ဆေးခန်းကြော်ငြာ (Zero Suicide Campaign ရသစာ)

0
226

သီးနှံတွေရိတ်သိမ်းချိန် မိုးအကုန်ဆောင်းအကူး ရာသီဥတုက အေးမြမြရှိသော ညနေစောင်းအချိန်တွင် ဖြစ်သည်။

ဦးဇော်တစ်ယောက်၏ စိတ်ထဲဝယ် “ ဪ… ရွာမှာ သီးပင်စားပင်လေးတွေ အထွက်နှုန်းကောင်းပေမယ့် ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာတော့ ရှာရဖွေရ မလွယ်လှပါလားနော်” ဟုတွေးတောရင်း ရွာထိပ်သို့ လမ်းလျှောက်လာခဲ့လေရာ…

ရွာထိပ်အရောက်တွင် ငိုသံတစ်ခုနှင့်အတူ ကြားလိုက်ရသည်ကား…

“ ဟိုငပုကောင်တောင် အားလုံးလက်ခံမယ်အထင်နဲ့ တစ်နိုင်ငံလုံးကို မတရားလိုချင်ခဲ့တာ… ကိုယ်ကတော့ မင်းအချစ်ကိုပဲလိုချင်တာ တရားပါတယ်ကွာ…. ဟိုငပုလို မတရားလုယူခဲ့တာလည်း မဟုတ်ပါဘူး… မင်းအချစ်တွေကို တရားမျှတစွာ တောင်းခံခဲ့မိတာပါ”

“ အခုတော့ ဟိုငပုကောင်ကို တစ်လောကလုံးက ပုန်ကန်နေသလိုပဲ မင်းက ကိုယ့်ကိုထပ်ပြီး မဆုံရန်အကြောင်းတွေ ပြောလာတော့…”

“ ဟိုငပုကောင် ကြိုးစင်မတက်ခင် ကိုယ်အရင်ဆုံး ဒီကြိုးနဲ့ လောကကြီးကို နှုတ်ဆက်တော့မယ်ကွာ” ဟု ကြိုးကွင်းကိုကိုင်၍ ငိုင်တိုင်တိုင်နှင့် ငိုနေသော အောင်ကြီးပင် ဖြစ်ချေတော့သည်တကား။

အသို့နှင့် ဦးဇော်လည်း ပျာပျာသလဲဖြင့်….

“ ဟ ဟ.. အောင်ကြီးရ နေပါဦး… မကြံကောင်းမစီရာတွေ မလုပ်ပါနဲ့ကွာ။ မင်းစိတ်ညစ်လို့ လောကကြီးကို အရှုံးပေးချင်စိတ်ပေါက် နေပြီဆိုရင် တယ်လီကျန်းမာမှာ Zero Suicide Hotline ဆိုတာရှိတယ်ကွ”

“ အဲဒီမှာ မင်းအဆင်မပြေတာတွေ မင်းကြုံတွေနေရတဲ့ အခက်အခဲတွေကို ဆွေးနွေးတိုင်ပင်လို့ ရတယ်ကွာ။ မင်းရဲ့အခြေအနေအပေါ်မူတည်ပြီး လိုအပ်ရင်လိုအပ်သလို ကျွမ်းကျင်ပိုင်နိုင်တဲ့ စိတ်ကုထုံးဆရာဝန်ကြီးတွေနဲ့လည်း ချိတ်ဆက်ပေးပြီး အခမဲ့ဆွေးနွေးနိုင်တယ်ကွ။ အခုလိုတော့ မလုပ်သင့်တာတွေ မလုပ်ပါနဲ့ ငါ့တူရာ” ဟူ၍ အကြံပေးလေ၏။

ဦးဇော်သည်ကား တစ်ရွာလုံးတွင် လူတတ်လူဇော်ကြီး လုပ်တတ်သောကြောင့် တစ်ရွာလုံး သူစကားကိုနားထောင်ချင်သူ နည်းပါးသော်လည်း အောင်ကြီးတစ်ယောက်တော့ ဦးဇော်၏အကြံပေးချက်ကို လက်ခံသွားပုံရသည်။

ထိုနေ့မှစ၍ အောင်ကြီးအား သီတင်းပတ်အနည်းငယ်လောက် မတွေ့ရတော့ပေ။

တစ်နေ့သောမနက်ခင်း…

ဦးဇော်တစ်ယောက် ရွာဦးကျောင်း၌ ဆရာတော်နှင့်အတူရှိနေစဉ် သူ၏ဇနီးဖြစ်သော ဒေါ်မြင့် ဦးဇော်ဆီသို့ အပြေးလာလေသည်။

“ ကိုဇော် ‌ရှင့်သမီးအလှလေး အလှလေး”

ဘာမှ ဆက်မပြောနိုင်ဘဲ အမောတကော ပြေးလာနေသော ဇနီးဖြစ်သူကို မျက်မှောင်ကြုတ်လျက် “ ငါ့သမီးလေး အလှလေး ဘာဖြစ်တုန်း” ဟု ပြန်မေးလိုက်လေသော်…

ဒေါ်မြင့်တစ်ယောက် အသံချက်ချင်းထွက်မလာနိုင်ဘဲ ကြက်ဖတစ်အော်လောက်အပြီးမှ…

“ ရှင့်သမီး အလှလေး ဟိုကောင် အောင်ကြီးနောက်လိုက်ပြေးသွားပြီ” ဟူ၍ ဆို့နင့်စွာ ပြောလေ၏။

ဦးဇော်တစ်ယောက် မိုးမီးလောင်ချေပြီ။

“ ဟိုကောင် အောင်ကြီး မင်းကိုငါသတ်မယ်… မင်းကိုအရှင်မထားဘူး ငါ့သမီးအလှလေးကိုမှကွာ တောက်” ဟူ၍ အော်ဟစ်ပေါက်ကွဲလေရာ ဆွမ်းဘုန်းပေးနေသော ဆရာတော်လည်း ဒကာကြီးဇော်အသံကြောင့် အာရုဏ်ဆွမ်းကို ဆက်မဘုန်းပေးဘဲ ထလေတော့သည်။

ဦးဇော်လည်း ဆရာတော်ကိုမြင်မှ ဒေါသစိတ်ကိုလျှော့ကာ အသက်ကို ပြင်းပြင်းရှူလေ၏။ ထိုအခါတွင်မှ ဒေါ်မြင့်က ဦးဇော်အား “ ရှင့်သမီးအိပ်ရာပေါ်က စာ… ဒီမှာ” ဟူ၍ ပေးဖတ်လေသော်…

စာထဲ၌ ရေးထားသည်ကား…

“ ဖေဖေ… သားတို့ သမီးတို့ကို ခွင့်လွှတ်ပေးပါ။ ဖေဖေက အခုဆို သားဖေဖေဆိုရင်လည်း မမှားသလို အသက်သခင် ကျေးဇူးရှင်ဆိုရင်လည်း မမှားပါဘူး”

“ ဖေဖေရဲ့လမ်းညွှန်ဆုံးမမှုတွေအောက်မှာ ဖေဖေပြောခဲ့တဲ့အတိုင်း Zero Suicide Hotline ကို ဆက်သွယ်ခဲ့ပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်လာနိုင်ပြီး စိတ်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာရုံသာမက ဘဝကိုအရှုံးမပေးဘဲ ကြံ့ကြံ့ခံဆက်နေသွားမယ် ဆုံးဖြတ်ပြီး ဖေဖေ့ရဲ့သမီးလေးအချစ်ပါ တစ်ခါတည်းရအောင် စွမ်းစွမ်းတမံ ကြိုးစားမိသွားပါတယ် ဖေဖေ..

ဖေဖေ့အနေနဲ့ ခုလောလောဆယ်မှာ တအားဒေါသထွက်နေရင် Mind Healer မှာ အရင်ဆုံးဆွေးနွေးလိုက်ပါနော် ဖေဖေ…

ချစ်တဲ့အောင်ကြီး” ဟူလေသတည်း….။

ကဲ….

မိတ်ဆွေတို့လည်း အောင်ကြီးလို ၂၀၂၄ မှာ အောင်ပွဲတွေ အလီလီယူနိုင်ကြပါစေကြောင်း ဆုတောင်းလျက်….။

.

“ မိမိကိုယ်ကို သေကြောင်းကြံစည်မှု လုံးဝ မရှိစေရ”

(Zero Suicide Campaign) အဖွဲ့ဝင်တစ်ဦး

တယ်လီကျန်းမာ

.

——————-။ ။———————

.

မိမိကိုယ်ကို သေကြောင်းကြံစည်လိုစိတ် ဖြစ်ပေါ်နေသူများအတွက်….

Zero Suicide Hoteline သို့ဆက်သွယ်၍ စိတ်ပိုင်းဆိုင်ရာအကူအညီများ အခမဲ့ရယူနိုင်ပါသည်။

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

❤️ https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here