အမျိုးသမီးတို့အကြောင်း ထပ်အသေးစိတ်ပါမယ်နော်။ အမျိုးသမီးတို့မှာ ဥနှစ်လုံး (ovary) ပါတဲ့အကြောင်း ရေးခဲ့ပြီးပါပြီ။ ဥနှစ်လုံးအတွင်းမှာ မမျိုးဥ (ovum) အရေအတွက်က မွေးစကတည်းက အတိအကျပါလာကြောင်း၊ ထပ်တိုးမလာကြောင်း၊ ကန်ရေလိုပဲ တစ်နေ့မှာ ခမ်းခြောက်သွားမှာဖြစ်ကြောင်း ရေးခဲ့ပါပြီ။

အခု ဥအိမ် (ovary) ထဲမှာ မမျိုးဥ (ovum) လေးတွေ ဘယ်လိုနေတယ်၊ ဘယ်လိုရင့်မှည့်လာတယ်၊ ဘယ်လိုကြွေကျတယ်၊ ရာသီဘာကြောင့်လာတယ် စတာတွေ ဆက်ပြောရအောင်…နော့။

ဥအိမ် (ovary) ထဲမှာ မမျိုးဥ (ovum) လေးတွေက တစ်ပင်တိုင် မင်းသမီးလေးတွေလို နေကြတာဗျ။ ‌မမျိုးဥ တစ်ခုစီတိုင်းကို အခြွေအရံဆဲလ်အတွင်းလွှာ (granulosa cells layer) နဲ့ အပြင်လွှာ (theca cells layer) နှစ်ခုနဲ့ ဝိုင်းပတ်ထားပြီး အဲဒီလို အစုအဝေး တစ်ခုစီတိုင်းကို (follicle) လို့ ခေါ်ပါတယ်။ အပျိုဖော်ဝင်ခါစ အမျိုးသမီးတစ်ယောက်မှာ ဥအိမ်နှစ်ဖက် စုစုပေါင်း (follicles) ၇ သောင်းခန့် ပါတယ်လို့ ဆိုပါတယ်။ ဘယ်ဘက်ကပိုပါသလဲ ညီတူညီမျှပဲလားဆိုတာတော့ ကျွန်တော်မသိပါဗျ။ မြင်ယောင်ကြည့်ရရင် ဥအိမ် (ovary) တွေက ပိန္နဲသီးတွေပေါ့။ အထဲက အမြွှာတစ်ခုချင်းစီက (follicle) တွေပေါ့။ အလယ်ကအစေ့က မမျိုးဥ (ovum) ပေါ့။ ကျွန်တော်တို့စားလိုက်တာက အခြွေအရံ အလွှာတွေပေါ့လေ။

အပျိုဖော်ဝင်တယ် ရာသီလာတယ်ဆိုတာ ခုခေတ်စားနေတဲ့ တော်လှန်ရေးစကားနဲ့ ပြောရရင် အထက်အောက် အမိန့်ပေးစနစ် (chain of command) နဲ့ အောက်ကနေအထက်သို့ လုပ်ဆောင်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြ အကောင်အထည်ဖော်တဲ့စနစ် (feedback mechanism) စတာတွေ အချိန်ယူတည်ဆောက်ပြီးမှ ဖြစ်လာတာပါ။

အထက်အောက် ဘယ်သူတွေပါသလဲဆိုရင် အထက်ဆုံးကနေ စမယ်နော်။ ဦးနှောက်ရဲ့ ရှေ့ဘက်အောက်ပိုင်း (hypothalamus) ဆိုတဲ့နေရာ။ နောက် ဦးနှောက်အောက်အကျိတ် (pituitary gland)။ နောက် ဥအိမ် (ovary) နှစ်လုံးနဲ့ နောက်ဆုံး အောက်ခြေအကျဆုံး သားအိမ်နဲ့ မိန်းမအင်္ဂါတွေပေါ့။

အမျိုးသမီးလေးတစ်ယောက် အရွယ်ရောက်တော့မယ်ဆိုရင် hypothalamus ကနေ GnRH (gonadotropin releasing hormones) ဆိုတဲ့ ဟော်မုန်းဓာတ်တစ်မျိုး စထွက်လာတယ်။ ဘယ်အချိန် စထွက်လဲ ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွဲပြားကြပါတယ်။ ၁၃ နှစ်နဲ့ ၁၇ နှစ်ကြားဆိုရင် ပုံမှန်လို့ ယူဆပါတယ်။

အဲဒီ GnRH က သွေးစီးဆင်းမှုတစ်လျှောက် လိုက်သွားရင်းနဲ့ pituitary gland ဆီရောက်ပါတယ်။ ဒါ အမိန့်ပါ။ Pituitary gland ကနေ FSH (follicular stimulating hormones) နဲ့ LH (lutenizing hormones) တွေထုတ်ပေးဖို့ အမိန့်ပါ။

Pituitary gland က အထက်ပါအမိန့်ကို လက်ခံရရှိသောအခါမှာ FSH ဟော်မုန်းကို စတင်ထုတ်လုပ်ပါတယ်။ ဒါလည်း အမိန့်ပါပဲ။ ဥအိမ် (ovary) တွေကို ထပ်ဆင့်ပြန်ပေးတဲ့ အမိန့်ပါ။

ဥအိမ်များက FSH ဟော်မုန်းအမိန့်ကို လက်ခံရရှိတဲ့အခါ ဥအိမ် ၂ ခုရှိတဲ့အနက် တစ်ခုထဲက follicle ၁၅-၂၀ ခန့်ဟာ စတင်ကြီးထွားလာကြပါတယ်။ follicle တွေထဲက မျိုးဥလေးများရော၊ ဘေးက အခြွေအရံဆဲလ်နှစ်လွှာလုံးရော အားလုံးလိုက်ပါကြီးထွားကြပါတယ်။ အဲဒီမှာ အခြွေအရံဆဲလ်အတွင်းလွှာကနေ အီစရိုဂျင် (oestrogens) လို့ခေါ်တဲ့ အမျိုးသမီး ဟော်မုန်းဓာတ်တစ်မျိုး ထွက်လာပါတယ်။ အီစရိုဂျင်ရဲ့လုပ်ငန်းဆောင်တာတွေက အများကြီးပါ။ အဓိကနှစ်ခုက….

၁။ အထက်ကို ပြန်သတင်းပို့တာပါ။ အမိန့်အတိုင်း follicle များကို ကြီးထွားစေပြီး မျိုးဥကြွေရန်ပြင်ဆင်နေပါပြီခင်ဗျလို့။ အဲဒီတော့ အထက်ကလည်း အမိန့်စာ ထပ်မထုတ်တော့ဘူး။ GnRH တွေ FSH တွေ ထပ်ထွက်မလာတော့ဘူး။

၂။ သားအိမ်ကို ခိုင်းတာပါ။ သားအိမ်နံရံ အလွှာသုံးလွှာရှိသည့်အထဲက အတွင်းဆုံးအလွှာ (endometrium) ကို ပွပြီးထူထပ်လာစေတာပါ။

အခြားအလုပ်တွေကတော့ ဆံကေသာကို ထူထဲလှပလာစေတယ်။ အသားအရေကို စိုပြေလှပ နူးညံ့ လာစေတယ်။ တင်တင်ကြီးတို့ ရင်ရင်လှတို့ ဖြစ်လာစေတယ်။ သစ်ရွက်လှုပ်တာတောင် ရယ်တတ်လာစေတယ်။ နင်ဘယ်နှစ်တန်း ရောက်ပြီလဲ၊ နင်ခုတလော လှလာတယ်၊ နင်တောင်အပျိုကြီး ဖြစ်လို့နေပြီဟယ် ဆိုတဲ့ မေဆွိရဲ့ ဦးလေးကြီးသီချင်း ကြားဖူးကြရဲ့ မဟုတ်လား။ ကမ္ဘာကို ကိုင်လှုပ်တဲ့ အီစရိုဂျင် (oestrogens)… စိတ်နာတယ်။

ထားပါတော့လေ။ ရှေ့ဆက်ရအောင်နော။ အဲဒီလိုနဲ့ follicle ၁၅-၂၀ လောက် ကြီးထွားလာလိုက်တာ ခြောက်ရက် ခုနှစ်ရက်မြောက်မှာ follicle တွေထုတ်တဲ့ အီစရိုဂျင် (oestrogens) တွေက ပြန်ပိတ်လိုက်လို့ အထက်အမိန့် မလာတော့ဘူး။ အဲဒီမှာ အသန်စွမ်းဆုံး follicle တစ်ခုကပဲ ဆက်လက်ကြီးထွားပြီး ကျန်တာတွေက သေကုန်ကြရတယ်။ မဟုတ်ရင် အမြွှာကိုယ်ဝန်တွေ ရကုန်မှာပေါ့နော။ အသန်စွမ်းဆုံး follicle တစ်ခုထဲထုတ်ပေးတဲ့ အီစရိုဂျင် (oestrogens) ပမာဏကလည်း အရင် အခုနှစ်ဆယ်လောက် ဝိုင်းထုတ်ပေးတာ ထက်တောင် များသေးဗျာ။ အဲဒီတော့ အထက်အမိန့်တွေလည်း မလာ၊ သားအိမ်အတွင်းနံရံကလည်း ဆက်လက်ပွမြဲ ထူထပ်ဆဲပေါ့။

အဲဒီလိုနဲ့ follicle လေးတွေ စတင်ကြီးထွားလာတဲ့နေ့ကနေ စတင်ရေတွက်လို့ ၁၁- ၁၂- ၁၃- ၁၄- ၁၅- ၁၆- ၁၇ ရက်မြောက်နေ့ တစ်ရက်ရက်မှာ တစ်ခုထဲဆက်လက်ကြီးထွားလာတဲ့ follicle က ပေါက်ထွက်သွားပြီး၊ မျိုးဥ (ovum) လေးကို သားပို့ပြွန် ချစ်သူလမ်းကြား (fallopion tube) က ခံယူထားပြီး လမ်းထိပ်မှာ စောင့်နေစေပါတယ်။ မျိုးဥကြွေခြင်း (ovulation) လို့ ခေါ်ပါတယ်။ မိန်မကြိုက်တော့ မျှော်ရတာပေါ့ဗျာ။ အခြွေအရံဆဲလ်အခွံတွေကတော့ ဥအိမ် (ovary) ထဲမှာ ကျန်ခဲ့တယ်။

မျိုးဥလေး ကြွေပြီးနောက်မှာ အခြွေအရံအပြင်လွှာကနေ ပရိုဂျက်စတီရုန်း (progesterone) ဆိုတဲ့ နောက်ထပ် အမျိုးသမီးဟော်မုန်းတစ်မျိုးကို ထပ်ထုတ်တယ်။ သူက အီစရိုဂျင် (oestrogens) ကြောင့် ပွပြီးထူထဲလာတဲ့ သားအိမ်အတွင်းနံရံကို စိုအိပျော့ပျောင်းသွားစေတယ်။ အကယ်၍ ကြွေကျသွားပြီး ချစ်သူလမ်းကြားထိပ်မှာ စောင့်နေတဲ့ မမျိုးဥလေး ဖူးစာဖက်တွေ့ သန္ဓေအောင်သွားခဲ့ရင် သန္ဓေခဲလေး သားပို့ပြွန်တစ်လျှောက် ပြန်လှိမ့်ဆင်းလာပီး သားအိမ်အတွင်းနံရံမှာ ကောင်းကောင်း စွဲမြဲနိုင်ဖို့ (implantation) အတွက် ပြင်ဆင်တာပေါ့။ တစ်နည်း လာလတ္တံ့သော ဧည့်သည်အတွက် ချက်ပြုတ်ပြင်ဆင်ထားတာပေါ့။

သို့သော် အခြွေအရံမပါ တစ်ကိုယ်တည်း ဆင်းလာတဲ့ မမျိုးဥ (ovum) လေးဟာ စိန်ခြူးကြာညောင် လရောင်တွေလင်းပါလို့ မှန်ရွှေဖြူပြတင်းရယ်က မယ်ခုမျှော်လို့ အကြာကြီးစောင့်နေလို့ မရပါ။ မောင်တော်မရောက်လာလို့ ရင်ကွဲနာကျတာလား တစ်ကိုယ်တည်းမို့ အအေးပတ်သွားသလားမသိ နှစ်ဆယ့်လေးနာရီပြည့်လို့မှ မျိုးမအောင်ရင် သေသွားပါတယ်။ သမီးကညာ အခါမလင့်စေနှင့်ဆိုတာ ဒါကိုဆိုလိုတာလားမသိ။

သားဥအိမ်ထဲမှာကျန်ခဲ့တဲ့ အခြွေအရံ နှစ်လွှာကတော့ ဖူးစာဖက်ကိုဆင်းစောင့်တဲ့ သူတို့သခင်မက တစ်ရက်ပဲစောင့်ပြီး သေသွားပြီဆိုတာ မသိကြပါဘူး။ အီစရိုဂျင် (oestrogens) နဲ့ ပရိုဂျက်စတီရုန်း (progesterone) ကို ဆက်လက်ထုတ်ဆဲ ထုတ်မြဲပါဗျ။ ဒါကြောင့် အပေါ်ကလည်း နောက်ထပ် follicle တွေကြီးထွားဖို့ အမိန့်မလာသလို သားအိမ်အတွင်းနံရံကလည်း စိုအိဆဲပေါ့ခင်ဗျ။

သို့သော် သားဥကြွေပြီး ၁၄ ရက်ရှိရင်တော့ သိပါပြီ။ မျိုးမအောင်တော့ဘူး၊ ကိုယ်ဝန်မရတော့ဘူး၊ သားဥလေးကတော့ အဟောသိကံ ဖြစ်သွားပြီဆိုတာ။ အခြွေရံနှစ်လွှာလုံး သေသွားတယ်။ အီစရိုဂျင် (oestrogens) နဲ့ ပရိုဂျက်စတီရုန်း (progesterone) မထွက်တော့ဘူး။ အဲဒီတော့ ထူထဲစိုအိနေတဲ့ သားအိမ်နံရံအတွင်းလွှာကို ဆက်မထိန်းထားနိုင်တော့ဘူး။ ဧည့်သည်မလာမှာ သေချာပြီ။ ဧည့်ခံဖို့ ပြင်ဆင်ထားတာတွေကို သွန်ချပစ်လိုက်တယ်။ ဒါကို ရာသီသွေးပေါ်တယ်လို့ ခေါ်တာပါ။ တစ်ပြိုင်တည်းမှာပဲ အထက်က အမိန့် (GnRH, FSH) တွေကို မပိတ်နိုင်တော့ အမိန့်တွေထပ်ထွက်လာပြီ။ နောက် follicle အုပ်စုတစ်ခု ထပ်ကြီးထွားလာပြီး နောက်ရာသီစက်ဝန်းတစ်ခု ဆက်လည်ပတ်ပြီပေါ့။

စအပျိုဖော်ဝင်ခါစ အရွယ်တွေမှာ အထက်ပါ ဆင့်ကဲအမိန့်ပေးမှုဖြစ်စဉ် (chain of command) နဲ့ နာခံဆောင်ရွက် ပြန်လည်တင်ပြမှုဖြစ်စဉ် (feedback) တွေ ကောင်းကောင်းမချိတ်ဆက်နိုင်သေးသည့်အတွက် ပထမ တစ်နှစ် နှစ်နှစ်အတွင်း ရာသီလစဉ်မှန်မှန်မလာသည်မှာ ရောဂါမဟုတ်ပါ။ စိတ်မပူကြစေလိုပါ။ အချိန်တန်လျှင် မှန်သွားပါလိမ့်မည်။ ရာသီသွေးသည် အညစ်အကြေး၊ အဆိပ်အတောက်၊ အပုပ်အစပ် မဟုတ်ပါ။ သားသမီးရတနာတို့အတွက် ကြိုတင်ပြင်ဆင်ထားသော မိခင်မေတ္တာ၊ မွန်မြတ်သောအစားအစာ ဖြစ်ပါသည်။

၂၅- ၃၅ အရွယ်များ ရာသီမမှန်ပါက ရောဂါဖြစ်ပါသည်။ ဆင့်ကဲအမိန့်ပေးမှုဖြစ်စဥ် (chain of command) ဘယ်နေရာတွင် ပျက်နေသည် စစ်ဆေးအဖြေရှာရပါမည်။ ထိပ်ဆုံးက စပျက်သလော၊ GnRH, FSH မထွက်သလော။ အကြောင်းရင်းများကတော့ စိတ်ဖိစီးမှုများခြင်း (ဥပမာ စာမေးပွဲနီးခြင်း၊အိမ်တွင်းရေး၊ လူမှုရေး ပြသနာများ)၊ ခန္ဓာကိုယ် ဝလွန်း/ပိန်လွန်းခြင်း၊ နာတာရှည်ရောဂါ တစ်ခုခုရှိခြင်း (ဥပမာ တီဘီ၊ အရေပြားလေးဖက်နာ)၊ ခန္ဓာကိုယ်ပင်ပန်းလွန်းခြင်း (ဥပမာ ပရော်ဖက်ရှင်နယ် အမျိုးသမီး အားကစားမယ်) စသည်တို့ ဖြစ်နိုင်ပါသည်။ ဦးနှောက်အောက်အကျိတ် (pituitary gland) တွင် အကျိတ်ဖြစ်ခြင်း ဖြစ်နိုင်ပါသည်။ မျိုးဥအိမ် (ovary) က မနာခံခြင်း၊ မျိုးဥမကြွေခြင်း (resistant ovary syndrome) စသည်တို့ ဖြစ်နိုင်ပါသည်။ နီးစပ်ရာ သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အမျိုးသမီးတစ်ဦး၏ ရာသီစက်ဝန်းတစ်လသည် ပြီးခဲ့သောရာသီသွေးစဆင်း ပထမဆုံးရက်မှ နောက်တစ်ကြိမ် ရာသီသွေးပြန်ဆင်း ပထမဆုံးရက်အထိဖြစ်သည်ကို ကောင်းစွာသဘောပေါက်လောက်ပြီဟု ထင်ပါသည်။ အီစရိုဂျင် (oestrogens) နှင့် ပရိုဂျက်စတီရုန်း (progesterone) မဟော်မုန်းဓာတ်များ ကျဆင်းခြင်းကြောင့် သားအိမ်နံရံကြွေကျ သွေးဆင်း၊ တစ်ပြိုင်တည်းတွင် အထက်အမိန့် (GnRH, FSH) များကြောင့် နောက်ထပ် follicle အုပ်စုတစ်ခု ထပ်မံဖွံ့ဖြိုး၊ မျိုးဥကြွေ၊ မျိုးမအောင်၊ ၁၄ ရက်ကြာလျှင် သွေးဆင်း၊ ပြီးလျှင်နောက်တစ်ပတ်လည် စသည်ဖြင့် သွားနေမည်ဖြစ်ပါသည်။ ကိုယ်ဝန်ရှိပြီးမှ သွေးပုပ်ချဆေးဟူ၍ တစ်ခုခုသောက်ပြီးမှ သွေးဆင်းသည်ကို ရာသီနောက်ကျလာသည်ဟု မခေါ်ပါ။ ကိုယ်ဝန်ဖျက်ချ၊ ပျက်ကျ၍ သွေးဆင်းခြင်းဟု ခေါ်ပါသည်။

အမျိုးသမီးများ၏ ရာသီစက်ဝန်းကြာချိန်သည် တစ်ဦးနှင့်တစ်ဦး မတူကြပါ။ တစ်ဦးတည်းပင်လျှင် တစ်လနှင့်တစ်လ မတူခြင်း ဖြစ်နိုင်ပါသည်။ ပျှမ်းမျှအားဖြင့် ၂၈ ရက်ကြာပါသည်။ ၂၂ ရက်မှ ၃၅ ရက်အတွင်းဆိုလျှင် ပုံမှန်ဟုသတ်မှတ်ပါသည်။ ဤသို့ ရက်များကွာခြားရသည်မှာ ရာသီစက်ဝန်း ပထမပိုင်း ပြီးဆုံးရက်ဖြစ်သည့် မျိုးဥကြွေသောရက် ရှေ့တိုးနောက်ဆုတ်ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ ကိုယ်ဝန်မရပါက ရာသီစက်ဝန်း၏ ဒုတိယပိုင်းသည် အမျိုးသမီးတိုင်းတွင် မျိုးဥကြွေပြီးနောက် ၁၄ ရက်ဖြစ်ပါသည်ခင်ဗျ။

သဘာဝတရားကြီးကတော့ အမျိုးသမီးများဘက်မှလည်း ရာသီစက်ဝန်းတစ်ခုအတွင်း အကောင်းဆုံး အသန်မာဆုံး မျိုးဥ (ovum)၊ အမျိုးသားများဘက်မှလည်း တစ်ခါထုတ် သန်းလေးဆယ်ကျော်အတွင်းမှ အကောင်းဆုံး အသန်မာဆုံး သုက်ကောင် (spermatozoa) တို့ကို ပေါင်းစည်းစေပြီး အကောင်းဆုံးလူတွေ မွေးဖွားလာစေဖို့ စီစဉ်ပေးတာပါပဲဗျာ။ ဘာလို့ မအလ လို ဘောမတွေလို လူ့အနတ္တတွေ ထွက်လာကြသလဲတော့ မသိတော့ဘူး… ရှင်းမပြတတ်တော့ဘူး။

(ဆက်လက်ဖေါ်ပြပါမည် ခင်ဗျ)

ဒေါက်တာဝေဖြိုး

အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here