” ကလေးလိုချင်လို့ သားအိမ်ကငိုကြွေးခြင်းအကြောင်း ပြည့်စုံစွာဖြေဆိုပါ “ တဲ့

ငါတို့ဆရာကြီးက ရိုးရိုးမမေးဘူး ဇာတ်လမ်းလေးနဲ့ လာမေးနေတယ်လို့ ပြုံးလိုက်မိတယ်။

(ဆေးတက္ကသိုလ် ဒုတိယနှစ်တုန်းကပေါ့)

စာမေးပွဲမေးခွန်းရဲ့ မူရင်းကတော့

” Crying of uterus for wanting a baby ” ပါ

ဘာအကြောင်း ဖြေရမယ်ထင်ပါသလဲ ဆရာတို့ ????

ဟုတ်ပါတယ် အမျိုးသမီးတွေ ရာသီလာတဲ့အကြောင်းကို ဇီဝကမ္မဖြစ်စဥ် (Physiology)အရ အသေးစိတ်ဖြေရမှာပါ

အဲ့တုန်းကတော့ အင်္ဂလိပ်လိုတွေ ဆေးပညာအသုံးအနှုန်းတွေနဲ့ ကုန်းရုန်းဖြေခဲ့ရတာပေါ့

အခုတော့ ဆေးတက္ကသိုလ်မဟုတ်တဲ့အတွက် အများနားလည်အောင် အဆင်ပြေသလိုလေး ဖတ်ကောင်းအောင် ရှင်းပြပေးသွားပါမယ်နော်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ လစဥ် ပြင်ဆင်နေပါတယ်

ဘာတွေ ပြင်ဆင်နေသလဲဆိုတော့…ကလေးယူဖို့ အတွက်ပါတဲ့….????

ဒါဟာ…သဘာဝတရားကြီးရဲ့ ပုံမှန်ဖြစ်စဥ်တစ်ခုဖြစ်ပြီး…အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်းမှာ ဖြစ်နေတာပါ

( သူ့ဟာသူ အပျိုကြီးဖြစ်နေနေ ဘာနေနေ…ထည့်မတွက်ဘဲ…ခန္ဓာကိုယ်ဟာ သူလုပ်စရာရှိတာကို ဘုမသိဘမသိ လျောက်လုပ်နေပါတယ် )

တတ်နိုင်သ၍ အသေးစိတ် ပြောပြပေးမယ်နော်

ရာသီစလာတဲ့နေ့ (Day 1)ကစပြီး ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးဟော်မုန်း အီစထိုဂျင် (Estrogen)တွေ စထွက်လာပါတယ်။

( ဦးနှောက်က လှုံ့ဆော်တဲ့အတွက် မမျိုးဥအိမ်က အဲ့ဟော်မုန်းကို ထုတ်ပေးတာပါ )

Estrogen ရဲ့ အာနိသင်ကြောင့် မကြာခင်မှာပဲ ရာသီလာတာ ရပ်တန့်သွားပြီး သားအိမ်နံရံဟာလည်း ပိုပြီး ထူလာပါတယ်

(ကလေးလေး ဖြစ်လာခဲ့ရင် နေစရာ နေရာရဖို့ ဖန်တီးနေတာပါ)

ဒါ့အပြင် သားအိမ်နံရံအတွင်း ခပ်ကျဲကျဲ အကျိအချွဲအရည်တွေကိုလည်း ထုတ်ပေးနေပါသေးတယ် (အမျိုးသား သုတ်ပိုးတွေ ရောက်လာခဲ့ရင် သွားရလာရ လွယ်ကူဖို့နဲ့ အဆင်ပြေပြေ နေထိုင်စေဖို့အတွက်ပါတဲ့)

( ဧည့်ဝတ်ကျေချက်ဖဲ…???? )

….

….

သားအိမ်ထဲမှာ ဒီလိုအပြောင်းအလဲတွေဖြစ်နေသလို တစ်ချိန်ထဲမှာပဲ မျိုးဥအိမ်ထဲမှာရှိတဲ့ မျိုးဥလေးတစ်ခုဟာလည်း တဖြေးဖြေးကြီးထွားနေပြီး Estrogenဟော်မုန်းတွေကို ဆက်လက်ထုတ်လွှတ်ပေးနေပါတယ်

ဒီလိုနဲ့ ၁၄ရက်မြောက်နေ့ Day14 ရောက်တဲ့အခါမှာတော့ သားအိမ်နံရံကလည်း အတော်ကြီး ထူလာပြီ ၊ မမျိုးဥလေးလည်း အရမ်းကြီးထွားလာပြီ ဆိုတဲ့အချိန်မှာ….

ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေ တဟုန်ထိုးမြင့်တက်သွားပြီး မမျိုးဥလေးဟာ (အခွံရယ် မျိုးဥရယ်အဖြစ်) ကွဲထွက်သွားပြီး မျိုးဥလေးကို သားအိမ်ထဲ ကြွေချလိုက်ပါတယ်

သားအိမ်ထဲရောက်လာတဲ့ မျိုးဥလေးဟာ ယောင်လည်လည်နဲ့ တစ်စုံတစ်ခုကို စောင့်နေပါသတဲ့….

ဘာများဖြစ်မလဲ ဆရာတို့ ????

….

….

ဟုတ်ပါတယ်

အမျိုးသားသုတ်ပိုးတွေများ ရှိနေမလား/ရောက်လာမလားလို့ မမျိုးဥလေးက စောင့်နေရှာပါတယ်

( ရှိခဲ့ရင်တော့ သန္ဓေတည်ခြင်း ဖြစ်စဥ် စတင်တော့မှာပါ )

ဒါပေမယ့်ပေါ့လေ…

” မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကား “ ဆိုသလို ကိုကို မောင်မောင်တို့ ရောက်မလာတဲ့အခါမှာတော့….၂ရက် ၃ရက်နေတဲ့အခါ မမျိုးဥလေးဟာ (ရင်ကွဲပြီး)အလိုလို သေဆုံးသွားပါတော့သတဲ့

( အလဲ့….ရိုမီယိုနဲ့ ဂျူးလီးယက် ကျနေတာပဲ )

မျိုးဥလေး သေဆုံးသွားတဲ့အခါ (အစောက ကွဲထွက်သွားရာမှာ ကျန်ခဲ့တဲ့) အခွံလေးက နောက်ထပ် အလုပ်တွေ ဆက်လုပ် ၊ ဟော်မုန်းတွေ ဆက်ထုတ်ပေးပါတော့တယ်

ဒီအခါမှာတော့ Progesterone ဆိုတဲ့ဟော်မုန်းကိုပဲ အဓိက ထုတ်လုပ်ပေးပြီး…Estrogen ကို (သားအိမ်နံရံ ကြွေကျမသွားရုံလောက်ပဲ) နည်းနည်းလေးသာ ထုတ်ပေးပါတယ်

Progesterone ဟော်မုန်းကြောင့် သားအိမ်နံရံအတွင်း သွေးကြောတွေနဲ့ ဂလင်းတွေကို ပိုမိုအဆင်ပြေလာပြီး ၊ နဂိုထုတ်ပေး ဧည့်ခံပေးနေတဲ့ ခပ်ကျဲကျဲအကျိအချွဲတွေကိုတော့ စေးပျစ်ပျစ်လာအောင် ဖန်တီးလိုက်ပါတော့သတဲ့

( သဘောကတော့ ခုချိန် ဟိုအကောင် မသာကောင်…သုတ်ကောင်တွေ ရောက်လာခဲ့ရင် လက်မခံတော့ဘူး ….

No…No…No…

နင်တို့ရောက်လာလို့ ဘာသောက်ကျိုးမှ မရှိ ၊ ငါတို့ရဲ့ မျိုးဥလေး သေဆုံးသွားပြီ….????

ပြန်လိုက်တော့ လစ်လိုက်တော့ ဒါပဲ…ဆိုတဲ့သဘောပါ )

ဒီဟော်မုန်းဟာ ကိုယ်အပူချိန်ကိုလည်း အနည်းငယ် မြင့်တက်စေပါသတဲ့

ထားပါတော့လေ….

နောက်ဆုံးမှာတော့ အဲ့အခွံလေးလည်း တဖြေးဖြေးပျက်စီးသွားပြီး ဘာဟော်မုန်းမှ ထုတ်မပေးတော့ပါဘူး

ဒီအခါမှာတော့ အစောက ထူထဲနေတဲ့ သားအိမ်နံရံတွေလည်း ပျက်စီးသွားပြီး (သွေးကြောတွေလည်း ပေါက်ပြဲ ပျက်စီးသွားပြီး) menstruation အနေနဲ့ အောက်ကို သွေးတွေ အကျိအချွဲတွေ ဆင်းလာပါတော့တယ်

ဒီလိုနဲ့ ရာသီသွေး စဆင်းတဲ့အခါမှာတော့

အထက်ကပြောခဲ့သလို Day1 အနေနဲ့ Estrogen ဟော်မုန်းတွေ ပြန်ထွက်လာပြီး ရာသီစက်ဝန်းလည်း နောက်တစ်ကျော့ ပြန်သံသရာလည်ပါတော့တယ်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခုပြောခဲ့တာတွေကတော့ အကြမ်းဖျဥ်းဖြစ်စဥ်တွေလောက်ပါ

တကယ်တော့ ဟော်မုန်းအပြောင်းးအလဲတွေကြောင့် ခန္ဓာကိုယ်မှာ တခြား အကျိုးသက်ရောက်မှုတွေလည်း ရှိနေပါသေးတယ်

ဥပမာ၊ ၊ ဟော်မုန်းတွေ မရှိတော့တာကြောင့် ရာသီလာခါနီး နေလို့ထိုင်လို့ မကောင်းတာ စိတ်မကြည်တာတွေနဲ့ တခြားဟာတွေလည်း အများကြီး ရှိပါသေးတယ်

ရာသီလာမှ နေလို့ကောင်းတယ်ဆိုပြီး သွေးပုပ်ချဆေးတွေလည်း သိပ်သောက်မနေပါနဲ့နော်…

သွေးပုပ်ဆင်းလို့ နေကောင်းတာမဟုတ် ၊ သတ်မှတ်ရက်ရောက်ပြီး Estrogen ပြန်ထွက်လာလို့ နေလို့ထိုင်လို့ ကောင်းသွားတာပါ ????

စကားစပ်လို့ ပြောရရင်…

အဲ့ အီစထိုဂျင်နဲ့ တခြားဟော်မုန်းတွေ​ကလေ…ဘယ်လောက်တောင် ဖြစ်စေလဲဆို….မျိုးဥကြွေခါနီး ဒီကောင်တွေ တဟုန်ထိုးမြင့်တက်ချိန်မှာ လူကလည်း လိင်စိတ် အမြင့်မားဆုံး ဖြစ်နေတတ်ပါသတဲ့ ????

( သဘာဝတရားရဲ့ မျိုးပွားဖို့အတွက် လှုံ့ဆော်နေသလိုမျိုးပါ )

ထားပါတော့…

တော်ပါပြီ…တော်ပါပြီ

ကြာရင် ဆင်ဆာဖြတ်ခံရတော့မယ် ထင်တယ်

ခုဟာက အများစိတ်ဝင်စားအောင်…နားလည်လွယ်အောင်လေး ရေးပေးနေတာပါ

တကယ်တမ်းမှာတော့ ဒီထဲမှာမပါဝင်တဲ့ တခြားဟော်မုန်းတွေ ၊ အကြောင်းအရာတွေက အများကြီးပါပဲ

ဆေးပညာအရရေးမယ်ဆို ရှုပ်ထွေးပြီး ဖတ်ရတာလည်း ပျင်းစရာကြီး ဖြစ်သွားမှာမို့

ပေါ့ပေါ့ပါးပါးလေးပဲပေါ့ နော်

ဘာပဲဖြစ်ဖြစ်ပါ

” ကလေးလိုချင်လို့ (လိုချင်တာ မရလို့) သားအိမ်က ငိုကြွေးခြင်း ” ဆိုတဲ့ ဇာတ်လမ်းလေး ဖတ်အပြီးမှာ

အမျိုးသမီးတွေအနေနဲ့ မိမိခန္ဓာကိုယ်မှာ လစဥ် ဘာတွေများ ဖြစ်ပျက်နေသလဲဆိုတာလေး အနည်းနဲ့အများဆိုသလို ဗဟုသုတ ရရှိကြမယ်လို့ မျှော်လင့်ပါတယ်

ဆက်လက်ပြီးလည်း အမျိုးသမီးကျန်းမာရေးတွေ ၊ Sex educationတွေအတွက် လိုအပ်တာလေးတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်လို့ ပြောကြားရင်း

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းလျက်…

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here