“ အောက်ဆုံးက ခြေနင်းဖိနပ်နဲ့ သူ့တန်ဖိုး”

0
248

လူအများစုက ဖိနပ်ထက် အဝတ်အစားအတွက် ငွေကို ပိုပြီးသုံးသလို အရေအတွက်လည်း များများပိုဝယ်ဖြစ်ကြပါတယ်။ တစ်စုံချင်း၊ တစ်ရံချင်း ယှဉ်ရင်တော့ ဖိနပ်တစ်ရံကို စီးထားချိန်စုစုပေါင်းက အဝတ်တစ်စုံကို ဝတ်ထားချိန်စုစုပေါင်းထက် အများကြီးကို ပို‌နေမှာပါ။ အဝတ်တွေ အရောင်လွင့်လာရင် ဒါမှမဟုတ် ဒီဇိုင်းအောက်သွားရင် အသစ်လဲပေမယ့် ဖိနပ်ကိုတော့ ပျက်တဲ့အထိ စီးတတ်ကြပါတယ်။

အဝတ်အစားလို ဦးစားပေးမခံရတဲ့ ဖိနပ်က‌လေးဟာ စီးသူရဲ့ကျန်းမာရေးအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သတိမူမိသူနည်းသလို ဖိနပ်ဝယ်ဖို့ရွေးတဲ့အခါမှာလည်း ကျန်းမာရေးအတွက် လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားတာမျိုး မရှိသလောက် နည်းကြပါတယ်။

ဒါကြောင့် မိမိခြေထောက်မှာ အံဝင်ခွင်ကျရှိမှု၊ မိမိရဲ့လှုပ်ရှားမှု (ဥပမာ – လမ်းလျှောက်များတာ၊ အားကစားလုပ်တာ၊ ကခုန်တာ၊ တစ်နေကုန်မတ်တပ် အလုပ်လုပ်ရတာ)၊ အနင်းများတဲ့ မျက်နှာပြင်နဲ့ ပတ်ဝန်းကျင်အနေအထားတွေ (မာ​ကျောတဲ့ ကွန်ကရစ်အခင်း၊ စိုစွတ်ပြီးချောတဲ့မျက်နှာပြင်၊ မညီမညာမျက်နှာပြင်)၊ မိမိခြေထောက်ရဲ့အနေအထား (ဥပမာ – ခြေဖမိုးခုံးလွန်းတာ၊ အခုံးနည်းလွန်းတာ၊ စောင်းနေတာ) စတာတွေပေါ်မူတည်ပြီး ဖိနပ်ကို ရွေးချယ်တတ်ဖို့ လိုပါတယ်‌နော်။

တကယ်လို့ မိမိရဲ့ခြေထောက်ပုံစံ၊ အသုံးပြုပုံ၊ ပတ်ဝန်းကျင်စတာတွေနဲ့ အဆင်မပြေတဲ့ဖိနပ်ကို စီးမိတဲ့အခါ ခြေထောက်နာတာနဲ့ ခြေထောက်ကျန်းမာရေးပြဿနာ‌တွေသာမက ချော်လဲတာနဲ့ ထိခိုက်ဒဏ်ရာရတာ‌တွေအထိပါ ဖြစ်နိုင်ပါသေးတယ်။

ဒါ့အပြင် ညှပ်ဖိနပ်စီးသူတွေမှာ မသိသာပေမယ့် ရှူးဖိနပ်စီးသူတွေမှာ ခြေထောက်နဲ့ဖိနပ် အံဝင်ခွင်ကျရှိမှုက အလွန်အရေးကြီးပါတယ်။ မိမိစီးနေကျဖိနပ်နဲ့ နံပါတ်တူပေမယ့် တကယ်စီးကြည့်မှ မိမိခြေထောက်နဲ့ အဆင်ပြေ/မပြေဆိုတာကို သိနိုင်မှာပါ။ ဖိနပ်က ကျပ်နေတယ်၊ ချောင်နေတယ်၊ ခြေဖျားနေရာက စုပြီးကျပ်နေတယ် ဒါမှမဟုတ် အခင်းပြားက မာနေတယ်ဆိုရင်တော့ အဲဒီဖိနပ်ကို မရွေးသင့်ပါဘူးနော်။

ဒါဆို ဘယ်လိုဖိနပ်မျိုးတွေကို ရွေးပြီး စီးသင့်သလဲ….

မာ​ကျောတဲ့ ကွန်ကရစ်အခင်းလို မျက်နှာပြင်မှာ အကြာကြီး ရပ်ရသူတွေအနေနဲ့ ခြေဖနောင့်နဲ့ ခြေထောက်နာတာ၊ အသားမာတက်တာ‌တွေ ဖြစ်လာနိုင်တာမို့ ပျော့​ပျောင်းတဲ့ အောက်ခံပြားရှိတဲ့ဖိနပ်မျိုး၊ ခြေအခုံးကိုပံ့ပိုးပေးတဲ့ အတွင်းမျက်နှာပြင်ရှိတဲ့ဖိနပ်မျိုးကို စီးသင့်ပါတယ်။

ရှူးဖိနပ်ဆိုရင် အပေါ်ပိုင်းက ဇာလိုအသားမျိုးရှိတဲ့ဖိနပ်က ခြေထောက်ကို သက်တောင့်သက်သာ ပိုရှိစေပြီး ခြေဆစ်နဲ့အရွတ်တွေကို ဖိအားလျော့စေပါတယ်။

သင့်တော်တဲ့ ဖိနပ်အတွင်းခံ (Insole) ကို သုံးပါ….

ဖိနပ်အတွင်းမှာခံတဲ့ Insole က ပုံမှန်ခြေထောက်အခုံးအတွက် လုပ်ထားပေးလို့ ခြေဆစ်တွေမှာ ဖိအားညီမျှစေပေမယ့် ခြေအခုံး ပုံမှန်မဟုတ်သူတွေကတော့ သူတို့ခြေထောက်နဲ့ သင့်‌တော်တဲ့ ဖိနပ်အတွင်းခံ (Insole) မျိုးကို အော်ဒါမှာပြီး သုံးသင့်ပါတယ်နော်။

ဖိနပ်ကို အလှည့်နဲ့စီးပါ….

အားကစားဖိနပ်၊ ရှူးဖိနပ်စီးသူတွေအနေနဲ့ ဖိနပ်တစ်ရံတည်းမဟုတ်ဘဲ အပိုဆောင်ထားပြီး အလှည့်နဲ့စီးမယ်ဆိုရင် ဖိနပ်အတွင်းပိုင်းတွေဟာ လေသလပ်ပြီး ပိုးမွှားတွေကို သေစေသလို အနံ့အသက်လည်း ကောင်းစေမှာပါ။ ဖိနပ်ရဲ့ အဖိခံထားရတဲ့ ဖော့သားတွေအတွက် မူလအနေအထားကို ပြန်ကန်တက်ဖို့ အချိန်ရစေသလို ခြေထောက်ကြွက်သားနဲ့ အရွတ်တွေ၊ အဆစ်တွေအပေါ််သက်ရောက်တဲ့ ဖိအားတွေကို မျှတစေလို့ ခြေထောက်ကျန်းမာရေးကို ပိုကောင်းစေပါတယ်။

ဒေါက်မြင့်ဖိနပ်လှလှလေးတွေကို စီးချင်ကြမယ်မဟုတ်လား….

ဒေါက်မြင့်ဖိနပ်တွေဟာ ခြေထောက်ရဲ့ သဘာဝအနေအထားနဲ့ ဘယ်လိုမှ အံဝင်ခွင်ကျမဖြစ်ပါ။ ဒါကြောင့် ဒေါက်မြင့်ဖိနပ်တွေကို ကြာကြာစီးတဲ့အခါ ခြေထောက်သာမက ကိုယ်အနေအထားပါ သဘာဝအတိုင်းမဖြစ်တာကြောင့် ခြေထောက်၊ ခါးနဲ့ လည်ပင်း အရိုးအဆစ်တွေကိုပါ ဒဏ်ဖြစ်‌စေပါတယ်။ ခြေထောက်အရှေ့ပိုင်းနဲ့ ခြေချောင်းတွေပေါ်မှာ ဖိအားများများကျနေတဲ့အတွက် အသားမာတက်၊ အရည်အိတ်ရောင်တာမျိုးသာမက ခြေချောင်းတွေ ပုံပျက်သွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ချော်လဲလို့ ထိခိုက်နိုင်တာကိုတော့ ပြောစရာလိုမယ်မထင်ပါဘူးနော်။

အားကစားလုပ်ဖို့ ဘယ်လိုမျိုး ဖိနပ်ကို ရွေးချယ်မလဲ….

မိမိပြုလုပ်တဲ့ အားကစားပေါ်မူတည်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြေးလွှားခုန်ပေါက်တာတွေအတွက် ခြေချောင်းအရင်းအောက်က အခင်းဟာ ချိုးလို့ရအောင်ပျော့ပြီး ဖနောင့်အောက်ကထူတဲ့ဖိနပ်၊ ဘေးဘယ်ညာကိုရွေ့လျားရင် ထိန်းပေးနိုင်တဲ့ဖိနပ်မျိုးကို ရွေးသင့်ပါတယ်။ မညီညာတဲ့ ကျောက်တွေပေါ်မှာ လျှောက်ရတဲ့ တောင်တက်ခြင်းအတွက် ခြေကုပ်ကောင်းပြီး အဖုအထစ်တွေနဲ့ ခြေဖဝါးအောက်ကထိုးတာတွေကို အကာကွယ်ပေးနိုင်လောက်အောင် မာတဲ့အခင်းပါတဲ့ဖိနပ်၊ ခြေကျင်းဝတ်ကို ထိန်းပေးနိုင်အောင် လည်ပင်းရှိတဲ့ဖိနပ်မျိုးက ကောင်းပါတယ်။

ဖိနပ်ထုတ်သူတွေကလည်း လမ်းလျှောက်၊ အပြေး၊ တောလမ်းသွား၊ တောင်တက် စသဖြင့် အမျိုးအစား‌တွေ ခွဲထားပေးပါတယ်။ ခြေထောက်အနေအထားနဲ့ လမ်းလျှောက်ပုံပေါ်မူတည်ပြီး ဖိနပ်အောက်က ဖဝါးအသားစားတဲ့ပုံစံတွေဟာ မညီမညာဖြစ်လေ့ရှိပါတယ်။ ဖိနပ်ဖဝါးအခင်းပြားမှာ မညီမညာဖြစ်လာရင် အဆစ်တွေပေါ်ပြီး ဒဏ်ဖြစ်နိုင်လို့ ဆက်မစီးသင့်ပါဘူး။

ပူအိုက်တဲ့မြန်မာပြည်မှာ အမျိုးသားများ အစီးများတဲ့ သားရေဖိနပ် (နွားသားရေအောက်မှာ ရာဘာကပ်ထားတဲ့ဖိနပ်) တွေက မာပြီး ပြန့်ပြားနေလို့ လမ်းများများလျှောက်ရရင်၊ ကြာကြာမတ်တပ်နေရရင် ခြေထောက်ကို ထိခိုက်စေပါတယ်။ အခုနောက်ပိုင်း ပြည်ပကဝင်တဲ့ ခြေညှပ်၊ သိုင်းကြိုးဖိနပ်တချို့တွေကတော့ ခြေထောက်အခုံးအတွက် ပုံစံလုပ်ပေးတာ၊ ဖိနပ်အခင်းပြား ပျော့​ပျောင်းတာတွေကြောင့် ခြေထောက်ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

“ အဲဒီနိုင်ငံခြားဖိနပ်တွေက ဈေးကြီးပါတယ်ကွာ” လို့ တွေးမိရင် မိမိဘာသာ ပြန်မေးကြည့်ပါ။

“ တစ်နှစ်မှာ ဖိနပ်ဘယ်နှရံဝယ်ပြီး ဖိနပ်တစ်ရံကို အသစ်မလဲခင်အထိ ဘယ်လောက်ကြာအောင်စီးပါသလဲ။ တစ်နှစ်တာဘတ်ဂျက်မှာ ဖိနပ်အတွက် ငွေဘယ်လောက်အကုန်ခံပြီး အဝတ်အစားအတွက်တော့ ဘယ်လောက်သုံးပါသလဲ။ ဝယ်ထားတဲ့ အဝတ်တစ်စုံကို တစ်လမှာ ဘယ်နှရက်လောက်ဝတ်ပြီး၊ ဖိနပ်တစ်ရံကိုတော့ ဘယ်နှရက်လောက်စီးပါသလဲ” ဆိုတာကို စဉ်းစားကြည့်ပေးပါနော်။

ဒါဆိုရင် မိမိကျန်းမာရေးအတွက် အရေးပါတဲ့ဖိနပ်အတွက် ဘတ်ဂျက် ပိုကျလာပါလိမ့်မယ်ဆိုတာကို ပြောပြရင်း “ စင်ဒရဲလားလေးလို ဝတ်ကြည့်တဲ့ ဖိနပ်လေးနဲ့တော်ပြီး ပျော်ရွှင်နိုင်ကြပါစေ” လို့ ဆုမွန်ကောင်း တောင်း‌ပေးလိုက်ပါတယ် ☺️။

References: 📚

– Footwear for healthy feet – Better Health Channel

– Footwear – Oxfordshire PodiatryOxfordshire Podiatry (oxfordhealth. nhs. uk)

– Mayo Clinic Minute: Best shoes for healthy feet – Mayo Clinic News Network

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here