တစ်ဖက်မှာ မီးမှိတ်တုတ်မှိတ်တုတ် ပြိုးပြိုးပြက်ပြက် ရောင်စုံလင်းနေတဲ့ အရက်ဘားက ကန်စွန်းရွက်ကြော် တစ်ပွဲ…..

တစ်ဖက်မှာ ငါးပိရည်သာပါတဲ့ မိသားစုထမင်း၀ိုင်းလေးက စျေးဖိုးလေးပိုလို့ ၅၀၀ တန် ကန်စွန်းရွက် တစ်စည်းကို အရည်ရွှဲရွှဲကြော်လေးတစ်ပွဲ….

ဒီနှစ်ဖက်ကို ယှဉ်ကြည့်ရင် နောက်ခံအနေအထားချင်း၊ တန်ဖိုးချင်း ဆယ်ဆကျော်ကွာပေမယ့် အာဟာရတန်ဖိုးကတော့ မကွာပါဘူး။

နေ့ညမှားပြီး သောက်စားလွန်ပြီး အစားမမှန်တဲ့သူတွေရှိသလို၊ ကုန်စျေးနှုန်းတက်လာပြီး လိုက်တက်မလာတဲ့ လစာလေးကို ခြိုးခြံရင်း နပ်မမှန်၊ အာဟာရမစုံလို့ ကျန်းမာရေးချို့တဲ့လာသူတွေလည်း စိတ်မကောင်းစွာနဲ့ ရှိတာပေါ့…..

“ ဥစ္စာဖြို စားဖိုက” တဲ့ ….. စေ့စပ်ခြိုးခြံတတ်မယ်၊ အစားအစာတွေနဲ့ အာဟာရတန်ဖိုးတွေကို အခြေခံ နားလည်မယ်ဆို ဥစ္စာဖြိုမိစရာ မလိုပါဘူး။

တစ်နေ့တာ အစားအစာတွေကို အာဟာရတန်ဖိုးမြင့်တက်အောင် အောက်ပါကုန်ကြမ်းတွေနဲ့ ချက်ပြုတ်နိုင်ပါတယ်။

.

(၁) ပဲ

ပဲလို့ဆိုရာမှာ ပဲနီ၊ ပဲဝါ၊ ပဲလေး၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲ စတာတွေ အကုန်ဆိုလိုပါတယ်။

ပဲကို အသားလိုမျိုး အာဟာရဓာတ်မြင့်မားစေဖို့ ပဲ ၂ မျိုး ၃ မျိုး ရောချက်နိုင်ပါတယ်။

ရာသီဥတုပြောင်းလဲလည်း အပြင်အပူချိန်မှာ အထားခံတဲ့ကုန်ကြမ်းမို့ နေ့တိုင်းအတွက် အဆင်ပြေစေပါတယ်။ လေပွတတ်ရင်တော့ ပဲကို တစ်ညရေစိမ်ပြီးမှ ထိုရေကိုသွန်ပြီး ရေအသစ်နဲ့တည်ပါ။

ပြုတ််ထားတဲ့ပဲတစ်ခွက် (ပန်းကန်လုံး တစ်လုံးစာ) ထမင်းစားဇွန်း ၁၀ ဇွန်းခန့်ဟာ အသားတုံးကြီးကြီးမှာပါတဲ့/ ကြက်ဥ ၂ လုံးပမာဏမှာပါတဲ့ ပရိုတင်းပမာဏ နဲ့ ညီတူညီမျှဖြစ်ပါတယ်။

(၂) မြေပဲ၊ ပဲပုပ်၊ ပုန်းရည်ကြီး

ဒါတွေကတော့ အသားတုလုပ်ရာမှာတောင် သုံးကြပါတယ်။ အသားရဲ့အာဟာရတန်ဖိုးနဲ့ မကွာသလောက်ပါပဲ။

မြေပဲ ၅၀ သားလောက် ဝယ်ထားပြီး ဆီလေးနဲ့ကြော်ထား၊ ဘူးလေးနဲ့ ထည့်ထားပြီး ဟင်းလိုထည့်စားရင်တောင် အာဟာရပြည့်တဲ့ အသားကြော်ကဲ့သို့ ဖြစ်နိုင်ပါတယ်။

(၃) တိုဖူး

တိုဖူးမှုန့်တစ်ထုပ်ကို ကျိုပြီး တိုဖူးနွေးလုပ်တာ၊ တိုဖူးသုပ်လုပ်တာ၊ တိုဖူးကြော်တာမျိုးလုပ်ပြီး ဟင်းအနေနဲ့စားနိုင်ပါတယိ။ အသားကဲ့သို့ အာဟာရဓာတ်ပါဝင်မှုများပါတယ်။

(၄) ဟင်းသီးများ

ခရမ်းသီး၊ ပဲသီး၊ ဘူးသီး၊ ရွှေဖရုံသီး၊ ရုံးပတီသီး၊ ကြက်ဟင်းခါးသီး၊ မျှစ် စတာတို့လို (အရွက်အမျှင်တွေမဟုတ်ဘဲ အသီးအသားလိုက်ဖြစ်တဲ့) အသီးအနှံတွေက အာဟာရဓာတ် ပိုများများပါဝင်ပါတယ်။

အသီးအရွက်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး စျေးဖိုးချွေတာကာ အခြားအစားအစား ကုန်ခြောက်များနဲ့ ကုန်ကြမ်းများပိုဝယ်ဖို့ ချွေတာသုံးနိုင်ပါတယ်။ ပဲပင်ပေါက်ဖောက်တာဆို တိုက်ခန်းနေသူများလည်း လွယ်ကူစွာ အချိန်တိုအတွင်း ရနိုင်တာမို့ လုပ်နိုင်ပါတယ်။

(၅) သစ်ဥ သစ်မြစ်များ

အာတာလွတ်၊ ကန်စွန်းဥ၊ ပိန်းဥ စတာတွေ စျေးကွက်ရာသီချိန်ပေါ်မူတည်ပြီး ပြုတ်၊ ဖုတ်၊ ဆီစမ်း စားရင်လည်း အာဟာရကြွယ်ဝနိုင်ပါတယ်။

(၆) မှိုများ

မှိုပေါတဲ့အချိန်ဆို မှိုတွေကို လိုက်ခူးတာ၊ မှိုထုပ်ကို မိမိဘာသာဖောက်တာမျိုးဆို ငွေကုန်ကြေးကျ နည်းနည်းနဲ့ လုပ်လို့ရပါတယ်။

အဆိပ်ရှိတဲ့မှိုတွေလည်း ရှိပေမယ့် အသစ်အဆန်း စမ်းသပ်တာမဟုတ်ဘဲ သေချာတဲ့မှိုမျိုးကိုပဲ ရွေးခူးတာတို့၊ ရွေးစိုက်တာတို့ဆို အဆိပ်သင့် အက်စီဒင့်ဖြစ်နိုင်ခြေ နည်းပါတယ်။ မှိုက အထားမခံပေမယ့်လည်း မှိုဆီကြော်၊ မှိုဆီစိမ်၊ မှိုခြောက် စသဖြင့် လုပ်ထားနိုင်ပါတယ်။

(၇) အဆန်အစေ့များ

နေရာဒေသအလိုက် ကွဲပြားမှုရှိနိုင်ပေမယ့် နေကြာစေ့အပါအဝင် အခွံမာကဲ့သို့ အစေ့အဆန်တွေက အာဟာရဖြစ်စေတဲ့ သရေစာများပဲ ဖြစ်ပါတယ်။

(၈) အသီး အချဉ်ကုလားတည်များ

သရက်သီးသီးတဲ့အချိန်ဆို အသီးတွေခွဲပြီး ဆားစိမ်ထားကာတို့၊ မဆလာနယ်ပြီး သရက်သီးသနပ် လုပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။

(၉) အခြားရနိုင်သော အသားများ ငါးများ

ပင်လယ်ဝနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ပေါပေါများများရနိုင်တဲ့ ငါးတွေကို နံလို့ ညှီလို့ မကောင်းဘူးဆိုတဲ့ အစွဲတွေမထားဘဲ ဖြစ်နိုင်ရင် ကြိုက်နှစ်သက်ရာနည်းနဲ့ အရသာပေါ်အောင် စားစေလိုပါတယ်။ အဓိကကတော့ ရေအထပ်ထပ်ဆေးကာ လုံးဝကျက်သွားအောင် ချက်ပြုတ်လိုက်ရင် ပိုးမွှားသန့်စင်သွားပါတယ်။

ဖား၊ လယ်ကြွက် စတဲ့တိရစ္ဆာန်တွေကို လယ်တွေအနီးတစ်ဝိုက် နေတဲ့သူအချို့လည်း စားကြပါတယ်။ ကိုင်တွယ်ဆေးကြောတဲ့အခါ သတိပြုကာ ကျက်အောင်ချက်လျှင်တော့ ပိုးမွှားတွေ ကူးစက်နိုင်ခြေ အတော်နည်းပါတယ်။

ပုရစ်ကဲ့သို့ အကောင်တွေကိုလည်း သန့်တယ်ဆိုရင် စားနိုင်ပါတယ်။

ကျန်းမာရေးအသိပညာရှိပြီး သေချာခြိုးခြံတတ်မယ်ဆို အစားအစာတစ်ခွက်ဟာ ဟော်တယ်ကြီးက ဘူဖေးပွဲထက်တောင် အရသာလည်းရှိ၊ ကျန်းမာရေးလည်း အထောက်အကူပြုပြီး အာဟာရချိူ့တဲ့မှုအတွက် ဆေးကောင်းတစ်လက် ဖြစ်နိုင်ပါတယ်။

????အာဟာရချို့တဲ့မှုမှ ကင်းဝေးကြပါစေ….။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here