မီနူး

Home Health Education Mental Health နေရာတစ်ခုခုတွင် ပိတ်မိမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်း Agoraphobia

နေရာတစ်ခုခုတွင် ပိတ်မိမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်း Agoraphobia

0
နေရာတစ်ခုခုတွင် ပိတ်မိမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်း Agoraphobia

လူတော်တော်များများမှာ phobia လို့ခေါ်တဲ့ တစ်စုံတစ်ခုကို ထူးထူးခြားခြား တခြားသောအရာတွေထက်ပိုပြီး ကြောက်လန့်တတ်တဲ့ စိတ်လှုပ်ရှားမှုရောဂါတွေ ရှိကြပါတယ်။ တချို့က အမှောင်ကို ကြောက်တယ်။ တချို့က အင်းဆက်ပိုးမွှားတွေကို ကြောက်တယ်။ တချို့က အမြင့်ကို ကြောက်တယ်။ ဒီနေ့မှာတော့ အဲဒီလို phobia တွေထဲက နေရာတစ်ခုခုမှာ ပိတ်မိမှာကိုကြောက်တဲ့ Agoraphobia လို့ခေါ်တဲ့ ရောဂါတစ်ခုအကြောင်း ပြောပြပေးသွားပါမယ်။

Agoraphobia ရှိတဲ့သူ‌တွေဟာ ဥပမာပြောရရင် public transportation တွေစီးတဲ့အခါ လူကျပ်တာ၊ အလုံပိတ်နေရာတွေ၊ လူအများကြီးတန်းစီရတဲ့အခါ၊ လူတွေပြည့်ကျပ်နေတဲ့နေရာတွေ ရောက်တဲ့အခါ အဲဒီနေရာတွေမှာ ပိတ်မိသွားမှာကို ကြောက်ရွံ့တာဖြစ်ပါတယ်။

အဓိကအကြောင်းအရာကတော့ အဲဒီလိုနေရာတွေရောက်သွားတဲ့အခါ စိတ်လှုပ်ရှားမှုလွန်ကဲပြီး မလွတ်မြောက်နိုင်မှာ၊ အကူအညီမရနိုင်မှာကို ကြောက်ရွံတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး လူများတဲ့နေရာတွေ၊ အလုံပိတ်နေရာတွေ သွားရတော့မယ်ဆိုရင် မိသားစု ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်တော့ ခေါ်သွားဖို့လိုအပ်တယ်လို့ ခံစားရပါလိမ့်မယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့
အိမ်မှာတစ်ယောက်တည်းနေရမှာကို ကြောက်တာ၊ လူတွေပြည့်ကျပ်နေတာ ဒါမှမဟုတ် လူတွေအများကြီးနဲ့ တန်းစီရတာ၊ ဓာတ်လှေကား၊ ဆိုင်၊ ရုပ်ရှင်ရုံတို့လို အလုံပိတ်နေရာ‌တွေကို ကြောက်ရွံ့တာ၊ ကားပါကင် (car parking) နဲ့ စျေးဝယ်စင်တာတို့လို ပွင့်လင်းနေရာများ၊ ဘတ်စ်ကား၊ ရထား၊ လေယာဥ်တို့လို အများသုံး ယာဥ်ကြောင်းတွေကို အသုံးပြုဖို့ ကြောက်ရွံ့တာတွေ ဖြစ်ပါတယ်။

ဒီလိုနေရာတွေရောက်လို့ မိမိ‌ကြောက်ရွံ့တဲ့အခါမျိုးတွေမှာ မလွတ်မြောက်နိုင်မှာ၊ အကူအညီမရမှာကို စိုးရိမ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ကြောက်ရွံ့တာအပြင် ကြောက်ရွံ့တာကိုဖော်ပြတဲ့ လက္ခဏာတွေဖြစ်တဲ့ မူးဝေတာ၊ သတိမေ့တာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။

တချို့သောသူတွေမှာတော့ Agoraphobia နဲ့အတူ panic disorder ပါ တွဲပြီးတော့ ရှိတတ်ပါတယ်။ ဒါကြောင့် panic attack ဖြစ်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေဖြစ်တဲ့….

  • နှလုံးခုန်မြန်လာတာ
  • အသက်ရှူရခက်ခဲတာ
  • ရင်ဘတ်အောင့်တာ
  • ခေါင်းမူးတာ
  • တုန်ယင်လာတာ၊ အကြောတွေထုံကျဥ်တာ
  • ချွေးတွေအများကြီးထွက်တာ
  • ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

သူတို့က နောက်တစ်ခေါက်ထပ်ပြီး ဒီလို attack မျိုး ထပ်ရမှာကို ကြောက်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးတွေသွားရမှာကို အတတ်နိုင်ဆုံး ရှောင်တတ်ကြပါတယ်။ Agoraphobia ရှိတဲ့သူတွေက ဒီလိုလူအများကြီးတွေရှိတဲ့နေရာတွေမှာဆိုရင် အန္တရာယ်ကင်းတယ်လို့ မခံစားရတာကြောင့် ဒီလိုနေရာတွေကို သွားတဲ့အခါမျိုးတွေမှာ တစ်ယောက်တည်းထက် အဖော်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့သာ သွားတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ဒီလိုမျိုးကြောက်ရွံ့မှုက လွှမ်းမိုးနေတဲ့အတွက်ကြောင့် အိမ်ကနေ ဘယ်မှမသွားတော့တာလည်း ရှိတတ်ပါတယ်။

ဘာကြောင့် Agoraphobia ရလဲဆိုတာတော့ ပြောဖို့ခဲယဥ်းပေမယ့် အများအားဖြင့်တော့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) အပြင် စိတ်ဖိစီးမှုတွေနဲ့ အများကြီးသက်ဆိုင်နေတာကိုလည်း တွေ့ရပါတယ်။

ဘယ်လိုလူမျိုးတွေမှာ Agoraphobia ဖြစ်ပွားနိုင်ခြေများသလဲဆိုရင်တော့…

•Agoraphobia မတိုင်မီ တခြားသောအကြောက်လွန်ရောဂါတွေ ရှိနေတဲ့သူတွေ
•Panic attack ဖြစ်တဲ့အခါ အလွန်ကြောက်တတ်တဲ့သူတွေ၊ အလွန်အကြူး ရှောင်တတ်တဲ့သူတွေ
•အနိုင်ကျင့်ခံရတာ၊ အတိုက်ခိုက်ခံရတာ အစရှိတဲ့ လုပ်ရပ်မျိုးတွေ ကြုံတွေ့ခဲ့ရသူတွေ
•နဂိုကတည်းက သာမန်ထက်ကြောက်တတ်တဲ့၊ စိတ်လှုပ်ရှားတတ်တဲ့သူတွေ အစရှိသူမှာ Agoraphobia ဖြစ်တတ်တာကို တွေ့ရပါတယ်။

Agoraphobia ဟာ ကြာလာတဲ့အခါမှာ ကာယကံရှင်က အိမ်ကနေ မထွက်တာ၊ တစ်ယောက်တည်း အလုပ်မသွားနိုင်တာ၊ ကျောင်းမသွားနိုင်တာတို့ကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာတွေပါ ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

Agoraphobia ကနေတစ်ဆင့် စိတ်ကျရောဂါ၊ အရက်စွဲတာ၊ ဆေးစွဲတာ၊ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်တာတွေအထိလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လို ကာကွယ်မလဲ

အတိအကျကာကွယ်ရမယ့် နည်းလမ်းတော့ မရှိပါဘူး။ ဒါပေမယ့် စိတ်လှုပ်ရှားမှုကြောင့် မိမိရဲ့စိတ်အခြေအနေက ပိုဆိုးလာပြီး မိမိကြောက်တဲ့နေရာတွေကို ‌ရှောင်ကြဥ်တာ ပိုများလာပါတယ်။ အကယ်၍ ကိုယ့်မှာ လူများတဲ့နေရာတွေ သွားရမှာ စကြောက်လာပြီ၊ စိတ်လှုပ်ရှားလာပြီဆိုရင် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေကိုလျှော့ချပြီး အဲဒီနေရာတွေကို ထပ်တလဲလဲသွားဖို့ လေ့ကျင့်ပါ။

အကြောက်တရားကို ဖြေရှင်းတဲ့နည်းလမ်းက မိမိရဲ့အကြောက်တရားကို ရင်ဆိုင်တာဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ‌ရှောင်ကြဥ်တာမျိုးမလုပ်ဘဲ ရင်ဆိုင်ဖို့ ကြိုးစားပေးပါ။ အကယ်၍ တစ်ယောက်တည်းသွားဖို့ ခက်ခဲတယ်ဆိုရင် မိသားစုဝင်တစ်ယောက်ယောက်၊ သူငယ်ချင်းတစ်ယောက်ယောက်ကို အဖော်ခေါ်သွားပါ။

အကောင်းဆုံံးကတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ပါပဲ။ မရင်ဆိုင်ဘဲ အချိန်အကြာကြီး တစ်ယောက်တည်း မျိုသိပ်ထားမယ်ဆိုရင်တော့ ကြာလာတဲ့အခါမှာ ပိုဆိုးနိုင်ပါတယ်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here