လူနာ။ “ ဆရာရေ ကျွန်မကလေ ဝမ်းတစ်အားချုပ်တတ်လို့ဆရာ။ အဲ့ဒါ နေလို့ထိုင်လို့လည်း မကောင်းဘူး။ ဝမ်းနူတ်ဆေးတွေလည်း ခဏခဏ မသောက်ချင်ဘူး ဆရာရယ်။ ဝမ်းပုံမှန်သွားအောင် ဘယ်လိုလုပ်ရမလဲဆရာ”

ဒါကတော့ တယ်လီကျန်းမာဆေးခန်းကို လာပြတဲ့လူနာတွေထဲက (၅) ယောက်မှာ (၂) ယောက်လောက်က မေးနေကျ…

ကိုယ်ပဲ တိုင်ဆိုင်တာလားမသိ ????

..

..

ဒါကြောင့် ဒီနေ့မှာတော့ ဝမ်းမှန်မှန်သွားအောင် ဘယ်လိုလေးတွေ နေထိုင်ရမလဲ ဆိုတာလေး ပြောပြချင်ပါတယ်။

ဝမ်းချုပ်စေတဲ့အကြောင်းကတော့ အများကြီးပါ။ အစားအသောက် အနေအထိုင်နဲ့ တခြားသောရောဂါအခံတွေလည်း အများကြီးပါပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဝမ်းမချုပ်အောင် နေထိုင်ရမယ့် နည်းလမ်းလေးတွေပဲ အဓိက ပြောပြချင်ပါတယ်။

ပထမဆုံး အရေးကြီးတာကတော့ အစားအသောက်နဲ့ နေထိုင်မှုပါပဲ။

နေ့စဉ် စားသောက်နေတဲ့အထဲမှာ အစာကြေဖို့မလွယ်တဲ့ fiber တွေ စားပေးဖို့ လိုပါတယ်။ ဥပမာ – အသီးအရွက်တွေပေါ့။ နောက်ပြီး ငှက်ပျောသီး၊ ရုံးပတီသီးနဲ့ ပန်းသီး၊ သစ်တော်သီးတို့လို အသီးအနှံတွေလည်း စားပေးလို့ ရပါတယ်။ အခုလို နွေရာသီမျိုးဆို မကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

နောက်တစ်ချက်ကတော့ ရေများများသောက်ဖို့ပါပဲ။ လူတိုင်းက ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ (၂) လီတာလောက် သောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုပါတယ်။ ဒါ့အပြင် ကော်ဖီ လက်ဖက်ရည်တို့ကို ရှောင်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေလို့ပါ။

ပြီးတော့ အနေအထိုင်အလေ့အကျင့်ပေါ့နော်။ တစ်နေ့မှာ (၁၀) နာရီလောက် ထိုင်နေရတဲ့သူဆိုရင်တော့ သေချာပေါက် ဝမ်းချုပ်တဲ့ဝေဒနာကို ခံစားရမှာပါ။ အူလမ်းကြောင်းဟာ ကြွက်သားနဲ့ ပြုလုပ်ထားတာပါ။ ဒါကြောင့်မို့ ဝမ်းမှန်စေဖို့ရာ လှုပ်ရှားပေးဖို့လိုပါတယ်။

အနည်းဆုံးတော့ တစ်နေ့ကို မိနစ် (၃၀) လောက် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေး (သို့) လမ်းလျှောက်ပေးသင့်ပါတယ်။

နောက်တစ်ချက်က bowel retraining ပါ။ တခြားသော အလေ့အကျင့်တွေလိုပဲ ဝမ်းပုံမှန်သွားတဲ့ အလေ့အကျင့်ဖြစ်အောင် ပြန်လေ့ကျင့်ပေးနည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာကတော့ အချိန်မှန်လေ့ကျင့်ဖို့ပါပဲ။ ကိုယ်နဲ့အဆင်ပြေမယ့် အချိန်တစ်ခုကို ရွေးပါ။ ပြီးရင် ဝမ်းသွားချင်အောင် အိမ်သာထဲမှာ (၅-၁၀) မိနစ်လောက် အချိန်ပေးပြီး ထိုင်ရပါမယ်။ မထိုင်ချင်လည်း အချိန်ပေးပြီး ထိုင်ပေးခြင်းဖြင့် အလေ့အကျင့်လုပ်နိုင်ပါတယ်။ အိမ်သာထိုင်နည်း မှန်ကန်ဖို့လည်း အထူးလိုအပ်ပါတယ်။

ဝမ်းသွားရခက်တဲ့သူမျိုးအတွက်ဆို ဝမ်းချုပေးလို့လည်းရပါတယ်။ ဝမ်းချုတောင့် သုံးပြီးတော့ဖြစ်ဖြစ် ဗိုက်ကို အသာအယာနှိပ်ပေးပြီး အူလမ်းကြောင်း လှုပ်ရှားဖို့အတွက် လုပ်နိင်ပါတယ်။ အဓိကကတော့အချိန်တစ်ခုပေးပြီး ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဝမ်းပုံမှန်သွားပြီး ဝမ်းချုပ်ခြင်းပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

ကဲ ဒါကတော့ ဝမ်းချုပ်ခြင်းပြဿနာ ဖြေရှင်းဖို့ အတွက် ယေဘုယျနည်းလမ်းလေးတွေပါ။ အရေးကြီးဆုံးကတော့ ဝမ်းသွားချင်တဲ့အချိန် အောင့်မထားဖို့နဲ့ stress မထားဖို့ပါပဲ။

အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ် ခင်ဗျာ…။

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here