သားအိမ်ခေါင်းကင်ဆာသည် လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်သော ရောဂါပိုးတစ်မျိုးဖြစ်သည့် လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုး မျိုးစိတ် ၁၆ နှင့် ၁၈၊ Human papillomavirus type 16 & 18 (HPV 16 & 18) ကူးစက်ခံရမှု၏ နောက်ဆက်တွဲကြောင့် ဖြစ်ရသည်ဟု အတိအကျ သိရှိပြီးဖြစ်ပါသည်။ ထိုအကြောင်းကို ရှာဖွေတွေ့ရှိခဲ့သူမှာ ဂျာမန်လူမျိုး ဆရာဝန်ကြီးတစ်ယောက်ဟု သိရပါသည်။ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်ဟုလည်း သိရပါသည်။

ရောဂါအကြောင်းရင်းကို သိပြီးသွားတော့ ကာကွယ်ဖို့ လွယ်သွားပြီပေါ့ဗျာ။ HPV ပိုးကြောင့်ဖြစ်တာဆိုတော့ HPV ပိုးကာကွယ်ဆေး ကြိုထိုးထားရုံပဗျာ။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလို့ အများနားလည်အောင် ပြောကြတာပေါ့။ အဲဒီဆေးထဲမှာ ဘာတွေပါသလဲဆိုတော့ HPV ပိုးအသေတွေ တစ်နည်းအားဖြင့် ရောဂါပေးနိုင်စွမ်းအဆိပ်ကို ထုတ်ထားတဲ့ ပိုးအသေတွေ။ ဒီဆေးကို ထိုးပေးလိုက်တာ ဘာကြောင့်လဲ။ လူတိုင်းမှာ ကိုယ်ခံအားစနစ် ဆိုတာရှိတယ်။ ကိုယ်ပိုင်စစ်တပ်ပေါ့။ ကိုယ့်ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ရောဂါပိုးတွေကို ကိုယ့်ရဲ့ကိုယ်ခံအားစနစ် စစ်တပ်က တိုက်ထုတ်တယ်။ ကိုယ့်စစ်တပ်ကနိုင်ရင် ရောဂါမဖြစ်ဘူး။ ကိုယ့်စစ်တပ်ကရှုံးမှ ရောဂါဖြစ်တာ။

အဆိပ်မရှိတဲ့ HPV ပိုးအသေတွေကို ခန္ဓာကိုယ်ထဲ ထိုးထည့်ပေးလိုက်တဲ့အခါ ကိုယ့်စစ်တပ်က ဒီပိုးကို အသေးစိတ် အချိန်ယူစစ်ဆေးလို့ ရသွားတယ်။ ဒီပိုးတွေကို ဘယ်လို ဘယ်လက်နက်နဲ့ သတ်လို့ရမလဲဆိုတာ စိမ်ပြေနပြေ သုတေသနလုပ်လို့ ရသွားတယ်။ အကောင်းဆုံး အမြန်ဆုံး သတ်နိုင်မယ့် လက်နက်တွေကို ကြိုတင်ပြင်ဆင် ထုတ်လုပ်ထားလို့ ရသွားတယ်။ တကယ်ရောဂါပေးနိုင်တဲ့ ပိုးအရိုင်းကောင် ဝင်လာတာနဲ့ အဆင်သင့် ကောက်ထုလိုက်ရုံပဲ။ ရောဂါမဖြစ်တော့ဘူး။ ကာကွယ်ဆေးအားလုံးရဲ့ သဘောတရားက ဒါပါပဲ။

HPV ပိုးအသေတွေ (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ထိုးပေးတဲ့အချိန်နဲ့ ကိုယ့်စစ်တပ်က ဒီပိုးတွေကိုသတ်ဖို့ အထူးလက်နက်ထုတ်လုပ်နိုင်တဲ့အချိန် (ကာကွယ်မှု အပြည့်ပေးနိုင်တဲ့အချိန်) ကြားမှာ အချိန်တစ်ခုဆိုတာ ယူရတယ်။ ဒီနေ့ ကာကွယ်ဆေးထိုး နောက်နေ့ မကာကွယ်နိုင်သေးဘူး။ စောစောလေး ကြိုထိုးရတယ်။ တချို့ကာကွယ်ဆေးတွေဆို လခြားပြီး နှစ်ခါ၊ သုံးခါ ထိုးရတယ်။

ဒါဆို မိန်းကလေးတွေကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဘယ်အချိန်ထိုးမလဲ။ ဒါသည် သူတို့ဘယ်အရွယ်မှာ HPV ပိုးသတ်လက်နက်တွေ အပြည့်အဝ တပ်ဆင်ထားပြီး ဖြစ်ရမှာလဲဆိုတာပေါ် မူတည်တယ်။ ပြောင်ပြောင်ရှင်းရှင်း ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ ဘယ်အရွယ်မှာ လိင်ဆက်ဆံမှု စမှာလဲဆိုတဲ့အပေါ် မူတည်တယ်။ မြန်မာပြည်မှာ မိန်းကလေးတွေ ပျမ်းမျှ ပထမဆုံး လိင်ဆက်ဆံဖူးတဲ့ အသက်ကို စစ်တမ်းကောက်ထားတာ မရှိဘူး။ အဲဒီတော့ အင်္ဂလန်ရဲ့ စစ်တမ်းကိုပဲ ယူရတယ်။ အင်္ဂလန်သူလေးတွေ ပျမ်းမျှ ပထမဆုံး လိင်ဆက်ဆံဖူးတဲ့ အသက်က ၁၇ နှစ်တဲ့။ အဲဒါကြောင့် ၁၇ နှစ်မှာ HPV ပိုးအရိုင်းတွေကို သတ်ဖို့ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီးသား ဖြစ်ရပါမယ်တဲ့။

ဒါကြောင့် ၉ – ၁၃ နှစ်ကြား အမျိုးသမီးငယ်လေးများ အားလုံးကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး သုံးကြိမ်ထိုးထားရပါမယ်တဲ့။ နောက်မှ သူ့ဘာသာသူ အပျိုကြီးပဲလုပ်လုပ်၊ သီလရှင်ပဲဝတ်ဝတ်၊ မစွံလို့ပဲဖြစ်ဖြစ် ဆေးစွမ်းမပြရလည်း ဘာမှမဖြစ်ပါဘူး။

အမျိုးသမီးတွေကို ၁၈ – ၂၅ နှစ်ကြား အိမ်ထောင်ကျမယ်ဟောရင် ၇၀ ရာခိုင်နှုန်းကျော်ကျော်က မှန်မှာပဲလေ။ အဲဒီအချိန်မှာ သူ့ယောက်ျားဆီက HPV ပိုးအရိုင်းတွေ ကူးစက်ခံရရင်လည်း ပိုးတွေကိုသတ်စရာ လက်နက်အပြည့် ရှိနေပြီ။ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ အခွင့်အလမ်း အလွန်နည်းသွားပြီပေါ့။

စောက်ပု အာဏာမသိမ်းခင်က မြန်မာနိုင်ငံ ကလေးသူငယ်များ ကာကွယ်ဆေးထိုး စီမံချက်ထဲမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထည့်ဖို့စီစဉ်နေပြီဗျ။ တစ်နိုင်ငံလုံး မလွှမ်းခြုံနိုင်သေးပေမယ့် တချို့မြို့နယ်တွေမှာ စတောင်ထိုးနေပြီ။ ခုတော့အားလုံး ရေစုံမျော။ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာ အဲဒါပဲဗျ။ စောက်ပုကြောင့် ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ သမီးလေးတွေ ကျန်းမာရေးဘက်က လူ့အခွင့်အရေးတစ်ခု ဆုံးရှူံးသွားပြီဆိုတာ သိကြရဲ့လား။ ဒေါသသံပါသွားရင် တောင်းပန်ပါတယ်။ မြန်မြန်နိုင်မှ ရမယ်နော။

တချို့ကပြောကြမယ်။ ပိုက်ဆံရှိရင် ဆေးကို ဝယ်ထိုးလို့ရတယ်လို့။ ဒါဆို မေးကြည့်မယ် အအေးလမ်းကြောင်း (cold chain) မပျက်ပါဘူးလို့ ဘယ်သူက တာဝန်ခံမှာလဲ။ ကာကွယ်ဆေးဆိုတာ စက်ရုံက စထုတ်လိုက်ချိန်ကနေ လူထဲကိုထိုးမသွင်းခင် အချိန်အထိ ကြားထဲမှာ အအေးလမ်းကြောင်း လုံးဝပျက်လို့မရဘူးဗျ။ ပျက်သွားရင် အာနိသင်မရှိတော့ဘူး။ ကာကွယ်ဆေးတွေကို အအေးလမ်းကြောင်း မပျက်အောင် သိုလှောင်ရတဲ့ ရေခဲသေတ္တာက သပ်သပ်ရှိတယ်။ အိမ်သုံး၊ မီးဖိုချောင်သုံး (domestic use) ရေခဲသေတ္တာထဲ အေးပြီးရော ထည့်ထားလို့မရဘူး။ အခု စကစ မအလ အတွက် အလုပ်လုပ်ပေးနေကြတဲ့ မန္တလေး တိုင်းကျန်းမာရုံးထဲမှာ နှစ်ဆယ့်လေးနာရီ လုံးဝမီးမပျက်တဲ့ လူကြီးလေးယောက်လောက် ချောင်ချောင်ချိချိ ဝင်ရပ်နေလို့ရတဲ့ ကာကွယ်ဆေးတွေ သိုလှောင်တဲ့ အထူးရေခဲသေတ္တာကြီးတွေ ရှိတယ်။ အရင်ကတော့ အအေးလမ်းကြောင်း မပြတ်အောင် စောင့်ကြည့်တာဝန်ခံရတဲ့ ဝန်ထမ်းတွေရှိခဲ့ဖူးတယ်။ အခုတော့ မသိဘူး။

ဒီတော့ အအေးလမ်းကြောင်း မပျက်ဖို့အတွက် ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ထိုးရမယ့်ကလေးအရေအတွက်ကို ကြိုစာရင်းကောက်၊ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ထိုးမယ်ဆိုတာကို အတိအကျချိန်းပြီး သိုလှောင်ထားတဲ့ထဲက လိုသလောက်ဆေးကို ကာကွယ်ဆေးသယ် အအေးပုံးနဲ့ကဲ့ယူပြီး စုရပ်မှာ အားလုံးကို အအေးလမ်းကြောင်း မပျက်မီ တစ်ပြိုင်တည်းထိုးရတာ။ ဝက်သားတော့ ဝက်သားပဲ။ ကိုယ့်အိမ်တင်ကိုယ် ငါးဆယ်သားလောက် ချက်တဲ့ ဝက်သားဟင်းနဲ့ ဝက်အချိန်သုံးဆယ်လောက်ကို မိုးဗြဲဒယ်ကြီးနဲ့ချက်တဲ့ အိုးကြီးချက် အလှူဝက်သားဟင်း ဘယ်တူမှာလဲ။ ထပ်ပြောမယ်နော်။ မြန်မြန်နိုင်မှဖြစ်မယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး မထိုးလိုက်ရဘဲ အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ်များလည်း စိတ်မပူကြပါနဲ့။ ကာကွယ်ဖို့ နောက်တစ်ဆင့် ကျန်ပါသေးတယ်….Universal cervical screening programme လို့ခေါ်တယ်။

နောက်မှ ဆက်ပြောပြမယ်နော်။

Dr ဝသုန်

သားဖွား၊ မီးယပ် အထူးကုဆရာဝန်

လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here