တယ်လီကျန်းမာရဲ့ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေက ကိုယ်တွေ့အဖြစ်အပျက်‌တွေ ရေးနေကြတော့ ကျွန်တော်လည်း အမှတ်ရနေတဲ့ လူနာလေးတစ်ယောက်အကြောင်း ရေးချင်စိတ် ပေါက်လာပါတယ်….

ကျွန်တော်ကတော့ တယ်လီကျန်းမာမှာ လုပ်အားပေးနေတဲ့ စီဒီအမ် အထူးကုတစ်ယောက်ပါ

လုပ်သက်လေးလည်း အတော်ရခဲ့ပြီဆိုတော့ လူနာအမျိုးမျိုး၊ ကေ့စ် အမျိုးမျိုးနဲ့ တွေ့ခဲ့ဖူးတာပေါ့ဗျာ။ ဒီအထဲကမှ လူနာလေးတစ်ယောက်အကြောင်း ရေးချင်မိတာပါ….

လတ်တလောမှာ ကျွန်တော်က ဝါသနာပါရာ အပင်‌လေးတွေ ပျိုးနေတာမို့ ပိုးသတ်ဆေးနဲ့ အဆိပ်တွေအကြောင်း သတိရသွားရင်း အခုစာလေး ကောက်ရေးလိုက်တယ်ဆိုလည်း မမှားပါဘူး

ဒီစာကို ဖတ်ကြည့်ရင်း ခံစားမှုရသလည်း ရ ၊ သင်ခန်းစာဗဟုသုတလည်း ရမယ်ဆို ကျွန်တော် ရေးရကျိုးနပ်တာပေါ့ဗျာ။

ဇာတ်လမ်းလေးက ဒီလို…

——————။ ။——————–

” ကျွန်တော် နှင့် အဆိပ် “

အချိန်က ည ၉နာရီဝန်းကျင်….

အရေးပေါ်မှာ အလုပ်တွေ တအားရှုပ်နေတဲ့ အချိန်

အရေးပေါ်ဆိုတာကလည်း အရေး-ပေါ်လို့ လာတဲ့ လူနာ‌တွေအပြင် နှာစေး၊ ချောင်းဆိုးတွေလည်း ကုရတာပါပဲ။ ဆရာဝန်အတွက် အရေးပေါ်ရောဂါမဟုတ်ပေမယ့် ခံရတဲ့သူတိုင်းအတွက်တော့ ရောဂါတိုင်းက အရေးပေါ်ကိုး။ အပူတွေ အလွန်များ‌တဲ့နေရာပါ။

..

” ဆရာ Poison case ရောက်တယ် ဆရာ “

ဆရာမလေး လာပြောလို့ အမြန် သွားကြည့်လိုက်မိတယ်။

ဟုတ်တယ်….

Poison case လို့ ခေါ်တဲ့ အဆိပ်သင့်လူနာတွေဟာ တကယ်ကို အရေးပေါ်လူနာထဲမှာ ပါပါတယ်။ သူသောက်မိတဲ့ အဆိပ်ပေါ် မူတည်ပြီး အချိန်နဲ့အမျှ အန္တရာယ် ဖြစ်နိုင်တာကြောင့် အမြန်ကြည့် အမြန်ကုရပါတယ်။ ဖြေဆေးရှိရင် ဖြေဆေးပေး၊ မဟုတ်ရင်လည်း လုပ်သင့်တာ‌လုပ်ပေါ့လေ..

.

လူနာက အသက် ၁၆ နှစ် မိန်းကလေးပါ။ ဖြူဖြူသန့်သန့် ချစ်စဖွယ်လေး ( ဒီဟာ ထည့်ပြောရတာက ပုံစံလေး ပေါ်စေချင်လို့ပါ ၊ စာ အသက်ဝင်‌အောင်လို့ပါ…တော်ကြာ ဒီဆရာဝန် ကျင့်ဝတ်နဲ့မညီဘူး ဘာညာ မထင်စေချင်)

တစ်နယ်တစ်ကျေးက လာရလို့ထင်…မျက်လုံးလေးမှိတ်ပြီး နွမ်းလျနေပါတယ်။ ဒါမှမဟုတ် ရောဂါများ ပြင်းလို့လား?

လူနာကို ကြည့်ရင် အဲ့လို ခေါင်းအစ ခြေအဆုံး အရင်ကြည့်ရတယ်။ ပိန်လား ဝလား ၊ ဖြူနေလား ၊ ဝါနေလား ၊ ဒဏ်ရာ ရနေလား။ သွေးထွက်နေလား။ သတိကောင်းရဲ့လားပေါ့။ General examination လို့ ခေါ်တယ်။ အဲ့တာကနေ ကျနော်တို့ အင်ဖော်မေးရှင်း အများကြီး ရတတ်ပါတယ်။ အရေးကြီးတယ်ခင်ဗျ။

လူနာကို ပြူးပြီးစိုက်ကြည့်နေတာတော့လည်း မဟုတ်ဘူးပေါ့။ မသိမသာလေး ခပ်မြန်မြန် အကဲခတ်ရတာ။ ပြီးမှ လူနာ ကိုင်ရပါတယ်။ အခုကတော့ ကိုယ့်ရှေ့မှာ ကြည့်နှင့်တဲ့သူတွေရှိနေတော့ ကျနော်လည်း တာဝန်အတိုင်း စစ်မေး၊ စမ်းသပ်တာကို အချိန်ယူပြီး လုပ်လို့ရနေတာပေါ့။

လူနာက ၃ ခါအန်ပြီး ဝမ်း နည်းနည်းသွားထားပါတယ်။ လမ်းမှာ ၁ မိနစ်ခန့် တစ်ခါ တက် လာပါတယ်။ ခုတော့ သတိရှိပါတယ်။ ခြေလက်တွေက အေးစက်နေတာပဲ။

လူနာရဲ့ Vital signs လို့ခေါ်တဲ့ သွေးပေါင်ချိန် ၊ နှလုံးခုန်နှုန်း ၊ အောက်ဆီဂျင် စသည် တိုင်းတာထားချက်တွေကို ကြည့်လိုက်တော့ အခြေအနေ‌က သိပ်မဟန်ပါဘူး။ သွေးပေါင်တွေ အရမ်းနည်းနေပါတယ်။ နှလုံးခုန်နှုန်းတွေလည်း နည်းနေပါတယ်။

သွေးပေါင်တက်အောင် လုပ်တဲ့သူက လုပ်နေတုန်း လူနာရာဇဝင် ဆက်မေးရတာပေါ့။ ကျနော်တို့ အပြောက History ယူတာပါ။ လူနာက အိမ်ကမိသားစု ပါမလာဘူးခင်ဗျ။ အဲ့လို ဆွေမျိုးမပါလာတာ တော်တော် ဒုက္ခရောက်ပါတယ်။ အထူးသဖြင့် အခုလို ကေ့စ်မျိုးတွေပေါ့။ မှုခင်းရေးရာကိစ္စတွေကိုး။ ဘာပဲဖြစ်ဖြစ် မိသားစုကို ရတဲ့နည်းနဲ့ အမြန်ဆက်သွယ်ဖို့ လော‌ဆော်ရတာပေါ့။

..

..

ပြောချင်တာက အခုမှပါ။

ကလေးမလေးက ဘာအဆိပ်သောက်လိုက်တာလဲ ဆိုတော့ “ မတ်ပဲပိုးသတ်ဆေး” ခင်ဗျ။

စာဖတ်သူတွေထဲမှာ စိုက်ပျိုးရေး လုပ်ငန်းကျွမ်းကျင်သူတွေပါရင် ကျနော့်ထက် ပိုသိမယ်ထင်တယ်။ အဲ့ဆေးက တော်တော်ပြင်းတဲ့ကောင်လို့ ဆိုပါတယ်။

လူနာလေးက အဲ့‌နေ့ နေ့လည်က သူတို့လယ်မှာသုံးတဲ့ မတ်ပဲပိုးသတ်ဆေး အပြားလေးတစ်ခြမ်းကို ဘာမှမရောဘဲ ဒီတိုင်း သောက်ချခဲ့တယ် ပြောပါတယ်။ မိဘက တစ်မြို့နယ်၊ သူက တစ်မြို့နယ် နေရင်း ဆယ်ကျော်သက်အရွယ်လေး ချစ်သူနဲ့ စိတ်ကောက်ပြီး သောက်လိုက်တာပါ။ လုပ်မိလုပ်ရာပေါ့…

ပိုးသတ်ဆေးဆိုတာ အပင်ကိုဖြန်းရင်တောင် ရေတွေ အများကြီးရောပြီးမှ ဖြန်းကြတာမဟုတ်လား။ အဲ့တာတောင် ပိုးတွေသေရုံမက နည်းလမ်းမသင့်ရင် မြေဆီလွှာတွေလည်း ပျက်စီးတတ်သေးတယ် ဆိုပဲ…

ဆေးပြားကြီးကို ဒီတိုင်း မြိုချလိုက်တဲ့ ကလေးမလေး အဖြစ်ကတော့ တွေးကြည့်ကြပါခင်ဗျာ။

..

..

စိတ်မကောင်းစွာနဲ့ ဆက်ပြောရရင် အဲ့လူနာလေးကို ကျနော်တို့ နှလုံးဆေး၊ သွေးပေါင်တက်ဆေးတွေ၊ ပုလင်းကြီးတွေနဲ့ လိုအပ်တဲ့ဆေးတွေ ချိတ်ပြီး ကြိုးစားခဲ့သော်လည်း သွေးပေါင်က လုံးဝမတက်လာဘဲ နောက်တစ်နေ့ မနက်စောစောမှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ဆယ်ကျော်သက် ပွင့်ဖူးစအရွယ်လေးမှာ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိရာက အသက်တစ်ခု လွယ်လွယ်‌လေး ကြွေလွင့်ခဲ့ပါရော…

အသက်မဆုံးခင်လေးမှာတော့ မိဘတွေ‌ ရောက်လာခဲ့ပါသေးတယ်။ အသက်မှီရုံလေးပေါ့။ တောင်သူဦးကြီးတွေပါ။ ပြာပြာယာယာနဲ့ ရောက်လာကြရှာတယ်။ သမီးငယ်လေး ဆုံးသွားလို့ ဝမ်းနည်းမျက်ရည်က ဖြေမဆည်နိုင်ဘူးပေါ့။ ကျနော်တို့လည်း ဝမ်းနည်းခဲ့ရပါတယ်။

..

..

ဒီအကြောင်းနဲ့ ဆက်ရရင် မတ်ပဲပိုးသတ်ဆေးအကြောင်းလေး နည်းနည်း ပြောချင်ပါတယ်

ကျနော်တို့နိုင်ငံမှာ ပိုးသတ်ဆေး မှားသောက်တာ ၊ တမင်သောက်တာတွေက ထင်တာထက်များတယ် ခင်ဗျ။

စိုက်ပျိုး‌ရေး အဓိကအားထားရတဲ့ နိုင်ငံဆိုတော့ ပိုးသတ်‌ဆေးနဲ့ ကင်းလို့လည်း မဖြစ်ပြန်ဘူး။ ဒါကြောင့် အသုံးဝင်တဲ့ ( အဆိပ်တွေဖြစ်တဲ့ ) ပိုးသတ်‌ဆေး၊ ပေါင်းသတ်ဆေး ဆေးအမျိုးမျိုးတွေသုံးရင် နည်းစနစ်တကျသုံးဖို့အပြင် ကိုယ့်ကလေးတွေကိုလည်း အသိပညာဗဟုသုတ ပေးထားသင့်ပါတယ် ခင်ဗျာ။ ဒီလိုမျိုးတွေဖြစ်လာမှ နောင်တရမယ့်အစားပေါ့လေ။ တွေးကြည့် သတိထားကြည့်ဖို့ပါ…

မတ်ပဲပိုးသတ်ဆေးက ဆေးတစ်ပြားကိုမှ ရေအများကြီးနဲ့ဖျော်ပြီး တစ်ဧကဖြန်း ၊ အဲ့လို သုံးရတယ်လို့ သိထားပါတယ် ( မှားရင် ခွင့်လွှတ်ပါခင်ဗျာ၊ ဆေးပြင်းကြောင်း သိသာစေချင်လို့ပါ)

ပိုးသတ်ဆေး အမျိုးအစားကတော့ Phosphide compound ( Magnesium Phosphide, Aluminium Phosphide ) တွေ ဖြစ်ပါတယ်။ စားသုံးမိလို့ အစာအိမ်ထဲက အက်ဆစ်နဲ့ထိတွေ့ရင် (ဒါမှမဟုတ်) လေထုထဲက အစိုဓာတ်နဲ့တွေ့ရင် Phosphine ဖော့စဖင်း ဆိုတဲ့ အဆိပ်ငွေ့ထွက်ပါတယ်။ အဲ့အဆိပ်ငွေ့ဟာ ဆဲလ်တစ်ခုချင်းစီရဲ့ ဇီဝဖြစ်စဉ်တွေကို သွားသက်ရောက်စေပြီး အဆိပ်အတောက် ဖြစ်စေပါတယ်။

သောက်ပြီး သိပ်မကြာခင်ပဲ အဆိပ်လက္ခဏာတွေ ပြပါတယ်။ မူးဝေဝေဖြစ်မယ်။ နှလုံးနဲ့ သွေးကြောပိုင်းဆိုင်ရာကို အဓိကထိပြီးတော့ သွေးပေါင်တအားထိုးကျတာ၊ ရှော့ရတာ၊ ဘယ်လိုဆေးပေးပေး သွေးပေါင်မတက်တာ ( Profound and Refractory hypotension and shock) ၊ နှလုံးအမောဖောက်တာနဲ့ နှလုံးခုန်နှုန်းပြဿနာတွေ ဖြစ်တတ်ပါတယ်။ အဆုတ်၊ အသည်း၊ ကျောက်ကပ်နဲ့ တစ်ကိုယ်လုံးကို တဖြေးဖြေးပျံ့နှံ့ပြီး အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။

ဖြေဆေးမရှိပါ။ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေကိုပဲ ကုသမှု ပေးလို့ရပါတယ်…..

..

..

ဆေးပြားကို အမှတ်တမဲ့ ( သို့ ) တမင်တကာ စားမိတာ၊ ဆေးဖြန်းရင်း အငွေ့တွေရှူမိတာ၊ အသားပေါ်ကို အကြာကြီး ထိမိတာတွေကြောင့် အဆိပ်သင့်နိုင်ပါတယ်ခင်ဗျ။

အဆိပ်က ခန္ဓာကိုယ်ထဲရောက်ပြီးရင်တော့ ခန္ဓာကိုယ်ထဲမှာဖြစ်တဲ့ ဓာတ်အပြောင်းအလဲတွေက ၅ ရက်လောက်ထိ အပြင်းအထန်ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့တော့ ကိုယ်တွင်းကအဆိပ်တွေ အားလုံးမကုန်ခင်မှာဘဲ ဖြစ်ပေါ်တဲ့ဆိုးကျိုးအန္တရာယ်တွေ‌ကြောင့် သေနှုန်းက မြင့်ပါတယ်။ ၃၀% (လူတစ်ရာမှာ အယောက် ၃၀) ကနေ ၁၀၀% ထိ ရှိပါတယ်။ လူနာအများစုက နှလုံးထိပြီး ၂၄နာရီအတွင်း ဆုံးပါးတတ်ကြပါတယ်။

အဆိပ်က ဖြေဆေးမရှိတာကြောင့် လူနာရောက်ရှိတဲ့ ဆေးရုံတွေရဲ့ အထူးကြပ်မတ်ကုသမှုနဲ့ ဆေးပညာ ဖွံ့ဖြိုးမှုတွေ ဒီထက်ပိုမြင့်မားလာရင်တော့ လူနာတွေကို အဆင့်မြင့်နည်းလမ်းတွေနဲ့ ကုပေးနိုင်မှာပေါ့ခင်ဗျာ။

အိန္ဒိယနိုင်ငံက စာစောင်ထဲမှာတော့ အထူးကြပ်မတ်ကုသမှု (ICU care ) တိုးတက်လာတဲ့ အတွက် Case fatality rate လို့‌ ခေါ်တဲ့ ဒီရောဂါကြောင့် လူနာသေနှုန်း ကျလာတယ်တဲ့။

ကျနော်တို့လည်း တိုင်းပြည်တိုးတက်လို့ ဆေးပညာအဆင့်မြင့်လာရင်တော့ နိုင်ငံသားတွေအတွက် ပိုပြီး ကောင်းမွန်ထိရောက်တဲ့ ကုသမှုတွေကို ပေးနိုင်မှာပေါ့ခင်ဗျာ။ စိုက်ပျိုးရေးပညာတွေ အဆင့်မြင့်လာရင်လည်း နည်းပညာပိုင်းဆိုင်ရာရော လုပ်ငန်းခွင်အန္တရာယ်ကင်း‌စေဖို့ရော အထောက်အပံ့တွေ ပိုပေးပြီး ဓာတုပစ္စည်း အသုံးပြုနေရသူတွေ ဘေးကင်းဖို့ ကာကွယ်ပေးနိုင်တာပေါ့။

..

အဲ့ အဆင့်ထိရောက်အောင် အတူကြိုးစားကြမယ်ဗျာ

အခုတော့ အားတင်းထားကြပါဦး….

တကယ်လို့ ပိုးသတ်ဆေးတွေ ကိုင်တွယ်ရရင်လည်း အထူး ဂရုစိုက်ကြဖို့ မှာချင်ပါတယ်ဗျ။

ဆေးတွေ ကိုင်တွယ်အသုံးပြုနေရချိန်တိုင်းမှာ လက်အိတ်နဲ့ နှာခေါင်းစည်း အမြဲစွပ်ထားဖို့ရယ် ၊ အင်္ကျီ အဝတ်အစားတွေမှာ ပိုးသတ်ဆေးရည်တွေ စိုစွတ်မိသွားရင် ချက်ချင်းချွတ်ပြီး အသစ်လဲလှယ်ဖို့ရယ် ၊ ပိုးသတ်ဆေးတွေကို ကလေးသူငယ်တွေ လက်လှမ်းမမီတဲ့နေရာတွေမှာ ထားရှိဖို့ရယ် ၊ သေစေနိုင်တဲ့ အဆိပ်ဖြစ်တဲ့အကြောင်း အသိပညာဗဟုသုတ ပေးထားဖို့ရယ် ဆိုတာမျိုးတွေပေါ့ဗျာ

ကိုယ်တိုင်ရော ကိုယ့်မိသားစုအသိုင်းအဝိုင်းရော အဆိပ်များရဲ့ အန္တရာယ်ကနေ ကင်းဝေးဖို့ အစဥ်ဂရုပြုကြပါဗျ

အစစအရာရာ အဆင်ပြေချောမွေ့ပြီး ကျန်းမာရေးဗဟုသုတများလည်း တိုးပွားနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ် ခင်ဗျာ…..။

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here