ကလေးအထူးကုဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်မအမေးအခံရဆုံးမေးခွန်းတစ်ခုကတော့…
“ ကလေးကို ဘာအားဆေးတိုက်ရမလဲ” ဆိုတဲ့ မေးခွန်းပါပဲ…
ကလေးမိဘ (၁၀) ယောက်မှာ (၈) ယောက်လောက်က မေးလေ့ရှိကြပါတယ်
မမေးတဲ့ (၂) ယောက်ထဲက တစ်ယောက်ကလည်း ဆရာဝန်ညွှန်ကြားလို့ဖြစ်စေ၊ ကလေးမိဘချင်းက အကြံပေးလို့ဖြစ်စေ၊ ကြော်ငြာကြောင့်ဖြစ်စေ အားဆေးတစ်မျိုးမျိုးကို တိုက်နေပြီးသားမို့ မမေးတာပါ။
ကလေးက ပိန်နေလို့ အစားကောင်းကောင်းမစားလို့ အားဆေးတိုက်ချင်ကြတာ များပါတယ်။ မကြာခဏ ဖျားနာတတ်လို့ အားဆေးတိုက်ချင်တဲ့ မိဘတွေလည်းရှိပါတယ်။ ကလေးဥာဏ်ကောင်းအောင် ဘာအားဆေးတိုက်ရမလဲလို့ မေးတဲ့ မိဘတွေလည်း မနည်းပါဘူး။
တချို့မိဘတွေကတော့ ဘာရယ်မဟုတ်…သူများက သူတို့ကလေးတွေကို တိုက်နေကြတာမြင်တော့ ကိုယ်ကလည်း ကိုယ့်ကလေးကို တိုက်ချင်တတ်ကြတာပေါ့
သားသမီးအတွက်ဆိုရင် အကောင်းဆုံးဖြည့်ဆည်းပေးချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပဲလေ။ အားဆေးမတိုက်လို့များ ကိုယ့်ကလေးက မကြီးထွားဘဲနေလေမလား ၊ ဥာဏ်မကောင်းဘဲ နေလေမလား စိုးရိမ်တတ်ကြပါတယ်
ဘာလို့ အားဆေးတိုက်ချင်ရတာလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့ မတူညီကြပေမယ့် မိဘတိုင်းနီးပါးကတော့ ကိုယ့်ကလေးကို အားဆေးတိုက်ချင်ကြပါတယ်
..
..
ဆေးကုမ္ပဏီကြီးတွေကလဲ အပြိုင်အဆိုင် ကြော်ငြာနေကြတယ်မဟုတ်လား ?
ဒီအားဆေးကတော့ဖြင့် ကလေးကို ဘယ်လိုကြီးထွားဖွံ့ဖြိုးစေပြီး ဘယ်လိုတွေ ဥာဏ်ရည်ထက်မြက်စေပါတယ် ဆိုတာမျိုးတွေပေါ့…
ဒီအားဆေးတွေတိုက်မှပဲ ကလေးကကြီးထွားဖွံ့ဖြိုးပြီး အရပ်တွေလည်း ရှည်လာ ၊ ရောဂါဘယတွေလည်း ကင်းဝေး ၊ ဥာဏ်ရည်တွေလဲ ထက်မြက်လာမှာလား…ဒီအားဆေးတွေမှာ ဘာတွေများပါလို့ပါလိမ့်လို့ တွေးမိကြမယ်လည်း ထင်ပါတယ်။
.
ဒါ့ကြောင့် အရင်ဆုံး အားဆေးဆိုတာ ဘာလဲဆိုတာလေး ပြောပါရစေ…
အားဆေးဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သင့်တော်တဲ့ အချိုးအဆအတိုင်း ပေါင်းစပ်ထားတဲ့ဆေးပါပဲ။
ဒီဗီတာမင်တွေ သတ္တုဓာတ်တွေဟာလည်း အထူးအဆန်းတွေတော့ မဟုတ်ပါဘူး….နေ့စဥ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ပါဝင်နေပါတယ်။ လုံလောက်မျှတအောင် စားသောက်ဖို့ပဲ လိုအပ်ပါတယ်။
အသက်အရွယ်အလိုက် ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သဘာဝအတိုင်းလည်း ရရှိနေပါတယ်
အားလုံးသိကြတဲ့ အစာအုပ်စုကြီး ၃ စုကို မျှတအောင်ကျွေးရင် ရပါပြီ….
– ကစီဓာတ်ကို ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးတို့က ရပြီး
– အသားဓါတ်ကို အသား၊ငါး၊ဥ နဲ့ ပဲအမျိုးမျိုးက ရပါတယ်
– ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အသီးအရွက်အမျိုးမျိုး၊ အသီးအနှံအမျိုးမျိုးကနေ ရရှိပါတယ်။
ဒါ့ကြောင့် ကလေးကိုကျွေးတဲ့ အနပ်တိုင်းမှာ အစာအုပ်စု ၃ ခု စုံအောင်ကျွေးဖို့ အရေးကြီးပါတယ်။ ပဲအမျိုးမျိုးကတော့ မပါမဖြစ်ပေါ့….
..
..
ဒါဆို အားဆေးတွေက လိုရောလိုအပ်သေးလို့လားလို့ မေးစရာရှိလာပါတယ် ?
အားဆေးတိုက်ဖို့ လိုအပ်တဲ့ ကလေးတွေလည်းရှိပါတယ်
ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးနေတဲ့ကလေးလေးတွေ၊ နာတာရှည်ရောဂါရှိတဲ့ ကလေးလေးတွေနဲ့ အကြောင်းကြောင်းကြောင့် အစာအာဟာရကို ပြည့်ဝလုံလောက်အောင် မစားနိုင်တဲ့ကလေးလေးတွေ အတွက်တော့ အားဆေးလိုအပ်ပါတယ်။
ဒီနေရာမှာ အစာအာဟာရကို ပြည့်ဝအောင် မစားနိုင်ဘူးဆိုတာက ကလေးအများစုဖြစ်တတ်တဲ့ အစားရွေးတာ အစားချေးများတာမျိုးကို မဆိုလိုပါဘူး။
ကလေးအများစုဟာ အစားရွေးတတ်၊ အစားကျွေးရခက်တတ်ကြပါတယ်။ သူတို့လေးတွေ စိတ်လိုလက်ရရှိတဲ့အချိန်မှာ အစားကို သေချာစားတတ်ကြပေမယ့် ဒီအစားအစာကိုပဲ နောက်ရက်ကျွေးတော့ မစားတော့ဘူးဆိုတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။
မိဘအုပ်ထိန်းသူတွေအနေနဲ့ အစားအစာအမျိုးစုံ အရသာအမျိုးစုံကို စိတ်ရှည်ရှည်ချော့မော့ကျွေးမွေးကြဖို့ လိုပါတယ်။ တော်ရုံ အစားရွေးရုံ ကျွေးရခက်ရုံနဲ့တော့ အာဟာရမချို့တဲ့တတ်ကြပါဘူး။
ကိုယ့်ကလေးကို အာဟာရချို့တဲ့တယ်လို့ ထင်ရင် ၊ လိုအပ်လာရင် အာဟာရပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်၊။
( တယ်လီကျန်းမာမှာ အာဟာရပညာရှင်လည်းရှိပါတယ်လို့ ကြားဖြတ်ကြော်ငြာပါရစေ ???? )
.
အာဟာရနဲ့ပတ်သတ်ပြီး…
ကိုယ့်ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်ကို ပုံမှန်တိုင်းကြည့်ခြင်းဖြင့် ကြီးထွားမှုကို စောင့်ကြည့်နိုင်ပါတယ်။
ကြီးထွားမှုနှောင့်နှေးနေပြီဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကြီးထွားမှုနှောင့်နှေးရခြင်းအကြောင်းအရင်းကို သေချာရှာဖို့လိုပါတယ်။ အားဆေးတိုက်တာဟာ အဖြေမဟုတ်ပါဘူး ????
အားဆေးတိုက်ထားတာပဲဆိုပြီး အစားအသောက်ကို အာဟာရပြည့်ဝအောင်၊ သင့်တင့်မျှတအောင်မစားရင် ကြီးထွားမှု ပုံမှန်ပြန်ဖြစ်မှာမဟုတ်ပါဘူး။
ဒါပေမယ့် အချို့သော ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ အစားအသောက်ထဲမှာ ပါဝင်မှုပမာဏနည်းလွန်းတာကြောင့် လိုအပ်ရင် အားဆေးတိုက်ကြရပါတယ်။
အားဆေးတိုက်တော့မယ်ဆိုရင် အားဆေးဘူးတွေမှာပါတဲ့ အညွှန်းစာကို သေချာဖတ်ဖို့လိုပါတယ်၊ ပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ အသက်အရွယ်အလိုက် တိုက်ရမယ့်ပမာဏတွေကို သေချာဖတ်ရပါမယ်။
ကလေးရဲ့အသက်အရွယ်နဲ့ သတ်မှတ်ထားတဲ့ ပမာဏထက်ကျော်လွန်ပြီး မတိုက်သင့်ပါဘူး။ တပြိုင်တည်း အားဆေး ၂ မျိုးတိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။
ဘာကြောင့်လဲဆိုတော့ တချို့သော ဗီတာမင်ဓာတ်တွေက အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ ပမာဏထက်ပိုတိုက်မိရင် နောက်ဆက်တွဲဆိုးကျိုးတွေရှိနိုင်ပါတယ်။
( ဥပမာ – ဗီတာမင်အေဓာတ်များလွန်းရင် ပျို့အန်တာ၊ ကလေးငယ်တွေမှာ ငယ်ထိပ်ဖောင်းလာတာ၊ ကလေးကြီးတွေမှာ ခေါင်းကိုက်တာ၊ အမြင်ဝါးတာတွေ ဖြစ်တတ်ပါတယ် )
သတိထားရမယ့် အရေးကြီးတဲ့အချက်တစ်ခုက အားဆေးဘူးကို ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမှာ ထားဖို့ပဲ ဖြစ်ပါတယ်။ အားဆေးအများစုက စားချင့်စဖွယ်ဖြစ်အောင် ကလေးတို့အကြိုက် အရသာ၊ ပုံသဏ္ဍန်လေးတွေနဲ့ ပြုလုပ်ထားတတ်ကြတော့ ကလေးတွေက အများကြီး ယူစားလိုက်တတ်ကြပါတယ်။
ဒီလောက်ဆိုရင် ကိုယ့်ကလေးကို အားဆေးတိုက်သင့် မတိုက်သင့် စဥ်းစားဆင်ခြင်နိုင်ကြမယ်လို့ ယူဆပါတယ်။
ကလေးတွေရဲ့ ကြီးထွားမှုအကြောင်း၊ အာဟာရအကြောင်းနဲ့ အားဆေးတိုက်သင့်မတိုက်သင့်ကို တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် တယ်လီကျန်းမာမှာ ဘိုကင်လေးတင်ပြီး ကလေးအထူးကုဆရာဝန်များနဲ့ဖြစ်ဖြစ် ၊ အာဟာရဆိုင်ရာ အထူးကုဆရာဝန်များနဲ့ဖြစ်ဖြစ် ဆွေးနွေးမေးမြန်းတိုင်ပင်နိုင်ပါကြောင်းလည်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်ရှင်။
.
❤️ ကလေးများအားလုံး ကျန်းမာကြံ့ခိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ ❤️
Dr Pyittainghtaung
( ကလေးအထူးကုဆရာဝန် )
တယ်လီကျန်းမာ
Rerefence : ????
https:// www. nhs .uk/conditions/baby/weaning-and-feeding/vitamins-for-children/
Multivitamins: Do young children need them? – Mayo Clinic https:// www. mayoclinic .org/healthy-lifestyle/nutrition-and-healthy-eating/expert-answers/multivitamins/faq-20058310
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.