ကိုယ်၀န်ဆောင် ဆီးချိုနဲ့ အာဟာရဆိုင်ရာ အကြံပြုချက်…..ကလင်…ကလင်…. ????????????

ကိုယ်၀န်ဆောင် ဆီးချို (Gestational Diabetes) ဆိုတာ တကယ်တော့ ကိုယ်၀န်ဆောင်မှ ဆီးချို ဖြစ်လာတာကို ပြောတာဖြစ်ပြီး အရင်ထဲက ဆီးချိုရှိပြီးသားလူနာက ကိုယ်၀န်ဆောင်တာကို မဆိုလိုပါဘူး…. ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိမိသွေးထဲမှာ အချိုဓာတ်များနေခြင်းဟာ ဗိုက်ထဲက ကလေးလေးအပေါ် အများကြီး ထိခိုက်စေပါတယ်…

ကိုယ်၀န်ဆောင်သည် တစ်ယောက်အနေနဲ့ သွေးတွင်းအချိုဓာတ်ဟာ

– ဘာမှ မစားထားရင် ၉၅ အောက်

– စားပြီး တစ်နာရီဆို ၁၄၀ အောက်

– စားပြီး ၂ နာရီဆို ၁၂၀ အောက် ရှိကိုရှိရပါမယ်

အခြား နှစ်ရှည် ဆီးချိုလူနာတွေလို ၂၀၀ လောက်အထိ တစ်ခါတလေဖြစ်တာ ကိစ္စမရှိပါဘူးဆိုပြီး ထားလိုက်လို့မရပါ…

ဘာလို့လဲဆိုတော့ သွေးတွင်းအချိုဓာတ်များနေခြင်းက ဘေဘီလေးမှာ နေ့မစေ့လမစေ့ မွေးတာ၊ အရမ်းကြီးနေတာ၊ မွေးရခက်တာတို့သာမက မွေးလာတဲ့အခါ ကိုယ်တွင်းအင်္ဂါ ချို့တဲ့မှုဖြစ်တာ၊ အဆုတ်အားနည်းတာ၊ ကြီးလာတဲ့အခါ ဆီးချိုဖြစ်နိုင်ခြေရှိတာမျိုးတွေ ကလေးမှာ ဖြစ်သွားနိုင်လို့ပါ။ အဆိုးဆုံးကတော့ အဖတ်မတင်တာ (အသက်မပါဘဲမွေးလာတာ) အထိလည်း ဖြစ်နိုင်ပါတယ်။

ကိုယ်၀န်ဆောင်စဥ် ၂၄ ပတ်မှ ၂၈ ပတ်အတွင်း ဆီးချိုရှိ/မရှိကို မိမိပြနေကျ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများမှာ စစ်ပေးလေ့ရှိပါတယ်။ ဆီးစစ် သွေးစစ် လုပ်လေ့ရှိပါတယ်။

ဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေ (4kg ထက်ကျော်တဲ့ ကလေးကြီးကြီးမွေးဖူးတာ၊ အရင်ကိုယ်၀န်တုန်းက ဆီးချိုဖြစ်ဖူးတာ၊ အ၀လွန်သူ၊ သွေးတိုးသူ စသဖြင့်) မှာ သကြားရည် သောက်ခိုင်းပြီး သွေးတွင်း ဂလူးကို့စ် တက်လာ/မလာ စစ်ဆေးလေ့ ရှိပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဆရာ၀န်နဲ့ ဆရာမတို့က သကြားရည်တိုက်လိုက်လို့ ဆီးချိုဖြစ်သွားတယ်လို့တော့ မမြင်စေချင်ပါ။ တစ်ကိုယ်ရေတုန်းက မိမိခန္ဓာကိုယ်မှာ အင်ဆူလင်ကို ထုတ်လုပ်တာ နိုင်နင်းပေမယ့် ဘေဘီလေးအတွက်ပါ ပိုထုတ်ရတော့ မနိုင်ဖြစ်လာလို့ ဆီးချို ဖြစ်လာတာပါ။ သကြားရည် တိုက်တယ်ဆိုတာလည်း ဂလူးကို့စ်ကို မေမေတို့ ဘယ်လိုတုံ့ပြန်လဲဆိုတာ စမ်းစစ်လိုက်တာပါပဲ။

ကဲ….ကိုယ်၀န်ဆောင် ဆီးချိုဆိုတာ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဖြစ်လာရင်တော့လည်း ဆေးကုသမှု သေချာခံယူပြီး သွေးတွင်း ဂလူးကို့စ်ဓာတ်ကို ထိန်းထားနိုင်ရင် စိတ်ပူစရာမလိုတဲ့ အခြေအနေတစ်ခုပါ။

ကိုယ်၀န်ဆောင် ဆီးချိုအများစုဟာ အစားအစာကို ထိန်း၊ နေထိုင်မှုဘဝပုံစံ lifestyle ဆင်ခြင်ရုံနဲ့ ထိန်းနိုင်ပြီး ဆေးမလိုတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အချို့တွေမှာတော့ အင်ဆူလင် ထိုးရသလို တချို့မှာတော့ သောက်ဆေး၊ စားဆေးနဲ့ ထိန်းရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဆရာ၀န်က မိမိဟာ ဆေးထိုးဖို့လိုတဲ့ လူနာလို့ ပြောလာရင်တော့ ပေပြီး စောင့်ကြည့်ဦးမယ်၊ အစားနဲ့ ထိန်းကြည့်ဦးမယ်လို့ မငြင်းစေချင်ပါဘူး … မိမိရင်သွေးလေးမှာ နာရီနဲ့အမျှ ကြီးထွားရုန်းကန်နေရတာမို့ မပေါ့စေလိုပါဘူး …..

ကလေးလေးမီးဖွားပြီးတဲ့အခါ ဆေးမလိုတာမျိုး များတဲ့အတွက် ရေရှည်ကြီး ဆေးစွဲထိုးရမှာတွေက ရှားပါတယ်။ တအားမကြောက်ပါနဲ့ …..

..

..

ဒီတစ်ပတ်မှာ ပြောချင်တဲ့ အာဟာရနဲ့ဆက်စပ်တဲ့ အဓိက က အခုမှစမှာ …. ပျင်းနေကြပြီလား ကိုယ့်လူတို့.. နည်းနည်းလေးနဲ့ ထိရောက်အောင် အကြံပေးမှာမို့ အပြီးထိ ဆက်ဖတ်ရှုပေးကြပါဦး ….

.

– ကိုယ်၀န်ဆောင်များဟာ ရင်သွေးအတွက်ရော မိမိအတွက်ပါ လိုလောက်တဲ့ အာဟာရဓာတ် ရရှိဖို့လိုပါတယ်… ဒါ့ကြောင့် အစားအလွန်ရှောင်တာ မလုပ်သင့်ပါ… မိမိ အနေနဲ့ အစာစားဖို့ကို တအားမကြောက်ပါနဲ့ …

ဗိုက်ပုံမှန်အပ် ရက်ချိန်းပုံမှန်ပြပါ.. ရက်ချိန်းတိုင်းမှာ မေမေ ကိုယ်အလေးချိန် တိုင်းတာတို့၊ ဗိုက်ထဲက ဘေဘီလေး ကြီးထွားမှု တိုင်းပေးတာတို့ လုပ်ပါတယ်… ဒါ့ကြောင့် မိမိက ပုံမှန်ဖြစ်ရဲ့လား၊ စိုးရိမ်ရလား ဆိုတာကို ရက်ချိန်းတွေပြတဲ့အခါ မေးနိုင်ပါတယ်။

– ကိုယ်၀န်ဆောင်သည်တိုင်းဟာ တစ်နေ့မှာ အနည်းဆုံး ကာဗိုဟိုက်ဒရိတ် ၁၇၅ ဂရမ်၊ ပရိုတင်း ၇၁ ဂရမ်၊ အမျှင်ဓာတ် ၂၈ ဂရမ် စားပေးသင့်ပါတယ်။

(ဒီပမာဏနဲ့ ကိုက်ညီတဲ့ diet plan အကြမ်းကို အောက်ဆုံးမှာ ရေးထားပေးပါတယ်)

– သကြား၊ သကာ၊ ကြံရည်၊ ထန်းလျက်၊ ပျားရည် တို့ ရှောင်ရပါမယ်

– ဇီးထုပ်၊ ယိုစုံ၊ ဟာလ၀ါ၊ မြန်မာမုန့်တွေ၊ ကောက်ညှင်းနဲ့လုပ်တဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ အလွန်စားချင်ပါက တစ်ဇွန်းသာ အရသာရရုံ စားပါ။

– အိပ်ခါနီး မုန့်တစ်ခုခုစားတာ (ဒါမှမဟုတ်) နို့တစ်ခွက် သောက်တာမျိုး လုပ်ပြီးမှ အိပ်သင့်ပါတယ်။

– ၀ိတ်ချဖို့ တအားကြိုးစားတာ၊ ကီတိုစားတာ စတာတွေကို မလုပ်သင့်ပါ။

– ဟင်းသီးဟင်းရွက်ကို ကြိုက်သလောက်စားနိုင်ပါတယ်။

(အာလူး ရွေဖရုံသီးတို့ကိုတော့ တစ်နေ့လုံးတွင် လက်သီးတစ်ဆုပ်စာလောက် စားနိုင်ပါတယ်)

– အသီးအနှံများကိုတော့ တစ်ခါစားရင် ပန်းကန်လုံး အသေးတစ်လုံးခန့် စားနိုင်ပါတယ်။

(ကစီဓာတ်ကဲတဲ့ ပိန္နဲသီး၊ ဒူးရင်းသီး၊ ထန်းသီး တို့ကို တော့ ရှောင်သင့်ပါတယ်။ ငှက်ပျောသီးလည်း တစ်ခါစားရင် တစ်ဝက်သာ စားသင့်ပါတယ်)

– တစ်နေ့ကို အနည်းဆုံးနာရီ၀က် လမ်းလျှောက်သင့်ပါတယ်။ အထူးသဖြင့် တစ်ခုခု စားပြီးတိုင်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ စားပြီး ဗိုက်တင်းလို့ ထိုင်နေတာမျိုး မဟုတ်ဘဲ အိမ်မှုကိစ္စ လုပ်တာ၊ ကလေးထိန်း တာ၊ လှေကား အတက်အဆင်းလုပ်တာ စတဲ့ ပေါ့ပါးတာမျိုး ၁၀ မိနစ်ခန့် လုပ်နိုင်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးတွေတော့ ရှောင်ပါ။

– နို့နဲ့ နို့ထွက်ပစ္စည်းများကို စားပေးရပါမယ်။

(အဆီထုတ်နွားနို့ဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် မလိုင်ပါတဲ့ နွားနို့ကိုမှ ကြိုက်တယ်ဆိုလည်း သကြားမထည့် ဆားမထည့်ဘဲ ကျိုသောက်နိုင်ပါတယ်)

– လတ်ဆတ်တဲ့ အစားအစာတွေကို ပိုရွေးချယ်ပါ။ ယိုတွေ၊ ၀က်အူချောင်းတွေ၊ သံဘူးတွေနဲ့ တာရှည်ခံ လုပ်ထားတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

– ဆေးမြီးတိုတွေ၊ ကြက်ဟင်းခါးသီး အလွန်အကျွံစားတာနဲ့ အခြားဆီးချိုကျစေတယ်လို့ လူပြောများတဲ့ နည်းလမ်းတွေကို မိမိကိုယ်တိုင် စမ်းသပ်ခြင်းမှ ရှောင်ကျဥ်ပါ။ မိမိရဲ့ အသက်၊ ကလေးရဲ့ အသက်တွေဟာ လွန်စွာတန်ဖိုးရှိတာ​မို့ မိမိကိုယ်ကို မစမ်းသပ်ပါနဲ့။

– ကလေးကောင်းစွာ လှုပ်/မလှုပ် နဲ့ ကလေးလှုပ်ရင် လှုပ်တဲ့အကြိမ်ရေကို ရေးမှတ်ထားပါ။ အလှုပ်နည်းပါက ချက်ချင်း ဆေးခန်းပြပြီး ဆရာ၀န်နဲ့ တိုင်ပင်ပါ။

” နမူနာ စားသောက်ပုံ အကြမ်း ” မှာ

မနက်စာ – ပေါင်မုန့်ကြမ်း ၂ ချပ် နှင့် နွားနို့ တစ်ခွက်

နေ့လည်စာ – ထမင်းခူးဇွန်း ၂ဇွန်း (၁၀လုတ်ခန့်) + အရွက်ကြော် ပန်းကန်လုံးတစ်၀က်ခန့် + အသား/ငါး/ကြက်ဥ/ပဲဟင်း တစ်ပန်းကန် (အသားတုံး လက်တစ်၀ါးစာခန့်)

ညနေစာ – ခေါက်ဆွဲသုပ်/ကြာဇံသုပ်/ မုန့်ဟင်းခါး တစ်ပွဲ (အိုးဘဲဥ ထည့်ပါ၊ အကြော်မထည့်ပါနှင့်)

ညစာ – နေ့လည်စာ စားသကဲ့သို့

အိပ်ခါနီး – နွားနို့တစ်ခွက် ဖြစ်ပါတယ်။

.

အာဟာရဆိုင်ရာအထူးကုဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

American diabetes association. (2019) Standards of medical care in Diabetes-2019. Diabetes care. January 2018 Volume 42, supplement 1

The Academy of Nutrition and Dietetics.. (2018) Academy of Nutrition and Dietetics Gestational Diabetes Evidence-Based Nutrition Practice Guideline. JOURNAL OF THE ACADEMY OF NUTRITION AND DIETETICS. September 2018 Volume 118 Number 9. 1719-1742

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here