” ဒေါက်တာလီယိုနှင့် မစ္စတာတက်တူး “
ဂျီပီတစ်ယောက်၏ တစ်နေ့တာတွင် ထိခိုက်ဒဏ်ရာလူနာတစ်ယောက်တော့ အနည်းဆုံး လာတတ်သည်။ လူဆိုသည်မှာ ကူးစက်ရောဂါများကို ကာကွယ်ဆေးထိုး၍ ရသော်လည်း ထိခိုက်ဒဏ်ရာ မရစေရန်တော့ ကာကွယ်ဆေး မရှိ။
တစ်နေ့တွင် အသက် ၃၀ အရွယ် လူငယ်တစ်ယောက် ဆိုင်ကယ်လဲ၍ ခြေဖမိုးစုတ်ပြဲဒဏ်ရာ ရထားသည်။ သူ့သူငယ်ချင်းနှစ်ယောက်က ဆေးခန်းထဲ တွဲခေါ်လာသည်။ ဒဏ်ရာကို ချုပ်ရန် ပြင်ဆင်ကြသည်။
“ အစ်ကိုတို့ အပြင် ခဏထွက်ပေးလို့ရလား”
သူနာပြုအကူဆရာမလေးက လူနာစောင့်များကို ပြောသည်။
“ ဟာ၊ ကျွန်တော် ကြည့်ချင်လို့ပါ”
“ သွေးမြင်ရင် မူးမှာ စိုးလို့ပါ”
“ ကျနော်က မကြောက်တတ်ပါဘူး”
ဒေါက်တာလီယိုလည်း ဘာမှ ပြောမနေဘဲ လူကို တစ်ချက်အကဲခတ်လိုက်သည်။ ကြည့်ချင်သည်ဆိုသည့် လူနာစောင့်ပုံစံက ကျားကျားယားယား၊ လက်မောင်းနှင့် လက်ဖျံမှာ တက်တူးအပြည့်နှင့်။
“ အိုကေလေ၊ ဒဏ်ရာကို မြင်သာအောင် မီးထိုးပေးလေ။ ဆရာမလေးကလည်း ဆရာ့ကို ကူပေးရမှာ ဆိုတော့။”
ထို့နောက် ဒဏ်ရာကို ထုံဆေးထိုးကာ ဆလိုင်းဆေးရည်နှင့် သန့်ရှင်းရေးလုပ်ရသည်။ ထိုသို့ ဆေးလိုက်သောအခါမှ ပြတ်နေသော သွေးကြောသေးသေးလေးက ထောင်ပန်းတော့သည်။ အာရုံစိုက်ကာ Artery forceps သုံး၍ သွေးကြောကို ချည်ရန် ကြိုးစားစဥ်….
“ ဝုန်း”
“ ဟာ….ဘာလဲဟ”
မစ္စတာ တက်တူးတစ်ယောက် ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားလေတော့သည်။
ဆေးခန်းလေးမှာ သူနာပြုအကူဆရာမလေးနှင့် နှစ်ယောက်ထဲ အလုပ်ရှုပ်ရသည့်ကြားထဲ မစ္စတာတက်တူးကို လွတ်နေသော အခန်းက ခုတင်ပေါ် ဆွဲတင်ကာ နှာနှပ်လိုက်ရပါသေးသည်။
…
…
သွေးမြင်၍ မူးလဲတတ်ခြင်းကို ဆေးပညာအရ Vaso-vagal syncope ဟု သတ်မှတ်ပါသည်။ ခန္ဓာကိုယ်၏ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး သွေးပေါင်ချိန် ရုတ်တရက်ပြုတ်ကျခြင်း၊ နှလုံးခုန်နှေးသွားခြင်းတို့ ခံစားရသည်။ မူးမလဲမီ ချွေးထွက်လာခြင်း၊ မျက်လုံးပြာလာခြင်း၊ နားအူခြင်း ဖြစ်တတ်သည်။ မတ်တပ်ရပ်နေလျှင် သွေးပေါင်ပိုကျတတ်သည်။
ထိုသို့ဖြစ်လျှင် အိပ်ရာပေါ်သို့ ချက်ချင်းလှဲကာ ခြေထောက်နှစ်ဘက်ကို မြှင့်ထားရသည်။ ဖျော်ရည်တစ်ခုခုတိုက်သင့်သည်။
Vaso-vagal syncope သည် သွေးမြင်မှသာ ဖြစ်သည်မဟုတ်။ နာကျင်မှု၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု၊ မတ်တပ်ကြာရှည် ရပ်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်သည်။ တစ်နှစ်လျှင် လူတစ်ထောင်မှာ တစ်ယောက် အနည်းဆုံး ဖြစ်တတ်သည်။ ထိုသို့မဖြစ်စေရန် ကိုယ့်ကိုယ်ကိုယ်သိပြီး ဖြစ်စေသောအချက်များကို ရှောင်ရှားရမည်။
ထိုအခါမှစ၍ ဒေါက်တာလီယိုတစ်ယောက်လည်း ပညာအကြီးကြီးရကာ ထိခိုက်ဒဏ်ရာကို ခွဲစိတ်ကုသရာဝယ် ဝင်ကြည့်ပါရစေဆိုသော လူနာစောင့်များကို မစ္စတာ တက်တူးအကြောင်း ထပ်ခါထပ်ခါ ပြောပြနေမိတော့သည်။
.
Dr လီယိုနယ်လင်းထက်
Ministry of Health,
National Unity Government.