မနေ့က “ ကလေးလိုချင်လို့ သားအိမ်ကငိုတယ်” ဆိုတဲ့ဇာတ်လမ်းလေးကို စိတ်ဝင်တစားဖတ်ရှုပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်နော်

ဒီနေ့တော့ လိုချင်တဲ့ ကလေးလေး ရသွားလို့ သားအိမ်က အငိုတိတ်သွားတဲ့အကြောင်းလေး ဆက်ပါရစေ

( ဒီအကြောင်းလေး မစခင်မှာ… မနေ့က ဇာတ်လမ်းဖော်ချင်ဇောနဲ့….မမျိုးဥလေးဟာ သားအိမ်ထဲမှာ ယောင်ပေပေနဲ့ စောင့်နေတယ်ဆိုပြီး ရေးခဲ့တာကို အမှားပြင်ပေးတဲ့ ကွန်မန့်လေးတစ်ခုအတွက် ကျေးဇူးပါနော်….အမှန်တော့ မမျိုးဥလေးဟာ သားဥပြွန်ထဲမှာ စောင့်နေတယ် ဖြစ်ရမှာပါ )

ဒီအကြောင်းက ဒီနေ့ဇာတ်လမ်းထဲမှာ လာပါမယ်

ကဲ…

ဇာတ်လမ်းလေး စလိုက်ရအောင်ပါ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လိင်ဆက်ဆံမှုအပြီး မိန်းမကိုယ်ယောနိ (Vagina)ထဲမှာ ကျန်နေခဲ့တဲ့ သုက်ရည်တွေထဲမှာ သုက်ပိုးကောင်လေးတွေ သန်းနဲ့ချီပြီး ရှိနေပါတယ်

သူတို့ဟာ ဖားတစ်ပိုင်း ငါးတစ်ပိုင်းပုံစံ (ဖားလောင်းလေးတွေနဲ့တူပြီး) ရေကူးတဲ့နည်းနဲ့ တစ်နေရာကနေ တစ်နေရာကို သွားကြပါတယ်

အရေအတွက် သန်းနဲ့ချီပြီး ရှိပေမယ့် သုက်ပိုးကောင်တိုင်းကတော့ အလုပ်မဖြစ်ပါဘူး

ဒီကောင်တွေထဲမှာ ငပျင်းတွေရယ် ၊ ဟိုလိုလိုဒီလိုလိုသမားတွေရယ် ၊ တက်ကြွလှုပ်ရှားသူတွေရယ်ဆိုပြီး အမျိုးမျိုးရှိပါသေးတယ်…

( ဒါ့ကြောင့် သားသမီးမရကြတဲ့ စုံတွဲတွေမှာ အမျိုးသားရဲ့ သုက်ရည်ကို စစ်ဆေးတဲ့အခါ သုက်ကောင်ရေ အရေအတွက်ရယ် ၊ တစ်ကယ် လှုပ်ရှားတက်ကြွတဲ့ အရေအတွက်ရယ်ကို စစ်ဆေးကြတာဖြစ်ပါတယ် )

သားသမီး ရဖို့အတွက်ဆိုရင် တစ်ခါထုတ်လွှတ်လိုက်တဲ့ သုက်ရည်ထဲမှာ အနည်းဆုံး ပိုးကောင်ရေ သန်း(၄၀) ရှိရပါမယ်

နောက်ပြီး လှုပ်လှုပ်ရှားရှားနဲ့ ရေကူးဆော့ကစားနေတဲ့ကောင်တွေဟာလည်း ၅၀% ကျော်ရပါမယ်တဲ့

( တယ်လီကျန်းမာက ပြောတာ မဟုတ်…WHOက ပြောတာပါ ???? )

ဟုတ်ပါပြီ…

နောက်တစ်ခါ စိတ်ဝင်စားဖို့ကောင်းတာလေး တစ်ခုကတော့

ကိုယ့် ခန္ဓာကိုယ်ရဲ့ပြင်ပမှာ ကိုယ့်ဟာနဲ့ကိုယ် အသက်ရှင်ပြီး အလုပ်လုပ်နိုင်တာဆိုလို တစ်ကိုယ်လုံးမှာ သုက်ပိုးကောင်လေးတွေပဲ ရှိပါတယ်တဲ့…တခြား ဘယ်ဆဲလ်တွေမှ သူတို့လို မလုပ်နိုင်ပါဘူးတဲ့

( ဒီတစ်ချက်ကတော့ ဒီကောင်တွေ တော်တော် ဆရာကျတယ် ပြောရမယ် ???? )

ဒါ့ကြောင့်လည်း ခန္ဓာကိုယ်ဟာ သူတို့ကို (စိုးရိမ်စွာနဲ့) ကောင်းစွာပြင်ဆင်ထုပ်ပိုးပြီးမှ အပြင်ခရီးကိုလွှတ်ပေးလိုက်တာပါ

နယ်မြေသစ်ကိုသွားရမယ့် ပိုးကောင်လေးတွေအတွက် သုက်ရည်ထဲမှာ စားနပ်ရိက္ခာ အာဟာရအဖြစ် Glucoseတွေ ထည့်ပေးလိုက်သလို….

pH လျော့နည်းပြီး Acid ဓာတ် များနေတဲ့ မိန်းမကိုယ်ထဲ ရှင်သန်နိုင်အောင် သုက်ရည်ကို Alkali ဓာတ်အဖြစ် ဖွဲ့စည်းထားပြီး လိုအပ်ရင် Bufferပြုလုပ်ပေးမယ့် ionsတွေ moleculesတွေလည်း ထည့်သွင်းပေးထားပါတယ်

( ဘာတွေလည်းမသိ…ကိုယ်တောင် ခရီးထွက်ရင် သူတို့လောက် စနစ်မကျဘူး ???? )

ထားပါတော့…

ဒီလိုနဲ့ စားနပ်ရိက္ခာအပြည့်အစုံ ၊ လက်နက်အပြည့်အစုံနဲ့ ချီတက်လာတဲ့ အထူးကွန်မန်ဒိုလေးတွေဟာ မိန်းမကိုယ်ထဲကနေ တဖြေးဖြေးနဲ့ ဆန်တက်လာပြီး သားအိမ်ထဲထိ ရောက်လာပါတယ်

ဒီအခါမှာတော့ (မနေ့ကပြောခဲ့သလို) သားအိမ်ကထုတ်ပေးတဲ့ ခပ်ကျဲကျဲအကျိအချွဲတွေကြား ဒီကောင်တွေ ရေကူးရင်း မမျိုးဥလေးကို လိုက်ရှာကြတာပေါ့…

နောက်ဆုံးမှာတော့ မျိုးဥအိမ်နဲ့ သားအိမ်ကြားက သားဥပြွန် ( မနေ့က ကွန်မန့်အရဆို….) ချစ်သူလမ်းကြားမှာ စောင့်စားနေတဲ့ မမျိုးဥလေးနဲ့တွေ့ပါတော့တယ်

တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို အားသွန်ခွန်စိုက်နဲ့ ကွန်မန်ဒိုလေးတွေဟာ သန္ဓေအောင်ခြင်းလုပ်ငန်း စတင်ဖို့ ကြိုးစားကြပါတော့တယ်

ဒီနေရာမှာ ခဏရပ်ပြီး စဥ်းစားကြည့်ဖို့ပါနော်

” ဘဲအုပ်က တစ်ရာ နှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ “ ဆိုသလို…..သုက်ပိုးတွေက သန်းနဲ့ချီ ၊ မမျိုးဥက တစ်ဥတည်း ဆိုတာကျ ဘယ့်နှယ့်လုပ်ရပါ့နော်….???? ခက်ပါဘိ

အပြင်မှာသာ ၃ပွင့်ဆိုင်ဇာတ်လမ်းတွေဘာတွေ ရှိပေမယ့်….မမျိုးဥလေးကတော့ ဒါမျိုး အီလည်လည်ဇာတ်လမ်းတွဲတွေလည်း စိတ်မဝင်စားပုံ မပေါ်ပါဘူး

ဝိုင်းဝိုင်းလည်နေတဲ့ ကွန်မန်ဒိုတွေ သူ့ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေချိန်မှာ…

တစ်ကောင်ကောင်များ အတွင်းထဲကို ရောက်ပြီဆိုတာနဲ့ နံရံတံခါးတွေအားလုံးကို ပိတ်ချလိုက်ပါတယ်…(ရွှေတံခါးကြီးပိတ်…ချိတ်)

( ကျန်တဲ့ကောင်တွေ Bye Bye….

အရင်ဆုံးရောက်တဲ့ အိုပါးနဲ့ပဲ ဒို့ဘဝ ရှေ့ဆက်သွားတော့မယ်…တာ့ တာ )

အဲ့သလို…အဲ့သလို…ချေပစ်လိုက်တာ

ဒီအခါမှာတော့…

ကျန်တဲ့ကောင်တွေဟာ (Crush ကို လက်လွှတ်လိုက်ရတဲ့အတွက်) ပဒိုင်းသီး စားမိတာလိုလို ၊ ကြက်ဥ အလုံးလိုက် လည်မျိုမှာ တစ်နေတာလိုလိုနဲ့ ရူးနှမ်းနှမ်းဖြစ်ရင်း…မကြာခင်မှာပဲ ရန်သူ့နယ်မြေအတွင်း စားနပ်ရိက္ခာပြတ်ပြီး ဂန့်ပါတော့တယ်

( မိန်းမကိုယ်ထဲရောက်ရှိတဲ့ သုက်ပိုးတွေဟာ ပျမ်းမျှအားဖြင့် ၅ရက်လောက်ပဲ အသက်ရှင်ကြပါတယ်…၅ရက်အတွင်း mission အောင်ဖို့ try ရတာပါ )

ထားလိုက်ပါတော့…

ဟိုစုံတွဲအကြောင်း ဆက်ရအောင်ပါ

အဲ့စုံတွဲခမျာလည်း တူနှစ်ကိုယ်ပေါင်းဖက်ကြပြီဆိုတော့ နေဖို့ထိုင်ဖို့ အိမ်လေးတော့ လိုလာပါပြီ….လမ်းဘေး ငုတ်တုပ်ထိုင်နေလို့တော့ မရတော့ပါဘူး….

လမ်းဘေးငုပ်တုပ်ဆက်ထိုင်နေရင် ချစ်သူလမ်းကြား သူတောင်းစားတွေ ဖြစ်လိမ့်မယ်ဆိုပြီး နားခိုရာ အိမ်အရှာထွက်ပါတော့တယ်

ဒီအခါမှာတော့ (မနေ့ကပြောခဲ့သလို) ကြိုတင်ပြင်ဆင်ထားတဲ့ ထူထဲတဲ့ သားအိမ်နံရံကိုတွေ့သွားပြီး နှစ်ဦးသားအထဲမှာဝင်ရောက်နေရာယူရင်း….

နှစ်ကိုယ်ပေါင်းဖက်ထားတဲ့ သန္ဓေသားလေးဟာ ဆက်လက်ကြီးထွားလာပါတော့တယ် ????

အဝေးတစ်နေရာက လှမ်းကြည့်နေတဲ့ (မနေ့ကပြောခဲ့တဲ့) မျိုးဥအခွံလေးဟာလည်း သူ့ရဲ့ မျိုးဥလေး အဆင်ပြေသွားတာ သိရတာမို့ ဝမ်းသာအားရနဲ့ ဟော်မုန်းတွေကို ဆက်တိုက်ထုတ်လွှတ်ပေးနေပါတော့တယ်….

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရာသီသွေးလည်း မဆင်းတော့သလို

” လိုချင်တဲ့ ကလေးလေး ရသွားပြီမို့ သားအိမ်လည်း မငိုကြွေးတော့ပါဘူး “ လို့ ဇာတ်လမ်းလေးကို အဆုံးသတ်ရင်း….

….

မမျိုးဥထဲ သုက်ပိုးတစ်ကောင် ဝင်သွားခြင်းကို သန္ဓေအောင်ခြင်း ( Fertalization )

သန္ဓေအောင်ပြီးစုံတွဲလေး သားအိမ်နံရံထဲ ဝင်သွားခြင်းကို….သန္ဓေတည်ခြင်း ( Implantation ) လို့ ခေါ်ဆိုပါကြောင်း မျှဝေအပ်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဇာတ်လမ်းကတော့ ပြီးသွားပြီနော်

ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရတယ်တဲ့

ဇာတ်သမား မဟုတ်ပေမယ့် မှတ်သားစရာလေးတွေတော့ နည်းနည်း တို့ပါရစေ…

….

….

ပြောပြီးတဲ့အတိုင်း မိန်းမကိုယ်အတွင်းပိုင်းဟာ pH နည်းပြီး Acid ဓာတ် များပါတယ်….

( pH 3.8 to 5 အကြားပဲရှိပါတယ် )

ဒါဟာ ဘက်တီးရီးယားနဲ့ တခြားရောဂါပိုးတွေ အလွယ်တကူ ရှင်သန်နေထိုင်လို့မရအောင် သဘာဝက ပြုလုပ်ထားတဲ့ အစီအမံတစ်ခုပါ

တကယ်လို့ Alkali အရည်တွေဖြစ်တဲ့ သုက်ရည်တွေ မိန်းမကိုယ်ထဲ ခဏခဏ ဝင်ပါများလာရင်တော့…မိန်းမကိုယ်တွင်း pH မြင့်တက်လာပြီး Acid ဓာတ် လျော့ကျကာ ရောဂါပိုးတွေလည်း ဝင်နိုင်ချေ ပိုများပါလိမ့်မယ်

ဒါ့အပြင် သွေးရဲ့ pHကလည်း 7.35 to 7.45 လောက်ရှိတာမို့ ရာသီလာပြီးခါစမှာ မိန်းမကိုယ်တွင်း Acid ဓာတ် လျော့နည်းတတ်ပါတယ်။

ဒါ့ကြောင့် ဒီလိုကာလတွေမှာ ရောဂါပိုးမဝင်ရောက်စေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရုပြုကြဖို့ အကြံပေးပါရစေနော်

နောက်တစ်မျိုးကတော့ သားသမီးမရကြတဲ့ စုံတွဲလင်မယားတွေအတွက် အကြံပြုချက်ပါ

အမျိုးသမီးဘက်က ချို့ယွင်းချက် ၊ အမျိုးသားဘက်က ချို့ယွင်းချက် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့်…..

ဘာမှ မစစ်ဆေးရသေးတဲ့ လင်မယားစုံတွဲတွေအတွက်တော့ (မနေ့ကနဲ့ ဒီနေ့ပိုစ့်တွေထဲက ဗဟုသုတလေးတွေအတိုင်း) ကြိုးစားကြည့်စေချင်ပါတယ်

ပိုစ့်တွေထဲ ရေးထားတာက

Day 14 မှာ မမျိုးဥကြွေတယ် ၊ သုက်ကောင်လေးတွေဟာ မိန်းမကိုယ်နဲ့ သားအိမ်ထဲမှာ (၅)ရက်လောက် ရှင်သန်နိုင်တယ်….ဟုတ်တယ်ဟုတ်

ဒါ့ကြောင့်…

(၁) မလိုအပ်ဘဲ ကျည်မဖြုန်းကြပါနဲ့…ရမ်းသမ်းမပစ်ကြပါနဲ့

(၂) မဆိုင်တဲ့နေ့တွေမှာ လက်နက်ကြီးတွေနဲ့ လျောက်မထုကြပါနဲ့

(၃) ကျည်ဆံကို ချွေတာထားပါ

Day 11 နဲ့ Day 13 တွေမှာသာ စစ်ဆင်ရေးကို ဖိဖိစီးစီး ဆင်နွှဲလိုက်မယ်ဆိုရင်တော့ Sniperနဲ့ ပစ်သလို တစ်ချက်ဆိုတစ်ချက် Targetကို ထိပါလိမ့်မယ်လို့ အကြံကောင်း ပေးပါရစေ ????

ဒါဟာ ပြက္ခဒိန်နည်းလမ်းပါ

သားသမီးမလိုချင်သူများအတွက်လည်း ရာသီစလာတဲ့နေ့ရဲ့ ရှေ့ (၇)ရက် ၊ နောက် (၇)ရက်ဟာလည်း အတိုင်းအတာတစ်ခုထိ safe ဖြစ်ပါတယ်

ရာသီမလာခင် ရှေ့(၇)ရက်ကတော့ မမျိုးဥလေး သေဆုံးပြီးသွားပြီမို့ ပိုစိတ်ချရပါတယ်

ဒါပေမယ့်…ဒီကာလဟာ အမျိုးသမီးဆီမှာ ဟော်မုန်းတွေ နည်းပါးနေချိန် (ဒါမှမဟုတ်) လုံးဝ မရှိတော့တဲ့ အချိန်တွေဖြစ်နေတာကြောင့် ကိုကိုမောင်မောင်တို့အနေနဲ့ အနားကပ်ဖို့ သိပ်အဆင်ပြေမယ် မထင်လှပါဘူး

ကပ်ခွင့်ရခဲ့တောင် အခန့်မသင့်ရင်…

မောင်နဲ့တွေ့ရတာ မေ့ဆေးဆရာဝန်လက်ထဲက လူနာလိုပဲ…ဘာမှတောင် မခံစားလိုက်ရဘူး ဆိုတာမျိုးတွေ ဖြစ်လာနိုင်….

အဲ…

ဟိုး….Stop

တော်မှ ထင်တယ်

ကြာရင် ဆင်ဆာထိတော့မယ်

မေ့ဆေးဆရာတွေလည်း တယ်လီကျန်းမာကို ဆဲလိမ့်မယ်

အဟိ…

ဒါ့ကြောင့်မို့…

ဒီပိုစ့်ကို ဒီမှာပဲ ရပ်နားပါရစေလို့ ပြောကြားရင်း….????

အားလုံးပဲ ဗဟုသုတတိုးပွားပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းလျက်…

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here