” ကျွန်တော်နှင့် အဆိပ် (၂) “
စီဒီအမ်အထူးကု ကျွန်တော်တစ်ယောက် အိမ်မှာပဲ အပင်တွေ စိုက်နေတယ် ပြောခဲ့ပါကောလားဗျ။ အခုကတော့ သူ့ရဲ့အဆက် ဒုတိယပိုင်းလေး ဆက်ပါရစေဗျာ…
..
..
ဇာတ်လမ်းလေးက ဒီလိုပေါ့…
.
တစ်နေ့သ၌ အရွက်တွေဝေဆာစ ဘူးစင်လေးကို ကြည့်ရင်း ပီတိတွေဖြာမလို့ လုပ်နေတုန်း…
ဘူးရွက်ပေါ်မှာ အစိမ်းရောင်သေးသေးလေးတွေနဲ့ တချို့ အရွက်တွေအောက်မှာကျ အဖြူကောင်သေးသေးလေးတွေကို တွေ့တော့ လန့်သွားမိတယ်။ အဖြူကောင် သေးသေးလေးတွေကိုတော့ သိတယ်…အဲ့တာ ပိုးစေးနှဲတဲ့။ ဟိုအစိမ်းလေးတွေတော့ ဘာလဲ မသိ။
သူတို့ကို ပုရွက်ဆိတ်တွေကလည်း လာစားသေးဗျ။ တချို့ ဘူးရွက်လေးတွေလည်း ဝါနေတော့…
“ ဟဲ့ ခုမှ စစိုက်တာ ငါ့အပင်သေလို့မဖြစ်ဘူး” ဆိုပြီး ထိတ်ထိတ်ပြာပြာ ဖြစ်တာပေါ့။
တောင်သူဦးကြီးတွေကိုလည်း ကိုယ်ချင်းစာသွားမိပါတယ်ဗျာ။ ဘူးပင်တစ်ပင်နဲ့ ကိုယ်တောင် ဒီလောက်ဖြစ်နေတာ၊ သူတို့ဆို အသက်မွေးဝမ်းကျောင်း လုပ်နေတာဆိုတော့ ပိုးကျတယ်ဆို တော်တော် ပူပူပင်ပင်ဖြစ်မှာပဲပေါ့…
အာ့နဲ့ မဖြစ်ချေဘူး။ အော်ဂဲနစ် ဘာညာလည်းနေတော့… အပင်မသေအောင် ငါလည်း ပိုးသတ်ဆေးဖြန်းမဟဲ့ ဆိုပြီး စိုက်ပျိုးရေးဆိုင်မှာ သွားမေးရတာပေါ့။
ဆိုင်မှာတော့ ဆေးတွေ အစုံပဲဗျာ။ အရင်က အဲ့ဆေးတွေသောက်လို့ ရောက်လာတဲ့ လူနာလေးတွေတောင် သတိရသွားမိသေး။ အာ့နဲ့ အများပြည်သူ ကျန်းမာရေးဗဟုသုတရစေဖို့ အခုစာလေး ကောက်ရေးလိုက်မိပါတယ်ပေါ့ ခင်ဗျာ…..????????
…
…
———————–။ ။————————
ကဲ…နိဒါန်းလေးကလည်း ပျိုးပြီးသွားပြီဆိုတော့ ပြောချင်တာလေးတွေလည်း ပြောပါရစေဗျို့
အရင်တစ်ခေါက်ကတော့ မတ်ပဲပိုးသတ်ဆေး သောက်မိပြီး အသက်ဆုံးပါးသွားရှာတဲ့ အမျိုးသမီးငယ်လေး အကြောင်းပေါ့…
ခုတစ်ခေါက်ကတော့ အသုံးလည်းများတဲ့ အော်ဂန်နိုဖော့စဖိတ် (Organophosphate) အမျိုးအစား ပိုးသတ်ဆေးအဆိပ်အကြောင်း ပြောချင်တယ်ဗျာ။
သူ့ အမျိုးအစားထဲမှာ ဖန်သီရွန်၊ မာလာသီရွန်၊ ပါရာသီရွန်၊ ကလိုပိုင်ရီဖော့ (Fenthion, Malathion, Parathion, Chlorpyrifos) စသည်ဖြင့် ပါတယ်ဗျ။ ပိုလို ကြမ်းပိုးသတ်ဆေးကလည်း သူ့အမျိုးအစားပဲဗျ။ သူ့အဆိပ်အကြောင်းလေး ဆက်ဦးမယ်ဗျာ။
ဒီအဆိပ်က ခန္ဓာကိုယ်ထဲ ရောက်ရင် Acetylcholine esterase ဆိုတဲ့ ဓာတ်တစ်မျိုးကို သွားပိတ်ပစ်ပြီး လူကို အဆိပ်ဖြစ်စေပါတယ်။
ပိုးသတ်ဆေးကို အကာအကွယ်မဲ့သုံးရင်း အသားကနေတစ်ဆင့် ဝင်တာ၊ ရှူမိတာ၊ စားတဲ့သောက်တဲ့ထဲမှာ ပိုးသတ်ဆေးမစင်ကြယ်ဘဲ ပါလာတာ၊ မျက်စိထဲဝင်တာနဲ့ မတော်တဆ (သို့) တမင်တကာ သောက်သုံးမိတာကနေပြီး အဆိပ်မိနိုင်ပါတယ်။
အဆိပ်မိ လက္ခဏာအနေနဲ့ သောက်မိမိချင်း ပူမယ်၊ ဗိုက်နာမယ်။ ပြီးရင် ခန္ဓာကိုယ်က အရည်တွေ ထွက်ကုန်တယ်ဗျ။ (Acute cholinergic crisis) လို့ ခေါ်တယ်။ သလိပ်၊ မျက်ရည်၊ နှာရည်တွေနဲ့ အန်တာ၊ ဝမ်းလျောတာ၊ ချွေးတွေ တအားထွက်တာတွေ ဖြစ်လာတာပေါ့။
ဒီလို အရည်တွေထွက်တာဟာ ရေဓာတ် ဆုံးရှုံးစေတဲ့အပြင် အသက်ရှူလမ်းကြောင်းမှာလည်း ချွဲသလိပ်တွေ များလာပြီး ပိတ်ဆို့မှု ဖြစ်စေပါတယ်။ နှလုံးခုန်မမှန်တာ၊ မျက်လုံးသူငယ်အိမ်ကျဉ်းတာတွေလည်း ဖြစ်လာပါမယ်။
အဲ့တာနဲ့ မပြီးသေး… ခန္ဓာကိုယ် ကြွက်သားတွေကိုလည်း မလှုပ်နိုင်လောက်အောင် ပျော့ခွေ တုံ့ဆိုင်းစေတတ်တဲ့ သတ္တိ (Flaccid paralysis) လည်း ရှိတယ်ဗျ။ အဆိုးဆုံးအခြေအနေပြောရရင် တစ်ကိုယ်လုံး လှုပ်မရ၊ ခေါင်းထောင်မရအောင် ပျော့ခွေပြီး အသက်ရှူရပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ထူးခြားချက်တစ်ခုအနေနဲ့ သူက စစသောက်ချင်းမှာ အဲ့လောက်မဆိုးဘဲ နောက်ရက်တွေမှ ရုတ်တရက်ပျော့ခွေပြီး အသက်ရှူစက် တပ်ရတာမျိုး (Intermediate syndrome) လည်း ဖြစ်နိုင်တယ်ဗျ။
အချိန်အတော်ကြာ နောက် ၃ ပတ်လောက်နေမှ အာရုံကြောတွေ ထိခိုက်ပြီး ထုံကျင်ညောင်းကိုက်တာ၊ မသန်တော့တာ (Organophosphate induced delayed polyneuropathy) တွေ ဖြစ်ပြီး နှစ်နဲ့ချီ မပျောက်တာမျိုးထိ ဖြစ်နိုင်ပါသေးတယ်တဲ့ဗျာ။
စိတ်ညစ်စရာကြီးပါပေါ့….
ဒါပေမယ့် သိပ်လည်း မညစ်ကြနဲ့ဦးဗျ…
ကောင်းတဲ့အချက်က ဖြေဆေးရှိတယ် ခင်ဗျ။
ဖြေဆေးကို အချိန်မီ အပြည့်အဝပေးပြီး ခုန ကြွက်သားပျော့ခွေ အသက်ရှူရပ်တာတွေကို စောင့်ကြည့်ကုသ… လိုအပ်ရင် အရေးပေါ် ICU ပို့တာ၊ အသက်ရှူစက်တပ်တာတွေကို အချိန်နဲ့အညီ လုပ်ဆောင်နိုင်တာပေါ့။
(ကိုယ်နေတဲ့အရပ်မှာ အထူးကြပ်မတ်ကုသမှုနဲ့ အရေးပေါ်အသက်ရှူစက် စတဲ့ ကုသမှုတွေ မဖွံ့ဖြိုးရင်တော့ ဒီအဆိပ်ဟာ အတော်ကို အန္တရာယ်ကြီးပါတယ်)
ကျွန်တော် ကြုံတွေ့ခဲ့ရတာတော့ ဖြေဆေးသွင်းပြီး သိပ်မကြာခင် ပြန်ကောင်းတဲ့လူနာရှိသလို အသက်ရှူစက်တပ်ပြီး အကြာကြီးနေမှ ဖြေးဖြေးချင်း ပြန်ကောင်းတဲ့ လူနာလည်း ရှိပါတယ်။ ဆုံးပါးဖိတ်စင်ခဲ့တဲ့ လူနာတွေလည်း ရှိတယ်ခင်ဗျ….
..
..
ကဲ…
ဒီတစ်ခါတော့ ဝမ်းမနည်းစေချင်လို့ ကြုံခဲ့ရတာတွေထဲက Happy ending လူနာလေး အကြောင်းပဲ ပြောပြပါတော့မယ်။
တစ်ခါကပေါ့…
ညားခါစ ချစ်စခင်စအတွဲလေး နှစ်ယောက်သား ရန်ဖြစ်ကြပြီး အမျိုးသမီးကလေးက ပိုလိုကြမ်းပိုးသတ်ဆေး ပုလင်းကို သောက်လိုက်တယ်လေ… အမျိုးသားလေးက အချိန်မှီ လှမ်းဆွဲလိုက်နိုင်တော့ ပိုးသတ်ဆေးက ဝင်တယ်ဆိုရုံလောက်ပဲ ဝင်သွားတာပေါ့။
ဖြစ်ချင်တော့ လှမ်းဆွဲတဲ့ အချိန်မှာ ဆေးက စင်ပြီး အမျိုးသား မျက်လုံးထဲပါ ဝင်သွားတယ်။ အာ့နဲ့ ပြန်တည့်သွားပြီး အတွဲလိုက် ညကြီးမင်းကြီး ဆေးရုံရောက်လာကြပါရော။ ပါးစပ်ထဲဝင်တဲ့သူကတော့ နည်းနည်းအန်၊ ရင်ပူ ရင်တုန်တယ်ပေါ့။ မျက်လုံးထဲ ဝင်တဲ့သူက မျက်လုံးစပ်ပြီး ဝါးတားတားနည်းနည်းဖြစ်သွားတယ်ပေါ့။
ဆေးရုံတက်နေတဲ့ အချိန်အတွင်းတော့ အမျိုးသားဆောင်က ဆရာမတွေကတော့ အလုပ်ရှုပ်လို့တဲ့ ငြီးနေကြတယ်။ ဘာလို့ဆို သူတို့ လူနာအမျိုးသားက သူ့နေရာသူ မနေဘဲ ပျောက်ပျောက်နေပြီး သူ့မိန်းကလေးရှိတဲ့ အမျိုးသမီးဆောင်ပဲ တချိန်လုံး သွားနေတော့ လိုက်လိုက်ရှာနေရလို့တဲ့လေ…. ။
ထားပါတော့…
နောက်ဆုံးတော့…အဲ့လိုနဲ့ပဲ လိုအပ်တဲ့ ကုသမှုတွေ ပေးပြီး နှစ်ယောက်လုံး ပြန်ကောင်းလို့ ပျော်ရွှင်စွာနဲ့ ပြန်ဆင်းသွားကြပါတယ်။
(အာ့မျိုး လိုက်မလုပ်နဲ့ဗျနော်၊ ကံကြီးပေလို့ ဘာမှ မဖြစ်တာ… ကံမတော်လို့ တစ်ယောက်ယောက်များ တစ်ခုခုဖြစ်သွားခဲ့ရင် ကျန်ခဲ့တဲ့သူမှာ စိတ်ကျန်းမာရေး ထိခိုက်ချို့ယွင်းတာတွေအထိ ဖြစ်နိုင်တယ်ဗျ)
ဒီဖြစ်ရပ်မှာ နမူနာယူစရာတွေလည်း ရှိတယ်ဗျာ…
ပိုးသတ်ဆေးကို လက်လှမ်းမီရာမှာ လွယ်လင့်တကူ ရှိနေတဲ့ ကိစ္စ။ အဲဒါ အရေးကြီးတယ်ဗျ…
..
..
ပြည်သူလူထုကိုလည်း ပိုးသတ်ဆေးတွေကို နေရာတကျ သေချာထားဖို့၊ စနစ်တကျသုံးဖို့ ထပ်မံမှာချင်ပါတယ်။
ပိုးသတ်ဆေးဝယ်ရင် ဆေးဘူးလေးတွေမှာ ရေးထားတဲ့ အညွှန်းကို သေချာဖတ်ပါ။ ဘယ်လိုသုံးရမယ်၊ ဘယ်လိုရောရမယ်၊ ထိတွေ့မိရင် ဘာလုပ်ရမယ်ဆိုပြီး ပါပါတယ်။
ဆေးဖြန်းပြီး ဘယ်လောက်ကြာမှ စိုက်ခင်းထဲ ပြန်ဝင်ရမယ်ဆိုတာမျိုး၊ ကိုယ်ဖြန်းလိုက်တဲ့ ပိုးသတ်ဆေး စားသုံးသူဆီ မရောက်သွားအောင် ဘယ်နှစ်ရက်နေမှ ခူးဆွတ်ရမယ် ဆိုတာမျိုးတွေလည်း ပါပါတယ်။ စားသုံးသူတွေကလည်း အသီးအရွက်တွေကို ရေစင်အောင် ဆေးပြီးမှ စားဖို့လိုပါတယ်။
တစ်ခါတစ်လေ အသီးအရွက်တွေ စားပြီး ဝမ်းလျောတာ၊ အန်တာတွေကလည်း အရွက်တွေမှာပါတဲ့ ဒီပိုးသတ်ဆေးတွေ ဝင်သွားလို့ အဆိပ်သင့်တာ ဖြစ်နိုင်ပါတယ်။
ဆေးဘူးတွေဆိုရင်လည်း ရေသန့်ဘူးထဲပြောင်းထည့်တာမျိုး မလုပ်ပါနဲ့။ မတော်တဆ သောက်မိနိုင်ပါတယ်။ အဲ့လိုထားရမယ်ဆိုရင်လည်း ဘာဆေးဖြစ်တယ်ဆိုတာ၊ အဆိပ်ဖြစ်တယ်ဆိုတာ သေသေချာချာ ရေးထားစေလိုပါတယ်။ ဆေးပိုက်ပိတ်လို့ ပါးစပ်နဲ့ စုပ်တာမျိုးတွေလည်း လုံးဝ (လုံးဝ) မလုပ်မိပါနဲ့။
မိမိက အဲ့အဆိပ်ကို မတော်တဆ ထိတွေ့မိခဲ့ရင် (ဒါမှမဟုတ်) အဆိပ်မိလူနာနဲ့ တွေ့ကြုံခဲ့သည်ရှိသော် အရင်ဆုံးနဲ့ အရေးအကြီးဆုံးက အဆိပ်နဲ့ ထိတွေ့ထားတဲ့ အရာတွေမှန်သမျှကို သူ့ဆီကနေ ဖယ်ပစ်ရမယ်ဗျ။ မဖယ်ရင် အရေပြားကတစ်ဆင့် အဆိပ်တွေ ကိုယ်တွင်း ပြန်ဝင်နေပါလိမ့်မယ်။
အဆိပ်နဲ့ အန်ဖတ်တွေ ပေနေတဲ့ အဝတ်အစားတွေကို ချွတ်ပစ်တာ၊ ရေနိုင်နိုင်နဲ့ သန့်ရှင်းပေးတာ၊ အဝတ်အသစ်လဲတာတွေ လုပ်ရမယ်။ ကိုယ်ကလည်း ပြီးရင် လက်ကို သေချာ ဆေးပစ်ရပါမယ်။
အန်နေတဲ့သူကို အန်ဖတ်တွေနဲ့ ပြန်မသီးအောင် ပက်လက်ထားမယ့်အစား ဘေးစောင်းပြီး ထားရပါမယ်။ မျက်လုံးထဲဝင်ခဲ့ရင်လည်း ရေများများနဲ့ ဖြေးညင်းညင်သာစွာ ဖွင့်ချည် ပိတ်ချည် ၁၅ မိနစ်လောက် ဆေးပေးရပါမယ်။ နီးစပ်ရာကျန်းမာရေးဌာနကို ပို့နေတဲ့လမ်းမှာ ဒါတွေကို လုပ်ဆောင်နိုင်ပါတယ် ခင်ဗျ။
..
..
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ဗျာ…
နိုင်ငံက အဆိပ်မိနေတော့ ကိုယ့်ဘာသာကိုယ်ပဲ အချင်းချင်း ကာကွယ်စောင့်ရှောက် အသိပေးကြမှ တော်ခါကျမှာပါ။ အဲ့တော့ ဂရုစိုက်ကြပါခင်ဗျာ။
အားလုံးပဲ ဘေးကင်းကျန်းမာလို့ အဆိပ်အန္တရာယ်မှ ကင်းဝေးကြပါစေ။ ကျန်းမာရေးဗဟုသုတများလည်း တိုးပွားနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်…။
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
Ministry of Health,
National Unity Government.