မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ မွေးကင်းစကလေးငယ်ကြား အရေပြားချင်းထိတွေ့ပြီး ရင်းနှီးမှုရစေတဲ့အပြင် မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံး အာဟာရအရင်းအမြစ်လည်း ဖြစ်ပါတယ်။ မီးဖွားပြီးပြီးချင်း ပထမရက်အနည်းငယ်မှာ colostrum လို့ခေါ်တဲ့ နို့ဦးရည်ကို ထုတ်ပေးပါတယ်။
.

🔸 Colostrum နို့ဦးရည်ဆိုတာ ဘာလိုမျိုးလဲ

နို့ဦးရည်က များသောအားဖြင့် ရွှေဝါရောင်ဖြစ်ပြီး ကြက်ဥအနှစ်နဲ့ ဆင်တူပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက် လိုအပ်တဲ့ အာဟာရများစွာ ပါဝင်တာကြောင့် liquid gold လို့လည်း ခေါ်ဆိုကြပါတယ်။ နို့ဦးရည် အဝါရောင်ဖြစ်နေရခြင်းက carotenoid လို့ခေါ်တဲ့ အဆီမှာပျော်ဝင်နိုင်ပြီး ဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတလေ အရောင်မရှိတာမျိုး၊ အဖြူရောင် သို့မဟုတ် ခရင်မ်အနှစ်လိုမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်မိခင်နို့ သို့မဟုတ် နွားနို့ထက် ပိုပြီးပျစ်ချွဲနေတတ်ပါတယ်။ တစ်ခါတလေ သွေးလေးတွေပါလာတတ်တာကြောင့် သွေးထွက်နေတာမျိုးမဟုတ်ရင်တော့ စိုးရိမ်စရာမရှိပါဘူး။
.

🔸နို့ဦးရည်က ဘယ်အချိန်မှာ စဖြစ်သလဲ

အချင်းကနေ ထုတ်ပေးတဲ့ progesterone ဟော်မုန်းက ကိုယ်ဝန် ၁၂ ပတ်ကနေ ၁၈ ပတ်ကြားမှာ colostrum ကို စတင်ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဒုတိယသုံးလပတ်မှစ၍ ရင်သားကနေ နို့ရည်ကြည်တွေ တစ်ခါတစ်ရံ ထွက်နိုင်ပါတယ်။ လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို လျှော့ချဖို့ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ နို့ရည်ကြည်တွေကို မညှစ်ထုတ်သင့်ပါဘူး။

ကလေးမွေးဖွားပြီးနောက် အချင်းဖယ်ပြီးတဲ့အခါ progesterone ပမာဏ သိသိသာသာကျဆင်းသွားပြီး ရင်သားကနေ နို့ရည်တွေ ထွက်လာပါတယ်။ ကလေးမွေးဖွားပြီး ပထမ ၂၄ နာရီအတွင်း ချက်ချင်း မိခင်နို့ကို စတင်တိုက်ကျွေးရပါမယ်။ စေးကပ်ပျစ်ချွဲတာကြောင့် နည်းနည်းပဲထွက်ပေမယ့် မွေးကင်းစကလေးအတွက် လုံလောက်တဲ့ပမာဏ ဖြစ်ပါတယ်။ တစ်ခါတလေ ဒီလိုအချိန်မျိုးမှာ breast pump တွေက အဆင်မပြေတာကြောင့် လက်နဲ့ညှစ်ပြီး ကလေးငယ်ကို တိုက်ကျွေးသင့်ပါတယ်။ အကယ်လို့ ကလေးက နို့ဦးရည်ကို ကောင်းကောင်းရရှိခြင်း ရှိ/မရှိ မသေချာရင် ကလေးက ပုံမှန်ဆီးသွားနိုင်လား၊ ကိုယ်အလေးချိန်ပုံမှန်ရှိလား စတာတွေကို စောင့်ကြည့်နိုင်ပါတယ်။
.

🔸နို့ဦးရည်မှာ ဘာတွေပါလဲ

မွေးကင်းစကလေးတွေမှာ ခုခံအားစနစ် အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် ပတ်ဝန်းကျင်ကရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ များပါတယ်။ နို့ဦးရည်က ကလေးငယ်ရဲ့ ခုခံအားစနစ်အတွက် လိုအပ်တဲ့အာဟာရတွေကို ပေးနိုင်ပြီး ရောဂါပိုးမွှားတွေကနေ ကာကွယ်ပေးပါတယ်။ နို့ဦးရည်မှာ သွေးဖြူဥတွေပါ၀င်ပြီး ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်တဲ့ immunoglobulin A ကို ထုတ်ပေးပါတယ်။ ဒါ့ကြောင့် နို့ဦးရည်တိုက်ကျွေးခြင်းဟာ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။

နို့ဦးရည်ဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီနဲ့သကြားပါဝင်မှု နည်းပါတယ်။ ရောဂါပိုးများကို ကာကွယ်ပေးတဲ့ lactoferrin ကဲ့သို့ပရိုတင်းတွေနဲ့ ဆဲလ်ကြီးထွားမှုကို အားပေးတဲ့ epidermal growth factor တို့ ပါဝင်ပါတယ်။ ဗီတာမင် A လို အရေးကြီးတဲ့ဗီတာမင်များစွာနဲ့ မဂ္ဂနီဆီယမ်၊ ကြေးနီနဲ့ ဇင့်ကဲ့သို့ သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။ ဗီတာမင် A က ကလေးရဲ့အမြင်အာရုံ၊ ကိုယ်ခံစွမ်းအားနဲ့ အရေပြားကျန်းမာရေးအတွက် လိုအပ်ပြီး မဂ္ဂနီဆီယမ်ကတော့ ကလေးရဲ့နှလုံးနဲ့အရိုးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်ပါ။ ကြေးနီနဲ့ ဇင့်ကတော့ ခုခံအားစနစ်ကို ပံ့ပိုးပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ နို့ဦးရည်မှာဆိုရင် ပုံမှန်မိခင်နို့ထက် ဇင့် လေးဆနဲ့ ကြေးနီ နှစ်ဆ ပိုပါပါတယ်။ နို့ဦးရည်ဟာ ပိုပြီးစေးကပ်ပျစ်ချွဲပေမယ့် အဆီနဲ့ သကြားပါဝင်မှုနည်းတာကြောင့် ပုံမှန်မိခင်နို့ထက် အစာကြေဖို့ ပိုမိုလွယ်ကူပါတယ်။
.

🔸 နို့ဦးရည်က ဘယ်အချိန်မှာ နို့အဖြစ်ပြောင်းသလဲ

မိခင်နို့ထုတ်ခြင်းမှာ အဆင့်သုံးဆင့်ရှိပါတယ်။

(၁) Colostrum — မွေးဖွားပြီးနောက် ပထမဆုံးထွက်တဲ့ နို့ဦးရည်ဖြစ်ပါတယ်။ အများအားဖြင့် နှစ်ရက်မှ ငါးရက်ပြီးနောက် အပြောင်းအလဲအချို့ စတင်ပါတယ်။

(၂) Transitional milk — နို့ဦးရည်နဲ့ ပုံမှန်မိခင်နို့ နှစ်မျိုးစလုံး ပါဝင်ပါတယ်။ များသောအားဖြင့် ကလေးမွေးဖွားပြီးနောက် ငါးရက်မှ နှစ်ပတ်အထိ ထုတ်လုပ်ပေးပါတယ်။ ဒီကာလမှာ လျင်မြန်စွာကြီးထွားနေတဲ့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ အာဟာရလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ နို့ရည်ထုတ်လုပ်မှုဟာလည်း တိုးလာပါတယ်။

(၃) Mature milk — မွေးဖွားပြီး လေးပတ်မှ ခြောက်ပတ်ခန့်အကြာမှာ နို့ဦးရည်မပါတော့တဲ့ မိခင်နို့ရည် ရရှိပါတယ်။ ဒီနို့ရည်ဟာ ပိုကျဲပြီး ပိုဖြူကာ အဆီနှင့်သကြားပါဝင်မှု ပိုများပါတယ်။ ဒီအချိန်မှာဆိုရင် မိခင်နို့ဟာလည်း ကောင်းကောင်းထွက်ပြီ ဖြစ်ပါတယ်။
.

🔸နို့ဦးရည်ကို ဘာအတွက် အသုံးပြုကြသလဲ

နို့ဦးရည်ဟာ မွေးကင်းစကလေးငယ်အတွက် အောက်ပါနည်းလမ်းများဖြင့် အသုံးဝင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းစေခြင်း — နို့ဦးရည်မှာပါတဲ့ အာဟာရဓာတ်တွေဟာ ပတ်ဝန်းကျင်ရှိ ရောဂါပိုးမွှားများမှ ကာကွယ်ပေးခြင်းဖြင့် မွေးကင်းစကလေးတွေအတွက် သဘာဝ ပဋိဇီဝဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။

အာဟာရဓာတ်ကြွယ်ဝခြင်း — မွေးကင်းစကလေးငယ်အတွက် လျင်မြန်စွာကြီးထွားဖို့ လိုအပ်တဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း — အဆီပါဝင်မှုနည်းတာကြောင့် ချေဖျက်ရလွယ်ကူပါတယ်။ အန္တရာယ်ရှိတဲ့ရောဂါပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးတာကြောင့် အူလမ်းကြောင်းကို ကောင်းမွန်ကျန်းမာစေပါတယ်။

သဘာဝဝမ်းနုတ်ဆေးအဖြစ် လုပ်ဆောင်ပေးခြင်း — မွေးကင်းစကလေးရဲ့ ပထမဆုံးဝမ်း (meconium) ကို ရှင်းလင်းရာမှာ ကူညီပေးတဲ့အတွက် ကလေးငယ်မှာ အသားဝါခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ခန္ဓာကိုယ်ထိန်းညှိမှုကို ကူညီပေးခြင်း — နို့ဦးရည်ဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အပူချိန်၊ ဇီဝဖြစ်ပျက်မှု၊ အဆုတ်နဲ့ သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများအပြင် သွေးတွင်းသကြားဓာတ်အဆင့်တွေကို ထိန်းညှိပေးနိုင်တာကြောင့် ကလေးငယ်တွေကို ပြင်ပပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် နေနိုင်စေပါတယ်။ တစ်ကြိမ်ကို နို့ရည်ကြည်ပမာဏ အနည်းငယ်သာ သောက်ရတာကြောင့် နို့တိုက်ကျွေးနေစဉ် အသက်ရှူခြင်း၊ စုပ်ခြင်းနှင့် မျိုချခြင်းတို့ကို လွယ်ကူစွာ သင်ယူနိုင်ကြပါတယ်။

ကြီးထွားမှုကို အားပေးခြင်း — နို့ဦးရည်မှာပါတဲ့ ကြီးထွားမှုဆိုင်ရာ ပရိုတင်းဓာတ်ဟာ ကလေးငယ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။
.

ဒီလိုများပြားလှတဲ့ အကျိုးကျေးဇူးတွေကြောင့် မွေးဖွားပြီးနောက် စောနိုင်သမျှစောစွာ ကလေးငယ်ကို မိခင်နို့ရည်တိုက်ကျွေးသင့်ပါတယ်…။

Reference : 📖
https : // www . webmd . com / baby / what – is – colostrum

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here