- အကြောင်းအမျိုးမျိုးကြောင့် တစ်နင့်တစ်ပိုး ထမ်းပိုးလာခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ…
- ဆုံးရှုံးမှာကြောက်လို့ အလန့်တကြားဆုပ်ကိုင်ထားမှုတွေ…
- မိသားစုဆွေမျိုး၊ အလုပ်အကိုင် စတဲ့ဆက်နွယ်မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ နှောင်ကြိုးတွေ…
- အထူးသဖြင့် လေးနှစ်တာနီးပါး ခံစားနေခဲ့ရတဲ့ ကျွန်မတို့ရဲ့ဝမ်းနည်းမှုသောကတွေ၊ ခံပြင်းမှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ပျက်လုဆဲဆဲ မျှော်လင့်ချက်တွေ၊ မရေရာတဲ့အနာဂတ်တွေ….
စတဲ့အချက်တွေကြောင့် ရှေ့ဆက်မတိုးနိုင်ခြင်း၊ ရှေ့ဆက်တိုးဖို့ ခွန်အားမရှိခြင်း၊ ရှေ့ဆက်ဖို့ကြောက်ရွံနေခြင်းတွေကို ကျွန်မတို့တွေအများစု ခံစားနေကြရမယ်ထင်ပါတယ်။
…
…
ဖြစ်ရပ်ဆိုးတွေကြောင့် ပေါ်ပေါက်လာတဲ့ မကောင်းတဲ့အတွေးတွေနဲ့ ခံစားချက်တွေဟာ အချိန်အကြာကြီး မကုစားဘဲထားမိရင် ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို တမြေ့မြေ့နဲ့ လှိုက်စားတတ်ပါတယ်။
ကျွန်မတို့ကိုဆွဲချနေတဲ့ အတိတ်တွေ၊ ကျွန်မတို့ကိုပိတ်လှောင်ထားတဲ့ လက်ရှိအခြေအနေတွေ၊ ချုပ်နှောင်ထားတဲ့ အပြစ်ရှိစိတ်တွေကို လက်ခံပေးပြီးတစ်ပြိုင်နက်တည်းမှာ လွှတ်ချလိုက်ခြင်းဟာ ရှေ့ဆက်ဖို့လမ်းစတွေကို မြင်လာနိုင်စေပါတယ်။
ဒီလို လွှတ်ချခြင်းမှာလည်း သတ္တိရှိဖို့လိုအပ်ပါတယ်။
ဆိုရိုးလေးတစ်ခုလိုပါပဲ…
“ ကောင်းကင်မှာ ပျံသန်းဖို့အတွက် မြေပြင်ကိုစွန့်ခွာဖို့တော့ သတ္တိနဲ့စိတ်ခွန်အား လိုအပ်ပါတယ်” တဲ့။
…
…
လွှတ်ချခြင်းဆိုတဲ့နေရာမှာ ဖြစ်ရပ်တွေကို မေ့ပစ်လိုက်ဖို့၊ ခွင့်လွှတ်လိုက်ကြဖို့၊ သည်းခံလိုက်ကြဖို့လို့ ဆိုလိုခြင်း မဟုတ်ပါ။ ထို့အတူ လက်မြှောက်အရှုံးပေးခြင်းမျိုးလည်း မဟုတ်ပါ။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ခံစားချက်တွေကို အသိအမှတ်ပြု လက်ခံပေးပြီး အတိတ်မှာပဲ ပိတ်မိမနေဘဲ ရှေ့ဆက်သွားကြရမယ်လို့ ဆိုလိုခြင်းပါ။
ဒါတွေကို လွှတ်ချဖို့ အချိန်တစ်ခုပေးကြည့်ကြရအောင်။
…
…
ဟုတ်ပါတယ်…
ဖက်တွယ်ထားခြင်းထက် လွှတ်ချခြင်းဟာ ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ကြိုးစားကြရပါမယ်။
- ကိုယ့်စိတ်ကို လွတ်လပ်ခွင့်ပေးမယ်
- ကိုယ့်ကိုယ့်ကို ခွင့်လွှတ်မယ်
- ချစ်ခင်ရသူတွေရဲ့အကူအညီကို ယူသင့်တဲ့အခါယူမယ်
- ဘဝတူချင်း မေတ္တာနဲ့ဖေးမကြမယ်
- ငိုချင်တဲ့အခါ ငိုချမယ်
- ပြုံးသင့်တဲ့အခါ အားရပါးရပြုံးမယ်
- တစ်နေ့တာအတွက်ပဲ goal လေးတွေချပြီးနေမယ်
- ကျေးဇူးတရားတွေကို အသိအမှတ်ပြုမယ်
- အချိန်တိုင်းကို သတိလေးကပ်ပြီးနေမယ်
ဒါမှသာ လိုရာခရီးကို တစ်လှမ်းချင်း ရှေ့ဆက်နိုင်မှာဖြစ်တယ်။
…
…
ဟုတ်ပါတယ်…
ဖက်တွယ်ထားခြင်းထက် လွှတ်ချခြင်းဟာ ပိုလို့တောင် ခက်ခဲပါသေးတယ်။
ဒါပေမယ့် ပြန်မလာနိုင်တော့မယ့်သူတွေအတွက် ကျွန်မတို့ ပိုလို့ (ပိုလို့ ) ကြိုးစားကြရပါလိမ့်မယ်….။
💗💗
သင်၏စိတ်ကလေးကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.