ကိုယ်ဝန်ရှိလာတဲ့အခါ မိဘဆွေမျိုး၊ မိတ်​ဆွေသူငယ်ချင်း၊ အိမ်နီးနားချင်းတွေကအစ သူတို့ရဲ့အကြံဉာဏ်၊ အတွေ့အကြုံ၊ အတွေးအမြင်တွေ မျိုးစုံအောင် ကြားရပါလိမ့်မယ်။ အချို့အကြောင်းအရာ အချက်အလက်တွေက အသုံးဝင် မှန်ကန်နိုင်ပေမယ့်၊ အခြားမှားယွင်းနေတဲ့ အယူအဆတွေလည်း ရှိနိုင်ပါတယ်။

ဥပမာ – တစ်စုံတစ်ဦးက သင့်ကို “ ကိုယ်ဝန်သည်က နာနတ်သီးနဲ့ မတည့်ဘူး၊ စားလို့မရဘူး။ ကိုယ်ဝန်ပျက်ကျတတ်တယ်၊ ဗိုက်​စောစောနာပြီး ကလေးစောမွေးတတ်တယ်” ဆိုတဲ့ ယုံတမ်းစကားမျိုးကို တချို့တွေ ကြားဖူးကြမှာပါ။

အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အသီးအနှံကို နောက် ၉ လလောက်အထိ မရှောင်ခင်မှာ အောက်ပါအချက်လေးတွေကို လေ့လာကြည့်ရအောင် ။

..

..

ကိုယ်ဝန်ဆောင်နေချိန် နာနတ်သီး စားလို့ရပါသလား ?

နာနတ်သီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးရန်ဘေးကင်းပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

နာနတ်သီးက ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ရှိ​တယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေ မရှိပါဘူး။ နာနတ်သီးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေဟာ မှားယွင်းစွာလက်ဆင့်ကမ်းလာတဲ့ ယုံတမ်းပုံပြင်သက်သက်သာ ဖြစ်ပါတယ်။

..

..

ဒါဆို ဘာကြောင့် ဒီလို ထင်နေပြောနေကြတာလဲ ?

နာနတ်သီးမှာ Bromelain ဆိုတဲ့ enzyme တစ်မျိုး ပါရှိပါတယ်။

Bromelain ပါဝင်တဲ့ ဆေးဝါးတွေကို ကိုယ်ဝန်ဆောင်စဉ် အသုံးပြုဖို့ အကြံပေးထောက်ခံထားခြင်း မရှိပါဘူး။ Bromelain ဟာ ခန္ဓာကိုယ်အတွင်းရှိ ပရိုတင်းတွေကို ချေဖျက်နိုင်ပြီး ပုံမှန်မဟုတ်တဲ့ သွေးထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် Bromelain ဟာ သားအိမ်ကို ပျော့စေ၊ ကျုံ့စေနိုင်ပါတယ်။

နာနတ်သီးရဲ့အူတိုင်မှာ Bromelain ကို တွေ့ရှိရပေမယ့် လူအများ စားသုံးနေကြတဲ့ နာနတ်သီးရဲ့အသားထဲမှာတော့ ပမာဏအနည်းငယ်သာ ပါဝင်ပါတယ်။ နာနတ်သီးတစ်လုံးမှာ ပါဝင်တဲ့ Bromelain ပမာဏဟာ ကိုယ်ဝန်ကို ထိခိုက်စေနိုင်ဖွယ် မရှိပါဘူး။

ဒါပေမယ့် တစ်ထိုင်တည်း နာနတ်သီး ၄-၅ လုံးလောက် အလွန်အကျွံစားတာမျိုးတော့ မလုပ်သင့်ပါဘူး။ အမူးအမော်ပြေ တစ်စိတ်၊ နှစ်စိတ်လောက် ပုံမှန်စားသုံးတာက ကိုယ်ဝန်ကို ဆိုးရွားစွာထိခိုက်တာမျိုး မဖြစ်နိုင်ပါဘူး။

..

..

နာနတ်သီးဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်ဝန်ဆောင်အစားအစာရဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါသလား ?

အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန (USDA) ရဲ့ အဆိုအရ စံပြ ကိုယ်ဝန်ဆောင်အ​စားအသောက်ကို အောက်ပါ အုပ်စု (၅) စုက အစားအစာတွေနဲ့ ဖွဲ့စည်းထားပါတယ်။

၁။ ဟင်းသီးဟင်းရွက်များ

၂။ သစ်သီးများ

၃။ နို့ထွက်ပစ္စည်းများ

၄။ အစေ့အဆန်များ

၅။ အသား၊ ကြက်၊ ငါး၊ ဥနှင့် ပဲများမှ ရရှိသည့်ပရိုတင်းဓာတ်

ဒီအုပ်စုတွေက အစားအစာတွေဟာ ကလေးကြီးထွားဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာရရှိဖို့ ကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို အရသာရှိရှိ မျှတစွာ ရောနှောစားသောက်ပြီး ရေများများသောက်ဖို့ကသာ အရေးကြီးပါတယ်။

သင်စားတဲ့ ပမာဏဟာ သင့်အသက်၊ အရပ်၊ ကိုယ်အလေးချိန်၊ လှုပ်ရှားမှုအဆင့်တို့နဲ့ အတိအကျသက်ဆိုင်ပါတယ်။

ဥပမာအားဖြင့် အရပ် ၅ ပေ၊ ၄ လက်မ၊ ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန် ပေါင် ၁၄၀ ရှိတဲ့ အတော်အသင့် လှုပ်ရှားမှုရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး ဆိုကြပါစို့ …

USDA ရဲ့ MyPlate အစီအစဉ်အရ သူမအတွက် ကိုယ်ဝန်ဆောင် ပထမသုံးလပတ် (first trimester) မှာ တစ်နေ့ကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ၄ ပန်းကန်လုံးခွဲခန့်၊ ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ၅ ပန်းကန်လုံးအထိ စားသုံးဖို့ အကြံပြုထားပါတယ်။

အရပ် ၅ ပေ၊ ၉ လက်မရှိတဲ့ အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်သည်ဆိုရင်တော့ သူမရဲ့လှုပ်ရှားမှု အဆင့်ပေါ်မူတည်ပြီး တစ်နေ့ကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ၆ ပန်းကန်လုံးခွဲခန့် လိုအပ်ပါတယ်။

..

..

နေ့စဥ်အစားအသောက်မှာ နာနတ်သီးကို ဘယ်လို ထည့်စားကြမလဲ ?

နာနတ်သီး တစ်ပန်းကန်လုံးစာမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီ ၁၀၀ ရာခိုင်နှုန်းနီးပါး ပါဝင်နိုင်ပါတယ်။

ဒါ့အပြင် –

– Folate (ဖောလိတ်)

– Iron (သံဓာတ်)

– Magnesium (မဂ္ဂန်ီဆီယမ်)

– Manganese (မန်းဂနိစ်)

– Copper (ကြေးနီ)

– Pyridoxine ( ဗီတာမင် B6)

– Fiber (အမျှင်ဓာတ်) တို့ ပါဝင်ပြီး… ဒီအာဟာရဓာတ်အားလုံးဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ မိခင်ရဲ့ကျန်းမာရေးအတွက် အရေးပါပါတယ်။

နာနတ်သီးကို အချိူပွဲ၊ အသီးဖျော်ရည်၊ ဒိန်ချဥ်၊ ယိုထိုးစားတာ စသဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ နည်းလမ်းမျိုးစုံနဲ့ စားလို့ရပါတယ်။

..

..

ကိုယ်ဝန်ဆောင်ချိန် တခြားဘယ်အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စားသင့်လဲ ?

ရာသီပေါ် မူတည်ပြီး စားလို့ရတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားများစွာရှိပါတယ်။

ရာသီအလိုက် မှန်ကန်တဲ့ ရွေးချယ်စရာတွေထဲမှာ…

• ပန်းသီး

• လိမ္မော်သီး

• ပဲသီး

• တရုတ်ဆီးသီး

• သရက်သီး

• ကန်စွန်းဥ

• ရွှေဖရုံသီး

• ဟင်းနုနွယ်ရွက်တို့ ပါဝင်ပါတယ်။

အာဟာရပါဝင်မှု နည်းပါးပြီး Cholesterol များတဲ့ အသင့်စားအစားအစာ (Junk food) တွေထက်စာရင် အေးခဲထားတဲ့၊ စည်သွပ်ထားတဲ့ (ဒါမှမဟုတ်) အခြောက်ခံထားတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်စားသုံးတာက ပိုကောင်းပါသေးတယ်။

(အကောင်းဆုံးကတော့…..လတ်လတ်ဆတ်ဆတ် စားတာ အကောင်းဆုံးပါပဲ ????)

..

..

ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးစားရင် အန္တရာယ်ရှိပါသလား ?

နာနတ်သီးစားသုံးတာဟာ အန္တရာယ်မဖြ​စ်​​စေနိုင်ပေမယ့်လည်း ပမာဏများများစားရင် နာနတ်သီးမှာပါတဲ့ အက်ဆစ်ဓာတ်တွေက ရင်ပူတာ (ဒါမှမဟုတ်) အစာအိမ်အက်ဆစ် အထက်ဆန်တက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်မကောင်းသူတွေအနေနဲ့ သတိထားပြီး စားသင့်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားဖို့အတွက် အရသာရှိတဲ့ အသီးအနှံတွေကို မျှတအောင် စားသုံးတာ အကောင်းဆုံးပါပဲ။

နာနတ်သီးကို (ပုံမှန်စားနေကျ မဟုတ်ဘဲ) အခုမှ စားပြီးနောက် ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ပြသရပါမယ်

ဓာတ်မတည့်မှု လက္ခဏာတွေကတော့….

– ပါးစပ်ယားယံခြင်း (သို့) ရောင်ရမ်းခြင်း

– အရေပြားယားခြင်း၊ အင်ပျဥ်ထခြင်း

– ပန်းနာရင်​ကျပ်ဖြစ်ခြင်း

– နှာပိတ်ခြင်း (သို့) နှာရည်ယိုခြင်း

အကယ်၍ ဓာတ်မတည့်ခဲ့ရင် နာနတ်သီးစားပြီး မိနစ်ပိုင်းအတွင်း အထက်ပါတုံ့ပြန်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။

..

..

နိဂုံးချုပ်ဆိုရရင်…. ကိုယ်ဝန်ဆောင်စဉ် နာနတ်သီးစားတာဟာ ကိုယ်ဝန်ပျက်ကျတာ (ဒါမှမဟုတ်) စောစီးစွာ မီးဖွားတာမျိုး ဖြစ်နိုင်ခြေ မရှိပါဘူး။ လတ်ဆတ်တဲ့ နာနတ်သီး၊ စည်သွပ်နာနတ်သီး (သို့) နာနတ်သီးဖျော်ရည်တွေကို ဘေးကင်းစွာ ပုံမှန်စားသုံးနိုင်ပါတယ်။

မမှည့်သေးတဲ့ အသီးအစိမ်း၊ အမှည့်လွန်အသီးတွေနဲ့ ယင်နားစာတွေကိုတော့ ရှောင်ကြဥ်ပါ။

စိတ်ပြီးသား အသီး၀ယ်စားတဲ့အခါ ယင်နားထားရင် စားပြီးတဲ့အခါ ၀မ်းပျက်တာ အေ့ာအန်တာတွေဖြစ်နိုင်လို့ စားခါနီးမှ နွှာစားတာ၊ မိမိရှေ့မှာပဲ ချက်ချင်းနွှာပေးတာမျိုးသာ ရွေးချယ်စားသောက်ပါ။

“ နာနတ်သီးစားရင် ဘာဖြစ်တယ်၊ နာနတ်သီးသည်က ဘာဖြစ်တယ်” ဆိုတဲ့သူတွေကိုလည်း စားလို့ရကြောင်း မျှဝေပေးပါ။

တကယ်လို့ ကိုယ့်ရဲ့အစားအသောက်ထဲမှာ နာနတ်သီးထည့်စားဖို့ စိတ်ပူနေသေးရင်တော့ ကိုယ့်ရဲ့စိုးရိမ်မှုတွေအတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ။

ကိုယ်ဝန်အတွက် အန္တရာယ်ကင်းတဲ့ အစားအစာတွေအကြောင်း နောက်ထပ်အချက်အလက်တွေကိုလည်း တယ်လီကျန်းမာမှာ ကျန်းမာရေးအသိပညာပေးပို့စ်တွေ စဥ်ဆက်မပြတ် တင်ပေးနေပါဦးမယ်နော်။ ။

Reference – ????https://www.healthline.com/health/pregnancy/pineapple…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here