ဘီယာ၏ ဆိုးကျိုးများ (December,2023)

0
1661

???? စိတ်ညစ်လို့ပဲ သောက်သောက်၊ ပျော်ဖို့ပဲ သောက်သောက်၊ မူးချင်လို့ပဲ သောက်သောက်… ဘီယာ အမြဲသောက်ဖြစ်နေပြီဆိုရင် ဒီဆောင်းပါးလေး‌ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။

????

????

????

ဘီယာက တကယ်တော့ နှစ်မျိုးရှိပါတယ်။ အများစုသောက်နေကျက အရက် (alcohol) ပါဝင်တဲ့ ဘီယာဆိုပေမယ့် အရက်မပါတဲ့ ဘီယာမျိုးလည်း ရှိပါတယ်။

ကစီဓာတ်ပါတဲ့ စားဖွယ်တစ်မျိုး (starch) ထဲက သကြားတွေကို အချဉ်ဖောက်ပြီး ဘီယာကို ထုတ်လုပ်ပါတယ်။ အဓိကပါဝင်ပစ္စည်းတွေက မုယောစပါး၊ ရေ၊ တစေးနဲ့ ဗျစ်ပန်းခြောက်တို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဘီယာမှာ အရက် (alcohol) ၄% ကနေ ၅% အထိ ပါဝင်တတ်ကြပြီး ဒီထက်များတာတွေလည်း ရှိပါတယ်။

ဘီယာက အရက်မဟုတ်ဘူးဆိုပြီး အသိမှားနေတတ်ကြသူတွေအတွက် အထက်မှာဆိုခဲ့သလို ဘီယာထဲမှာ အရက် (alcohol) ၅ % လောက် ပါဝင်နေတာကို ဂရုပြုသင့်ပါတယ်။ ဒါ့အပြင် ဘီယာ ၁ ဂရမ်မှာ ၇ ကီလိုကယ်လိုရီ (7 kcal/g) ပါဝင်နေတာကြောင့် ဘီယာဟာ ကယ်လိုရီပါဝင်နှုန်း မြင့်မားတယ်လို့ ဆိုရမှာပါ။

ဘီယာထဲမှာ Antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပေးတဲ့ ပစ္စည်းတွေ၊ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆီလီနီယမ်တို့လို့ သတ္တုဓာတ်တွေနဲ့ ဗီတာမင်ဘီအုပ်စုပါဝင်နေပါတယ်။ ဒီတော့ ဘီယာကို…

– နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးရန်

– မှတ်ဉာဏ်နဲ့ အတွေးအခေါ် တိုးတက်စေရန် (အထူးသဖြင့် အမျိုးသားများတွင်)

– နှလုံးထိခိုက်မှု လျော့နည်းစေရန်

– ဆီးချိုရောဂါဖြစ်နိုင်ခြေ လျော့ကျစေရန်

– အားကစားသမားများမှာဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ရန်

– အစာခြေစနစ် တိုးတက်စေရန်

– အရိုးပါးခြင်းကို ကာကွယ်ရန်

– အသက်ရှည်စေရန် အသုံးပြုသောက်သုံးကြပါတယ်‌တဲ့နော်။

ဒါပေမယ့် ဘယ်လောက်သောက်ရင် အကျိုးကျေးဇူးများတယ်၊ ဘယ်လိုသောက်ရမယ် ဆိုတာမျိုးတော့ အတိအကျ လေ့လာတွေ့ရှိထားတာမျိုး မရှိပြန်ပါဘူး။ ကောင်းတယ်လို့ပြောကြပေမယ့် လက်တွေ့ကောင်းလားဆိုတဲ့ သက်သေမျိုးလည်း မရှိပြန်ဘူး ဖြစ်နေပါတယ်။

သက်သေသာဓက အပြည့်အဝနဲ့ လက်တွေ့ဖြစ်နေ၊ ခံစားနေကြရတာတော့ ဘီယာရဲ့ဆိုးကျိုးများပဲ ဖြစ်ပါတယ်။ အရွယ်ရောက်သူတစ်ဦးက တစ်နေ့ကို ဘီယာ (၁၂) အောင်စဆံ့တဲ့ ဖန်ခွက်နှစ်ခွက်စာ သောက်လို့ရပါတယ်။ ဒီထက် ပိုသောက်လိုက်မယ်ဆိုရင်တော့ကောင်းကျိုးမရတော့ဘဲ ဆိုးကျိုးတွေသာ တစ်ခုပြီးတစ်ခု ရလာနိုင်ခြေ ရှိပါတယ်။

တစ်ဦးနဲ့တစ်ဦး ခံနိုင်ရည်မတူသော်ငြား မိုက်ခနဲဖြစ်တာ၊ မူးဝေတာ၊ အသိတရားမရှိတာ၊ သတိမရှိတာ၊ သတိမေ့တာ၊ ခဏတာ မှတ်ဉာဏ်ပျောက်တာ၊ သွေးတွင်းသကြားဓာတ်ကျတာ၊ အန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေက ရေတိုခံစားရတဲ့လက္ခဏာတွေပါနော်။

ရေရှည်မှာ မဖိတ်ခေါ်ဘဲ ရောက်လာနိုင်တာကတော့ ကုသရခက်တဲ့ ရောဂါတွေပါပဲ။ ဒါတွေကတော့…

• ပန်းနာရင်ကျပ် – ပန်းနာရင်ကျပ်ရှိသူတွေမှာ ဘီယာသောက်မိရင် (Asthma attack) လို့ခေါ်တဲ့ ပန်းနာရင်ကျပ် ထကြွခြင်းကို တွန်းအားပေးပါတယ်။

• ဂေါက် – အဆစ်အမြစ်ရောင် ဂေါက် (Gout) ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။

• နှလုံး – ရင်ဘတ်အောင့်ခြင်း၊ နှလုံးဖောက်ခြင်း၊ နှလုံးကြီးခြင်း စတဲ့ဝေဒနာရှိသူတွေကို ပိုဆိုးစေပြီး မရှိသေးရင် ရှိနိုင်ခြေ များစေပါတယ်။

• သွေးတိုးခြင်း – ဘီယာသုံးခွက်လောက် သောက်လိုက်ရင်ကို သွေးပေါင်ချိန်တိုးစေနိုင်တာမို့လို့ သက်ကြီးပိုင်းတွေ အလွန်အမင်း သတိပြုသင့်ပါတယ်။

• သွေးတွင်းအဆီဓာတ် – ကယ်လိုရီပါဝင်နှုန်း များတာကြောင့် သွေးထဲမှာ မကောင်းတဲ့အဆီတွေ စုလာပြီး ဘီယာဗိုက်လို့ခေါ်တဲ့ ဗိုက်ပူလာမယ်။ အဝလွန်လာမယ်။ ကိုယ်တွင်းအင်္ဂါတွေ အဆီဖုံးမယ်။ အဝလွန်ခြင်းရဲ့နောက်ဆက်တွဲရောဂါများစွာကို ရင်ဆိုင်ရပါမယ်။

• အိပ်မပျော်ခြင်း – တစ်ညနှစ်ည အိပ်မပျော်ရာကနေ ကာလရှည် အိပ်မပျော်နိုင်တဲ့ရောဂါကို ခံစားရပါမယ်။

• အစာအိမ် – လေထိုး၊ လေအောင့်၊ ရင်ပူတာကစလို့ အစာအိမ်ပြည်တည်နာ၊ ရောင်ရမ်းနာများ၊ အစာအိမ်ကင်ဆာများအထိ ဖြစ်စေနိုင်ပါတယ်။

• အသည်း – အရက်ပါဝင်တဲ့ ဘီယာတွေဟာ အသည်းနဲ့သက်ဆိုင်တဲ့ ရောဂါမှန်သမျှကို “ လာပါ လာပါ” ဆိုပြီး ခေါ်နေသလိုပါပဲနော်။

• မုန့်ချိုအိတ် – မုန့်ချိုအိတ်ရောင်ရမ်းမှုကို ဆိုးရွားစေပါတယ်။

• ဦးနှောက် – ဘီယာသောက်လိုက်တဲ့အခါ စိတ်ပျော်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ခဏတာ မှတ်ဉာဏ်နဲ့ သတိပျောက်သွားလို့ စိတ်ညစ်စရာတွေကို မေ့သလို ဖြစ်သွားတာပါ။ ရေရှည်မှာ မှတ်ဉာဏ်အားတွေ ကျလာပြီး သတိမေ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

• အာရုံကြော – အရက်တွေသောက်ပြီး အာရုံကြောပြတ်သွားတယ်ဆိုတဲ့ အရပ်စကား‌တွေကို ကြားဖူးကြလောက်မှာပါ။ ဦးနှောက်နဲ့အာရုံကြောနဲ့ သက်ဆိုင်တဲ့ရောဂါဝေဒနာပေါင်းများစွာကို ဘီယာကလည်း ဖြစ်စေနိုင်ပါတယ်။

• စိတ်ရောဂါ – တွေးခေါ်နိုင်စွမ်းနဲ့ ဆင်ခြင်တုံတရား ကျဆင်းတာတွေ ကြုံရနိုင်ပါတယ်။ စိတ်ညစ်လို့ဘီယာသောက်လိုက်မှ စိတ်ဓာတ်ကျဆင်းတဲ့ ရောဂါကို ရင်ဆိုင်ရနိုင်ပါတယ်။

• အလှပျက်ခြင်း – ဘီယာလိုအရည်ကို များများသောက်မိတာကြောင့် မျက်နှာမှာဖောင်းအစ်လာပြီး အဆီတွေကန်ထွက်စေကာ ရုပ်ဆိုးလာတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါ အိုမင်းရင့်ရော်မှုကို ပိုမြန်လာစေပါတယ်။

ဒါ့အပြင် ခွဲစိတ်ပြီးခါစအချိန်၊ ရောဂါတစ်ခုခုကြောင့် နာလန်ထနေချိန်တွေမှာ ဘီယာသောက်မိရင် ပြန်လည်သက်သာဖို့ ပိုကြာသွားနိုင်ပါတယ်။ ကိုယ်ခံအားကျဆင်းပြီး ရောဂါမျိုးစုံကို ဖိတ်ခေါ်နေသလို ဖြစ်သွားနိုင်ပါတယ်။ ကိုက်ခဲရောင်ရမ်းမှုကို သက်သာစေတဲ့ဆေးဝါးများအပါအဝင် အချို့ဆေးဝါးများနဲ့လည်း ဘီယာက မတည့်ပြန်ပါဘူး။

ဒီတော့ကား ကောင်းကျိုးထက် ဆိုးကျိုးပိုများပြီး လူကိုလည်း ရုပ်ဆိုးစေ၊ ခန္ဓာကိုယ်ကိုလည်း ရောဂါတိုးစေတဲ့ ဘီယာကို ဖြတ်ဖို့အချိန်တန်ကြပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ပါရစေနော်။

ဘီယာဖြတ်လိုက်တဲ့အခါ ဘာတွေဖြစ်လာမလဲဆို …

– ခွန်အားပြည့်လာခြင်း

– အိပ်ပျော်ခြင်း

– စိတ်ဓာတ်တက်ကြွလာခြင်း

– အသားအရည်လှလာခြင်း

– ခါးသေးသွယ်လာခြင်း

– အစာအိမ်ကျန်းမာလာခြင်း

– ကင်ဆာနဲ့အခြားရောဂါများ ဖြစ်နိုင်ခြေလျော့နည်းလာခြင်း စတဲ့ ကောင်းကျိုးတွေကို ခံစားလာရမှာပါ။

.

ဘီယာဖြတ်တော့မယ်ဆို လုံးဝမသောက်ဘဲ နေလိုက်တာထက် တဖြည်းဖြည်းလျှော့သောက်သွားပါ။ တစ်ပတ်ကို ဘယ်နှစ်ခွက်ပဲသောက်မယ်ဆိုပြီး သတ်မှတ်ထားပါ။ ဘီယာသောက်ဖို့ ချိန်းဆိုလာရင် အားမနာဘဲ ငြင်းပါ။ မသောက်ဘူးဆိုပြီး ဘီယာဆိုင်ကျ လိုက်သွားတာမျိုးကို လုံးဝမလုပ်ပါနဲ့။ ဘီယာသောက်မယ့်အစား ချစ်သူ၊ သူငယ်ချင်း၊ မိသားစုများနဲ့ စကားပြောပြီး တိုင်ပင်ကြည့်ပါ။

ဖြတ်ဖို့ခက်နေရင်လည်း ဘာမှစိတ်မပူ၊ စိတ်အားမငယ်ပါနဲ့… တယ်လီကျန်းမာမှာ လာရောက်တိုင်ပင်နိုင်ပါတယ်နော်။♥️

Reference : ????

https:// www. webmd. com /vitamins/ai/ingredientmono-1007/beer

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here