိုင်တယ်ဆိုတာ လုပ်နေကျဖြစ်ဖို့လိုသလို မိမိလုပ်တဲ့အားကစားအမျိုးအစားက ဘယ်လိုအာဟာရဓာတ်မျိုးကို ပိုအသုံးပြုလဲဆိုတာ ပါးနပ်စွာ နားလည်ထားပြီး သေချာစားသောက်ထားရင် မာရသွန်ပဲပြေးပြေး၊ ရက်ရှည် အားကစားပြိုင်တာပဲဖြစ်ဖြစ် အောင်အောင်မြင်မြင်နဲ့ ပန်းတိုင်ရောက်ဖို့ ပိုနီးစပ်စေပါတယ်။

ဒီအတွက် သက်လုံကောင်းစေတဲ့ အစားအသောက်အချို့ကတော့ . . .

..

..

၁။ ကဖင်း

ကဖင်းဓာတ်က ကြွက်သားတွေရဲ့ ညောင်းညာမှုကိုသိရှိခံစားစေတဲ့အပိုင်းကို လျှောချပေးပြီး ပိုမိုတက်တက်ကြွကြွဖြစ်အောင် ဦးနှောက်ကို လှုံ့ဆော်ပါတယ်။ လေ့လာချက်တွေအရ အသိသာဆုံးကတော့ စက်ဘီးစီးအားကစားမှာ 5 mg/ kg body weight နှုန်း (ကိုယ်အလေးချိန် ၁ ကီလိုဂရမ်တိုင်းအတွက် ကဖင်း ၀.၅ မီလီဂရမ်နှုန်း) နဲ့ သောက်သုံးမယ်ဆိုရင် နင်းတဲ့နှုန်း ပိုမြန်သလို ပို၀ေး၀ေးလည်း ရောက်ပါတယ်တဲ့…

ဒါပေမယ့် သောက်နေမကျတဲ့သူဆို ရင်တုန် မူး၀ေတာမျိုးဖြစ်နိုင်လို့ ​ဖြည်းဖြည်းချင်းသောက်တာမျိုး၊ နည်းနည်းစီ စသောက်ကြည့်တာမျိုး အရင်လုပ်သင့်ပါတယ်။ ကော်ဖီ ဖန်ခွက်အကြီးနဲ့ တစ်ခွက် (၄၈၀ မီလီခန့်) မှာ ကဖင်း ၃၃၀ မီလီဂရမ်လောက် ပါ၀င်ပါတယ်။

..

..

၂။ whey protein

အားကစားသမားတွေကြားထဲရော gym သွားတဲ့သူတွေကြားထဲရော နာမည်ကြီးပါတယ်။

သူကတော့ အဓိကက ကြွက်သားထုကို ပြန်ပြည့်စေတာပါ။ ကြွက်သားတွေဟာ သူတို့ကို အသုံးပြုပြီးသွားရင် ကြွက်သားဆုံးရှုံးမှု အနည်းငယ်ဖြစ်ပါတယ်။

ဒါပေမယ့် စားတဲ့ အစားသောက်ထဲပါတဲ့ whey protein ကို ကြွက်သားထု ပြန်လည်ထုဆစ်ဖို့ အသုံးပြုလိုက်တော့ (အားကစားလုပ်ပြီး whey ပါတာ ကောင်းကောင်းပြန်စားပေးလိုက်တော့) ကြွက်သားထု တက်လာစေပါတယ်။ အစားအစာထဲမှာတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ whey protein အများဆုံးပါပါတယ်။ သိပ်မစားဖြစ်ရင်တော့ ဖြည့်စွက်စာအမှုန့်တွေ ရွေးချယ်နိုင်ပါတယ်။

ဖြည့်စွက်စာအမှုန့်တွေကလည်း တအားများသွားရင် ရေဓာတ်ခန်းခြောက်တာ၊ ကျောက်ကပ်ထိတာတွေ ဖြစ်နိုင်လို့ ဆရာ၀န်နဲ့တိုင်ပင်တာသော်လည်းကောင်း၊ အညွန်းမှာပါတဲ့အတိုင်း သောက်တာသော်လည်းကောင်း စနစ်တကျသာ အသုံးပြုသင့်ပါတယ်။ အလွန်အကျွံမဖြစ်ဖို့ အရေးကြီးပါတယ်နော်….

နောက်ပြီး အားကစားလုပ်အပြီး နာရီ၀က်အတွင်း စားတာသောက်တာဆို ပိုထိရောက်ပါသတဲ့။ ဖြည့်စွက်စာအနေနဲ့ သောက်မယ်ဆိုရင် ကျောက်ကပ်နဲ့ အသည်းတော့ ကောင်းဖို့လိုပါတယ်။

..

..

၃။ ဖရဲသီး

ဖျော်ရည်လုပ်သောက်ရင် အများကြီးပိုသောက်ဖြစ်ပြီး ရေဓာတ်ပြည့်စေလို့ အားကစားသမားတွေမှာ အသီးစားတာထက် ဖျော်ရည်က ပိုသင့်တော်ပါတယ်။

Citrulline ဆိုတဲ့ အမိုင်နိုအက်ဆစ်ကြွယ်၀တာမို့ သူကနေ arginine အဖြစ်ပြောင်းပြီး ကြွက်သားကို အောက်ဆီဂျင်ပိုရောက်အောင် စွမ်းဆောင်ပေးပါတယ်။ အဓိကကတော့ ကြွက်သားတွေက အောက်ဆီဂျင်ကောင်းကောင်းရတဲ့အခါ မောပန်းတာ၊ ကြွက်သားနုံးတာတွေ မဖြစ်တော့ဘဲ သက်လုံပိုကောင်းစေပါတယ်။ နောက်ပြီး ပိုတက်စီယမ်တို့ မဂ္ဂနီဆီယမ်တို့လို အခြားသတ္တုဓာတ်တွေကလည်း ကြွက်သားရဲ့လှုပ်ရှားမှုကို ညီမျှစေပြီး ကြွက်တက်တာတွေမဖြစ်အောင် ကူညီပေးပါတယ်။

..

..

၄။ လက်ဖက်စိမ်းရည်

မြန်မာပြည်မှာတော့ ရေနွေးကြမ်း သောက်ကြပါတယ်။ လက်ဖက်စိမ်းကျတော့ ရေနွေးကြမ်းလက်ဖက်ခြောက်နဲ့ တအားမကွာပါဘူး … နေလှမ်းတာ ခူးဆွတ်တာ စတဲ့အချိန်လေးတွေ အနည်းငယ်ကွဲသွားတာပါ။ လက်ဖက်စိမ်း ရေနွေးကြမ်းသောက်တဲ့သူတွေမှာ ကြွက်သားတွေက ပိုအမောခံနိုင်ပြီး အားကစားလုပ်ရာမှာ ပိုသက်လုံကောင်းစေပါတယ်။

ဒီတော့ တစ်ရက်မှာ လက်ဖက်စိမ်းရေနွေးကြမ်း ၄ ခွက်ခန့် သောက်သုံးပါက ကြွက်သားထုအတွက် လုံလောက်စေပါတယ်တဲ့။

..

..

၅။ အုန်းသီး၊ အုန်နို့နှင့် Medium chain triglycerides (MCT oil)

အဆီဆိုပေမယ့် အဆီလုံးအကြီးကြီးတွေမဟုတ်ဘဲ ဖွဲ့စည်းပုံအရ အတန်အသင့်သာ အရှည် (အလျား) ရှိတာမို့ ရိုးရိုးဆီ၊ စားဆီတွေထက် ချေဖျက်ရလွယ်ကူပြီး အသည်းက သိပ်အလုပ်မလုပ်ရဘဲ တစ်ခါတည်း အင်အားအဖြစ် ပြောင်းပေးနိုင်လို့ပါ။ ဆီတွေ ၀ယ်သောက်နေတာကတော့ သက်လုံကောင်းဖို့ လက်တွေ့မကျဘူးပေါ့နော်… ဒါပေမယ့် အုန်းရည်လည်းသောက်၊ အုန်းသီးလည်း စားပေးတာကတော့ အာဟာရဓာတ်တွေကိုလည်း ပြန်လည်ပြည့်၀စေပြီး အားကစားသမားတွေအတွက် သင့်တော်ပါတယ်။

.

ယခုဖော်ပြပါ အစားအသောက်တွေဟာ သက်လုံပိုင်း (Cardiovascular Endurance) နဲ့ သက်ဆိုင်တဲ့ အားကစားအမျိုးအစားတွေမှာ ကစားသမားရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်ဆိုပေမယ့် အစားအသောက် တစ်ခုတည်းနဲ့တော့ သိသိသာသာ တိုးတက်လာမှာမဟုတ်ဘဲ မှန်ကန်တဲ့နည်းစနစ်နဲ့ လေ့ကျင့်သားပြည့်ဝမှုဟာ အရေးကြီးကြောင်း သတိချပ်ရမှာ ဖြစ်ပါတယ်။

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

(ကိုးကား) Reference : ???? https:// www. acefitness. org /resources/pros/expert-articles/6370/ergogenic-aids-foods-that-boost-performance/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here