ကျန်းမာရေးအတွက်ရော၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက်ရော၊ လှပစေဖို့အတွက်ရောကြောင့် ဝိတ်တက်လာတဲ့အခါ လူတိုင်း ဝိတ်ချဖို့ ကြိုးစားတတ်ကြပါတယ်…

ပိန်လိုက်တာလို့ အမြဲပြောခံရတဲ့သူတွေကလွဲလို့ ဝိတ်မများတဲ့သူတွေတောင် ခေတ်စားနေမှုအရ၊ ခန္ဓာကိုယ်ပုံပန်းသွင်နဲ့ပတ်သက်ပြီး လက်ခံထားကြတဲ့ အမြင်တွေအရ လက်မောင်းတုတ်တယ် ဗိုက်ရွှဲတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်တတ်ကြတာ သဘာဝပါ။

ကဲ ဘာကြောင့်ပဲဖြစ်ဖြစ် ဝိတ်ချချင်တဲ့သူတွေအတွက်ဒီတစ်ပတ်မှာ အကြံပေးလိုပါတယ်….

ဝိတ်ချတဲ့အခါ diet plan တွေ၊ လေ့ကျင့်ခန်းတွေ၊ အဆီတွေ စုပ်ထုပ်တာ၊ ခွဲစိတ်တာ စသဖြင့် နည်းမျိုးစုံရှိကြတာမို့ စာဖတ်သူတွေထဲမှာလည်း နည်းတော်တော်များများ သုံးဖူးတဲ့သူတွေရှိရင် အတွေ့အကြုံ အကျိုးအကြောင်းလေးတွေ ကောမန့်မှာ ဝင်ဆွေးနွေးပေးသွားလို့ ရပါတယ်နော်။

တအားရှည်သွားမှာမို့ ဒီနေ့ကတော့ အပိုင်း (၁) အနေနဲ့ပဲ ဖတ်ရှူပေးကြပါ ????

ပထမဆုံး မီးမောင်းထိုးပြချင်တဲ့ မှားယွင်းတဲ့ ဝိတ်ချနည်းလမ်းကတော့ မျှတညီညွတ်မှု ရှိမနေတဲ့ (balanced diet မဖြစ်နေတဲ့) စားသောက်မှုပုံစံ diet plan တွေပါပဲ။

Diet plan တိုင်းကို မှားနေတယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် မိမိရဲ့ ကိုယ်အလေးချိန်၊ အရပ်၊ အသက်၊ (ရောဂါအခံရှိခဲ့ရင်) စတဲ့ အခြေခံအချက်တွေ ထည့်သွင်းစဉ်းစားထားပြီး တစ်နေ့တာမှာ ကယ်လိုရီ ဘယ်လောက်လိုအပ်မယ်၊ အသားဓာတ် ဘယ်လောက်လိုအပ်မယ် စသဖြင့် သေချာတတ်သိနားလည်တဲ့ အာဟာရပညာရှင် တွက်ချက်ထားတာမဟုတ်တဲ့ diet plan တွေကတော့ အန္တရာယ်ရှိနိုင်ပါတယ်။

နိုင်ငံခြားမှာတော့ အာဟာရပညာရှင် အသိအမှတ်ပြု (certified) ဆိုတာ ရှိပေမယ့် မြန်မာပြည်မှာတော့ သီးသန့်မရှိသေးလို့ စိီးပွားရေးလုပ်ကွက်နဲ့ လုပ်ကြတဲ့ diet plan တွေကို မိမိတို့အနေနဲ့ လုပ်ဖူးသူတွေ ပြန်ပြောကြတဲ့ (review တွေ) ကြည့်ပြီး လိုက်လုပ်မ်ိနိုင်ပါတယ်။

ဥပမာပေးရရင် –

(မှားယွင်းတဲ့ diet plan နမူနာလေး ပြောပြပါမယ်) ❌

မနက်စာ – ပေါင်မုန့်ကြမ်း ၂ ချပ် + ကြက်ဥပြုတ် + ငှက်ပျောသီးတစ်လုံး

နေ့လည်စာ – ငှက်ပျောသီး ၂ လုံး

ညနေ – အဆီထုတ်နွားနို့တစ်ခွက်+ ငှက်ပျောသီး ၂ လုံး

ညနေ ၄ နာရီနောက်ပိုင်း ရေကလွဲပြီး ဘာမှမသောက်ရ၊ မစားရ

…..

…..

ဆိုတာမျိုးပါ။

ဒီလိုပုံစံဟာ လုံးဝမှားယွင်းနေပါတယ်။

၁။ အိမ်ကလူတွေ စားတာနဲ့ မကိုက်ညီဘဲ တစ်ယောက်ထဲ သင်းကွဲသလို ခံစားနေရနိုင်ပါတယ်။ အပြစ်သားမို့ အစားအစာကို စိတ်ကြိုက်မစားရသလို ကိုယ့်ဘဝကိုယ် စိတ်ပျက်အားငယ်လာစေနိုင်ပါတယ်… ဒီတော့ စိတ်ဖိစီးမှုတွေတက်ပြီး မစားတာတောင် ဝစေတဲ့ဟော်မုန်းတွေ ထွက်လာစေပါတယ်။

.

၂။ ရေရှည် နေ့စဉ်စားနိုင်တဲ့ ပုံစံမဟုတ်လို့ စားနေတုန်း သိသာတာပဲ ဖြစ်နိုင်လို့ မလုပ်သင့်ပါ။ ဝိတ်လျှော့တယ်ဆိုတာ တာတိုပြေးပွဲမဟုတ်ပါဘူး။ ကျန်းမာရေးလိုက်စားတဲ့ အကျင့်ကောင်းတစ်ခုဖြစ်ပြီး ဒီအလေ့အထကို မိမိနဲ့ တစ်သက်လုံးစွဲသွားအောင် လုပ်ရတဲ့အရာပါ။ diet plan တစ်ခုက်ိုမလုပ်ခင် ငါဒီပုံစံနဲ့ ဘယ်လောက်ကြာအောင် လုပ်မှာလဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ… အမြဲတမ်းအတွက် ထာဝရမဟုတ်ဘူးဆိုရင် ခဏတာ အပျော်တွဲတာ ထိရောက်မှုရှိလှတာ မဟုတ်ပါဘူး။

.

၃။ ကယ်လိုရီအရတော့ အထက်ပါ diet plan က ၁၂၀၀ ခန့်သာရှိပါတယ်။ ဒါပေမယ့် ဗိုက်ပြည့်စေတဲ့အရာမပါလို့ ၂ ရက် ၃ ရက်သာ သူပြောသလိုစားနိုင်ပြီး (ဘွာတေးလုပ်လိုက်ရတဲ့) လိုက်မစားနိုင်တဲ့နေ့တွေ ခဏခဏရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။ အားမရှိသလို နုံးသလိုလည်း ခံစားရနိုင်ပြီး ညဘက်တွေမှာ တစ်ခုခုထပ်စားမိတာ၊ ငှက်ပျောသီး ၂ လုံးနဲ့မဝလို့ ၃/၄ လုံးစားမိလို့ ကယ်လိုရီတွေတက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

.

၄။ အသားဓာတ် (protein) အလွန့်အလွန် နည်းခြင်းကြောင့် ကိုယ်ခံအားနည်းတာ၊ ဗိုက်ခဏခဏ ဆာလွယ်တာ၊ ကြွက်သားဆုံးရှူံးတာ စတာတွေဖြစ်မှာ သေချာပါတယ်။

.

၅။ လူတစ်ယောက်အနေနဲ့ တစ်နေ့တာ စားသင့်တဲ့ အစာအုပ်စုမစုံလို့ ဗိီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒီတော့ အထက်မှာ ဥပမာပေးခဲ့သလို ရေရှည်မဖြစ်နိုင်တဲ့ diet plan မျိုး၊ အစာအုပ်စုမစုံဘဲ တအားပိတ်ပင်တားမြစ်ထားတာမျိုး ဖြစ်နေတာဆို မလုပ်မိကြဖို့ တိုက်တွန်းလိုပါတယ်။

ဝိတ်ချမယ်ဆိုရင် မိမိ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီက ဘယ်လောက်လဲ၊ အသားဓာတ်က ဘယ်လောက်လဲဆိုတာ အရင်သိရှိဖို့ လိုအပ်ပါတယ်။

အပိုင်း (၂) ကိုတော့ နောက်အပတ်မှာ ဆက်လက်စောင့်ဖတ်ပေးပါဦးနော်…။

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here