“ အသားယားခြင်းပြဿနာ အဖြေရှာ”

တယ်လီကျန်းမာမှာ ကျွန်မဆီကို လူနာတွေလာပြကြတဲ့အခါ အသားအ‌ရေ‌တွေယားယံလို့ လာပြကြတဲ့သူတွေ ခဏခဏတွေ့ပါတယ်။ ဒီနေ့မှာတော့ အဲဒီအကြောင်းကို ဆွေးနွေးပြောပြပေးသွားမှာပါ။

လူတွေဟာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အသား ယားယံခြင်းကို ကြုံဖူးကြပါလိမ့်မယ်။ အသားယားခြင်းဟာ ရေတိုဆိုရင် ပြဿနာသိပ်မရှိပေမယ့် ရေရှည်ဖြစ်နေတာမျိုးလည်း ရှိတတ်ပြီး တအားကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါတယ်။ ယားယံလို့ အိပ်မပျော်တာက‌နေ စိတ်ဆင်းရဲရုံသာမက စိတ်ကျရောဂါတွေအထိပါ ဖြစ်စေနိုင်ပါတယ်။

အသားယားယံရတဲ့ အကြောင်းအရင်းဟာ အသားအရေမကောင်းတာ တစ်ခုတည်းကြောင့်လို့ပဲ ထင်‌နေပါသလားနော်…….

အသားအရေမှာ ပြဿနာမဟုတ်ဘဲ တခြားကိုယ်တွင်းကလီစာတွေမှာ ရောဂါဖြစ်လို့ အသားယားတာလည်း ရှိတတ်ပါသေးတယ်။ အသားယားယံတယ်ဆိုရင် အရေပြားပြဿနာတင်မဟုတ်ဘဲ တခြားဘာဖြစ်သေးလဲ၊ ဘာရောဂါအခံရှိလဲဆိုတာကိုပါ ဆရာဝန်တစ်ယောက်အနေနဲ့ မေးကြည့်ရပါသေးတယ်။ ဆက်လက် ဖတ်ရှုကြည့်ရအောင်ပါ။

????????️ အသားယားတာနဲ့အတူ ယားတဲ့နေရာမှာ အယားကွက်၊ အဖု၊ အပိန့်၊ အရည်ကြည်ဖုတွေ ရှိနေတာကို တွေ့မိလား…….

အဲဒါဆိုရင်တော့ ယားတဲ့အကြောင်းရင်းက အရေပြားပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။

အရေပြားဆိုင်ရာယားယံမှုကို ဖြစ်စေတဲ့ ရောဂါများစွာရှိတဲ့အနက် အဖြစ်များတာတွေကတော့…….

– ဝဲပေါက်ခြင်း (Scabies)

– နှင်းခူရောဂါ (Eczema)

– ဓာတ်မတည့်ခြင်းနှင့် အင်ပျဥ်ထခြင်း (Atopy, urticaria)

– အကောင်ကိုက်ခြင်း (Insect or bug bites)

– သန်ကောင်ရောဂါ

– မိတ်ပေါက်တာ (Heat rash) ၊ ဆောင်းတွင်းအသားယားတာ (Winter itch)

– contact dermatitis ခေါ် တစ်ခုခုနဲ့ ထိတွေ့မိလို့ အရေပြားရောင်ရမ်းယားယံတာတွေ ဖြစ်ကြပါတယ်။

.

တစ်ခုချင်းစီအတွက် အနည်းငယ် ဆက်ပြောပြရရင်…

• ဝဲပေါက်တာဆိုရင် လက်ကြား၊ ခြေကြားတွေမှာ အရည်ကြည်ဖုလေးတွေဖြစ်ပြီး အလွန်ယားပါတယ်။ အထူးသဖြင့် ကလေးငယ်ငယ်တွေ၊ အများနဲ့အတူနေရပြီး သန့်ရှင်းရေးအားနည်းတဲ့နေရာတွေမှာ အတွေ့ရများပါတယ်။

• နှင်းခူရောဂါကတော့ အရေပြားမှာမာပြီး အရေခွံလန်တဲ့အကွက်တွေ ရှိနိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

• Atopy ရောဂါကတော့ တစ်စုံတစ်ခုနဲ့ ဓာတ်မတည့်ရင် ယားယံတဲ့အကွက်တွေ ထွက်တာပါ။ သူက ဓာတ်မတည့်ရောဂါအစုအဝေးဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ Allergic rhinitis ခေါ် နှာခဏခဏမွှန်တဲ့ ရောဂါတွေနဲ့ တွဲတတ်ပါတယ်။

• အကောင်တစ်ကောင်ကောင် ကိုက်မိပြီး ယားယံတာမျိုးလည်း အဖြစ်များပါတယ်။ တကယ်လို့ အသားယားမယ်၊ အယားကွက်တွေ ထွက်မယ်ဆိုရင် ကိုယ့်အဝတ်အထည်၊ အိပ်ရာတွေကို ကြမ်းပိုး၊ သန်း စတဲ့ အကောင်တွေ ရှိ/မရှိ ပြန်စစ်ဆေးသင့်ပါတယ်။ ကိုယ်မသိဘဲ ရှာ‌မှတွေ့လာတာမျိုး ဖြစ်တတ်လို့ပါ။

• သန်ကောင်ရောဂါ‌တွေမှာ ကိုယ့်အရေပြားမှာ ရွေ့နေတာကို သိနေပြီး ယားယံတဲ့အကွက်တွေ ထွက်တာ၊ ရင်ကျပ်တာ စတဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ တုတ်ကောင်ထိုးခြင်းဟာ စအိုနဲ့အနီးတစ်ဝိုက်မှာ ညဘက်ဆိုရင် အလွန်ယားယံစေနိုင်ပါတယ်။

.

ဒီ‌လို အရေပြားပြဿနာတွေကြောင့် ယားယံတာတွေက အသားယားရုံတင်မက အရေပြားမှာပါ အယားကွက်တွေလည်း ထွက်တတ်ပါတယ်။ အယားကွက်ထွက်တဲ့နေရာကပဲ ယားပြီး ပုံမှန်အရေပြားက မယားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အယားကွက်တွေက စဖြစ်ဖြစ်ချင်းမှာ တစ်ပုံစံပေမယ့် နောက်ပိုင်းမှာ ကိုယ်က ကုတ်လိုက်လို့ ပေါက်ပြဲတာ၊ ပွားလာတာ၊ ပုံပြောင်းလာတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အရေပြားမှာ အကွက်ဖြစ်လို့ ရောဂါပြတဲ့အခါ ပထမဆုံးပေါ်တဲ့အကွက် (Primary skin lesions) က ဘယ်လိုပုံစံလဲဆိုတာရယ်၊ နောက်ပိုင်း ဘယ်လိုပုံပြောင်းသွားတယ်ဆိုတာရယ်ကို သတိထားမိထားရင် ရောဂါရှာဖို့အတွက် အများကြီးအကျိုးရှိပါတယ်။

????????️ အရေပြားမှာ ဘာမှမဖြစ်ဘဲ ယားပဲ ယားတာလား…….

တခြားအ‌နေနဲ့ ပြင်းထန်တဲ့ ရောဂါပြဿနာတွေကြောင့်လည်း ယားတတ်ပါသေးတယ်။ ဘာတွေလဲဆိုရင်…

– အသည်းရောဂါတွေ

– ကျောက်ကပ်ပျက်စီးတာ (Chronic Kidney disease)

– ဆီးချိုရောဂါ

– တချို့သော ကင်ဆာရောဂါတွေ (Lymphoma လို့ခေါ်တဲ့ ပြန်ရည်ကျိတ်ကင်ဆာ)

– Polycythemia rubra vera လို့ခေါ်တဲ့ သွေးနီဥအလွန်များပြီး သွေးပျစ်တဲ့‌ရောဂါ

– သွေးအားနည်းတာ (Iron deficiency anaemia)

– သိုင်းရွိုက်ရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

ဒီရောဂါတွေမှာတော့ အယားကွက်တွေ မည်မည်ရရမထွက်ဘဲ အသားယားတတ်ပါတယ်။ (ယားလို့ ကုတ်မိတဲ့ အရာတွေတော့ ရှိမယ်နော်)

.

• အသည်းရောဂါတွေမှာ Bile salts ဆိုတဲ့ သည်းခြေဓာတ်တွေ တအားများနေရင် အရေပြားမှာသွားပုံပြီး အသားယားတတ်ပါတယ်။ အသည်းရောင်အသားဝါရောဂါရဲ့ အဝါဓာတ်တအားများတဲ့အခြေအနေ (Cholestatic jaundice) တွေနဲ့ သည်းခြေလမ်းကြောင်းမှာ ပိတ်ဆို့တာကြောင့်ဖြစ်တဲ့ အသားဝါရောဂါ (Obstructive jaundice) တွေမှာ ဖြစ်တတ်ပါတယ်။

ဒီရောဂါတွေမှာ မျက်လုံးဝါမယ်။ အသားဝါမယ်။ ဆီးအရောင်ရင့်ရင့်တွေသွားမယ်။ ဝမ်းဖြူဖျော့ဖျော့သွားတာ၊ အသားယားတာ၊ တစ်ခါတလေ ဗိုက်နာတာတွေပါ တွဲဖြစ်တတ်ပါတယ်။ ဆေးကုသမှုကတော့ အသားယားပျောက်ဆေးအပြင် သည်းခြေဓာတ်ကျအောင် ကုတဲ့ဆေးတွေနဲ့ အသည်းရောဂါကို ကုရပါမယ်။ သည်းခြေလမ်းကြောင်းမှာ ပိတ်ဆို့တာကြောင့်ဖြစ်တဲ့ အသားဝါရောဂါ (Obstructive jaundice) ကြောင့် ယားတာဆိုရင်တော့ ဆေးနဲ့မရဘဲ သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပြသတိုင်ပင် ကုသရမှာဖြစ်ပါတယ်။

• Uraemia ဆိုတဲ့ ကျောက်ကပ်ဓာတ် တအားများတာကတော့ ကျောက်ကပ်‌ပျက်စီးတဲ့ (Chronic kidney disease) လူနာတွေမှာ ဖြစ်တတ်ပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးသွားပြီး သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို မလုပ်တော့ရင် ကျောက်ကပ်အဆိပ် (Urea) တွေ အသားမှာ ပုံလာပါတယ်။ အဲဒါက ယားယံခြင်းကို ဖြစ်စေပါတယ်။

• ဆီးချိုရောဂါမှာတော့ အသားခြောက်တာ၊ အရေပြားမှာ အနာပေါက်တာ‌တွေကြောင့် ယားယံတတ်ပါတယ်။ သတိထားသင့်တဲ့ ရောဂါတစ်ခုပါ။

• ကင်ဆာရောဂါတချို့မှာ အထူးသဖြင့် ပြန်ရည်ကြောအကျိတ်ကင်ဆာမှာ ယားယံတာကို တွေ့ရတတ်ပါတယ်။ ကင်ဆာကထွက်တဲ့ Cytokines လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေကြောင့်ပါ။ ဒီရောဂါမှာတော့ ခန္ဓာကိုယ်အနှံ့မှာ အကျိတ်တွေထွက်တာ၊ ရက်ရှည်ဖျားတာ၊ ည‌ဘက်တွေမှာ ချွေးတွေ စိုရွှဲနေအောင်ထွက်တာတွေအပြင် အသည်းကြီးတာ၊ ဘေလုံးကြီးတာတွေနဲ့ပါ တွဲတတ်ပါတယ်။

• Polycythemia rubra vera လို့ခေါ်တဲ့ သွေးနီဥအလွန်များပြီး သွေးပျစ်တဲ့ရောဂါကတော့ ရိုးတွင်းခြင်ဆီကနေ သွေးနီဥတွေ အများကြီးထုတ်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးစစ်ကြည့်ရင် သွေးအား (Haemoglobin, Hct) ဟာ များနေတတ်ပြီး သွေးဖြူဥ၊ သွေးဥမွှားတွေလည်း လိုက်များတတ်ပါတယ်။ သူက အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးရင် အသားယားယံခြင်းကို ဖြစ်စေပါတယ်။

• သွေးအားနည်းခြင်းနဲ့ ‌သိုင်းရွိုက်ဟော်မုန်းရောဂါတွေဟာလည်း အသားယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။

????????️ တခြားအနေနဲ့

• အဘိုး၊ အဘွားတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရောဂါကြောင့်မဟုတ်ဘဲ အသားယားခြင်း ဖြစ်တတ်ပါတယ်။ အသား‌အရေခြောက်သွေ့တာကလည်း ယားယံစေပါတယ်။

ကိုယ်ဝန်ဆောင်မိခင် ဆယ်ယောက်မှာ တစ်ယောက်က အသားယားယံတတ်ပါတယ်။ အရေပြားမှာ အပိန့်အကွက်တွေထွက်တဲ့ ကိုယ်ခံအားဆိုင်ရာ ယားယံတဲ့ပြဿနာတွေလည်း ဖြစ်တတ်ပါတယ်။

• သောက်တဲ့ဆေးဝါး‌တွေ (ဆေးမတည့်တာနဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုး side effects) တွေကြောင့်လည်း အသားယားယံနိုင်ပါတယ်။ ဆေးအသစ်သောက်မိလားဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါ။

• တချို့သွေးရောဂါ‌တွေကြောင့်လည်း အနီကွက်တွေထွက်ပြီး ယားယံနိုင်‌ပေမယ့် ရှားတော့ရှားပါးပါတယ်။

????????️ အသားယားတာဖြစ်မယ်ဆိုရင် ဆရာဝန်က ထပ်မေးနိုင်တဲ့ မေးခွန်းတွေကတော့…….

– ဘယ်နေရာတွေ ယားလဲ

– ယားတဲ့‌နေရာမှာ အကွက်တွေ၊ အဖု‌တွေ၊ အရည်ကြည်ဖုတွေ ရှိလား

– မယားခင်က တစ်ခုခုလိမ်းမိတာ၊ အလှကုန်ပစ္စည်းအသစ်တွေ သုံးမိတာမျိုး ရှိလား

– ဘယ်အချိန်တွေမှာ ပိုယားတာမျိုးရှိလဲ

– အကောင်ကိုက်ခံရတာရှိလား၊ ရှိခဲ့ရင် ဘာအကောင်ကိုက်လဲ သိလိုက်လား

– မတည့်တဲ့ဆေး၊ အစားအစာ၊ စားနေကျမဟုတ်တဲ့ အစားအစာတွေ ရှိလား

– သန်ချဖူးလား

– တခြားဘာရောဂါတွေ ရှိလဲ . . . စသဖြင့် ယားခြင်းပုစ္ဆာအတွက် အဖြေရှာဖို့ မေးပါလိမ့်မယ်။

အယားကွက်‌တွေ၊ အဖုအပိန့် (Skin lesions) တွေ ရှိတယ်ဆိုရင် ဆရာဝန်က ကြည့်ချင်ပါလိမ့်မယ်။ အလင်းရောင်ကောင်းကောင်းမှာ‌ သေချာမြင်ရအောင် ဓာတ်ပုံရိုက်ထားပေးပါ။

????????️ ကုသမှုအနေနဲ့ အယားပျောက်ဆေး‌ (Antihistamines) တွေ ဖြစ်တဲ့ (Burmeton, Cetirizine) စတဲ့‌ ဆေးတွေအပြင် အသားမခြောက်အောင် အစိုဓာတ်ဖြည့်ပစ္စည်း (moisturizers) တွေ သုံးကြည့်နိုင်ပါတယ်။ ရောဂါအခံ ရှိမယ်ထင်ရင်တော့ ဓာတ်ခွဲစစ်ဆေးပြီး ရောဂါရှာတာတွေကို လုပ်ဖို့လိုပါတယ်။ လိုအပ်ရင် ရောင်ရမ်းတာတွေကို ကျဆင်းစေတဲ့ဆေးတွေ (steroids) ပေးရတာလည်း ရှိတတ်ပါတယ်။

ယားရင်မကုတ်ဘဲ အသာအယာပဲပွတ်တာ၊ အရေပြားကို သန့်ရှင်းရေးလုပ်တာ၊ အယားပျောက်ဆေးလိမ်းတာတွေကို လုပ်နိုင်ပါတယ်။ ယားတဲ့နေရာမှာ ရေအေးအဝတ်ကပ်တာ၊ ရေခဲတင်ထားတာ လုပ်နိုင်ပါတယ်။

အကျဥ်းချုပ် ပြန်ပြောရရင်…

အသားယားခြင်းဟာ အဖြစ်များပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဖြစ်ရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး အရေပြားမှာပြောင်းလဲတာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်သလို၊ ဘာမှမဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

ယားလို့ကုတ်တာကြမ်းရင်၊ များရင်တော့ အရေပြားပွန်းတာ၊ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ဆပ်ပြာအပြင်းတွေကိုလည်း မသုံးသင့်ပါ။ ကိုယ့်အဝတ်အစားနဲ့ အိပ်ရာခင်းတွေကို ပြန်စစ်ဆေးပါ။

ဒီရာသီဆောင်းတွင်းမှာ အသားခြောက်လို့ အသားယားတာဟာ အဖြစ်များနိုင်ပါတယ်။ ရေများများသောက်ပါ။ ရေပူပူနဲ့ရေချိုးတာကို ရှောင်ပါ။ ရေချိုးပြီးရင် Moisturizer လိမ်းပါ။ ဆပ်ပြာကို အစိုဓာတ်ဖြည့် ဆပ်ပြာအပျော့စားတွေပဲ သုံးပေးပါ။

ဖြစ်ရတဲ့အကြောင်းအရင်းတွေကို သိရလို့ တအားမကြောက်စေချင်သလို ပေါ့လည်းမပေါ့ဆစေချင်တာပါ။

ကိုယ့်ဘာသာ ဆေးသောက်/ဆေးလိမ်းလို့ မပျောက်တာမျိုး၊ (၂) ပတ်ထက်ပိုပြီး ယားယံနေတာမျိုး၊ အိပ်စက်ခြင်းနဲ့ နေ့စဉ်အလုပ်တွေကို ထိခိုက်လောက်အောင် ယားယံတာမျိုးနဲ့ တခြားကျန်းမာရေးပြဿနာတွေ၊ လက္ခဏာတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

လိုအပ်ရင် ဆေးခန်းလာပြပြီး ဆွေးနွေးတိုင်ပင်လိုက်တာက ကိုယ်ခံစားနေရတာကို မြန်မြန်သက်သာ‌ပျောက်ကင်းစေနိုင်ပါတယ်နော်။

အထူးကုသမားတော်တစ်ဦး

Telekyanmar

Reference : ????

Ohcm 10 ed_Pruritus

https:// www . webmd . com /skin-problems-and-treatments/skin-conditions-pruritus

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here