အမြန်ဆုံးအဆီကျ ဝိတ်ကျနည်း

0
419

ကျွန်မ အခုတစ်လော Social media မှာ မင်းသား၊ မင်းသမီး၊ Influencers ကိုယ်တိုင်က ဒီ Detox လေးသောက်တာ… ဒီ အဆီကျလိမ်းဆေးလေး လိမ်းတာ… Waist Trainer လေး ဝတ်လိုက်တာ… ဘယ်လို ဝိတ်ကျသွားတယ် စသည်ဖြင့် Before Vs After ပုံတွေနဲ့ ကြော်ငြာလာကြတာကို တွေ့ရပါတယ်။

ဒါလေးတွေတွေ့တော့ ကျွန်မလည်း လက်ထောက်ဆရာဝန် (AS) ဖြစ်ခါစ ကျွန်မ (၆) လအတွင်း (၅၅) ပေါင်နီးပါး ဝိတ်ချခဲ့တာတောင် သတိရ။

ကျွန်မတို့မျိုးရိုးက အဖေဘက်ရော အမေဘက်ရော အဝလွန်ကြတယ်။ ဆီးချို၊ သွေးတိုးရှိကြတဲ့ မျိုးရိုးပါ။ ကျွန်မလည်း AS ဖြစ်တော့ ညဘက် Night duty ဆင်းရင်း အစားအသောက်သောင်းကျန်း၊ အိပ်ရေးမမှန်နဲ့ ပေါင်ချိန် (၁၈၀) နီးပါး ဖြစ်သွားရော။

ပိုဆိုးတာ အသက် (၂၇) နှစ်လေးနဲ့ သွေးတိုးဖြစ်လာတယ်။ ဆီးချိုကလည်း အကြိုအဆင့် (Prediabetes) ပြောရရင် ဆီးချိုဖြစ်ချင်နေတဲ့ အဆင့်ရောက်ရော။ ဒါနဲ့ ဝိတ်ချကိုချရမယ်ဆိုပြီး ဟော်မုန်းအထူးကုဌာန (Endocrine) ကအစ်မ ဆီးချိုဆရာဝန်ကလည်း အကြံပေးလာပါတယ်။

ကျွန်မ အရင် ဝိတ်ဖြည်းဖြည်းချင်း တက်လာကတည်းက ကျွန်မ Detox တွေလည်း သောက်တယ်။ ဝမ်းလျောတာပဲ အဖတ်တင်။

ကျွန်မ အဆီချလိမ်းဆေး လိမ်းတော့လည်း ပရုတ်ဆီပွတ်သလိုပဲ။

Waist trainer ကြိုးစားဝတ်မယ်ဆိုတော့လည်း ခါးနားမှာ မတရားစည်းထားတော့ အစာအိမ်အောင့်၊ ဝမ်းသိပ်မသွားနိုင်။ ခါးကတော့ကျပါရဲ့… မဝတ်တော့ (၅) ရက်အတွင်းကို နဂိုအနေအထားပြန်ဖြစ်။ အမှန်တော့ ဆရာဝန်တစ်ယောက်အနေနဲ့ရော ပညာတတ်တစ်ယောက်အနေနဲ့ရော ဒါတွေက အလုပ်မဖြစ်ဆိုတာ သိပေမယ့် Social media မှာ influencers တွေ ကြော်ငြာတော့ အလွယ်လိုက်မိတာလည်း ပါပါတယ်။

ထားပါ… အခုကတော့ ကျွန်မတကယ်ကို ကျန်းမာရေးအရ ဝိတ်သေချာချရမယ်ဆိုတော့ ကျွန်မ အချိန်အပိုင်းအခြားအလိုက် အစားအသောက်ရှောင်တာ (Intermittent fasting) (18:6) ရယ်…. ၂၅ -၂၅ – ၅၀ စားနည်းရယ် ရွေးချယ်ခဲ့ပါတယ်။

(IF အကြောင်း အသေးစိတ် ရေးတဲ့ post ကို Comment မှာ Link ပေးပေးထားပါမယ်နော်)

ကျွန်မက အမြဲ (၂၄) နာရီ ဂျူတီဆင်းရတော့ နေ့လယ် (၁၂) ကနေ ညနေ (၆) နာရီအတွင်းပဲ ထမင်းတစ်နပ်မှာ ကစီဓာတ် ၃၅% ၊ အသားဓာတ် ၂၅% ၊ ဟင်းသီးဟင်းရွက် ၅၀% ဝင်အောင်စားတယ်။ ကြားချိန် အအေးဖျော်ရည်မသောက်ဘဲ ရေနွေးကြမ်း၊ အုန်းစိမ်ရည်၊ အသီးအနှံကို သင့်တော်သလောက်ပဲ စားပါတယ်။

ဂျူတီနားရက်နေ့တွေဆို အိပ်ရေးဝအောင်ကြိုးစားအိပ်တယ်။ Gym တွေသွားဖို့ အချိန်မပေးနိုင်တော့ ဆေးရုံမှာ ဓာတ်လှေကားအစား ရိုးရိုးလှေကားတက်တာတို့၊ ကုသဆောင်တွေ (Wards) ကူးပြီး လမ်းလျှောက်တာတို့ အားရင်အားသလို လှုပ်လှုပ်ရှားရှားနေရင်း ဝိတ်ကျလာတာပါ။

ကျွန်မ သွေးတိုး၊ ဆီးချိုလည်း လုံးဝ ပုံမှန်ဖြစ်လာတော့ ခုချိန်ထိ ဝိတ်နည်းနည်းတက်လာတာနဲ့ ဒီနည်းတိုင်းပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံ (Heathy meal ပုံစံ) ပဲ စားပါတယ်။

ဒီနေရာမှာ ကျွန်မ ဒီပိုစ့်ကိုရေးတာ ဝိတ်ချနည်းကို ပြောပြချင်တာ မဟုတ်ပါဘူး။ လူတစ်ယောက် ကိုယ်အလေးချိန်ကျဖို့က အစားလျှော့စားရင်၊ အဝင်နဲ့အထွက် ကယ်လိုရီကွာခြားချက် (Calorie deficit) ရှိရင် ကျကိုကျပါတယ်။ ဒါပေမယ့် Calorie deficit ဆိုတဲ့နေရာမှာ တစ်နေကုန်မှ ကြက်ဥတစ်လုံးစားရမယ်ဆိုတဲ့ အတွေးမှား၊ အယူအဆမှား (Misconception) မျိုးမဟုတ်ဘဲ အာဟာရမျှတပြီး ရေရှည်လုပ်နိုင်တဲ့၊ ကိုယ်နဲ့သင့်တော်တဲ့ ဝိတ်ချနည်းကို ရွေးချယ်ရမှာပါ။

ရေရှည်လုပ်နိုင်မှ ကိုယ်လိုချင်တဲ့ ပုံမှန်ခန္ဓာကိုယ်အချိုးအစားအလိုက် အလေးချိန် (Normal BMI weight) ရနိုင်မှာပါ။ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်တော့ အစားနည်းနည်းပဲစားမယ်။ ရေရှည်မလုပ်နိုင်ဘူးဆိုရင်တော့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှု (rebound effect) နဲ့ ပိုဝလာမှာပါ။

ဒီနေရာ ထပ်ပြီး ဝိတ်ကျစေသော အထောက်အကူပြုဖြည့်စွက်စာ (Supplement) အခုခေတ်စားနေတဲ့ Green tea ၊ L carnitine ၊ Silmming drip တွေကတော့ နာမည်အတိုင်း အထောက်အကူပေးရုံသာ သုံးလို့ရပါမယ်။ သူတို့ကိုသုံးပြီး ကိုယ်လိုချင်တဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်သာရမယ်ဆို ကမ္ဘာကျော်နေမှာ အသေချာဖြစ်သလို.. သူတို့ကို သုံးမယ်ဆိုလည်း ဆရာဝန်နဲ့ တိုင်ပင်တာ ပိုသင့်တော်ပါတယ်ရှင်။

ကျွန်မ ဒီပိုစ့်ရေးတဲ့ အဓိကရည်ရွယ်ချက်က တချို့သော ငွေပေးရင် အကုန်ကြော်ငြာနေတဲ့ Influencer တွေက “ ကျွန်မက အကုန်အစုံ အများကြီးစားတယ်။ ဒီဆေးလေးသောက်တာ လုံးဝဝိတ်မတက်ဘူး” စတဲ့ လိမ်လည်ပြီး ဈေးကြီးကြီး Detox တွေ၊ အဆီကျ Jelly စတာတွေ မြင်ရလို့ပါ။

ကျန်းမာစွာ ဝိတ်ချဖို့ဆိုတာ ဖြတ်လမ်းမရှိပါဘူးနော်…

အစားလျှော့စားဖို့နဲ့ ကိုယ်လက်လှုပ်ရှား များများလုပ်ဖို့ပါပဲ။

အားလုံးဘဲ ကျန်းမာတဲ့ကိုယ်ခန္ဓာ ပိုင်ဆိုင်နိုင်ကြပါစေရှင်….။

Dr Cool

Telekyanmar

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here