Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။

Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ ပြန်လည်ကောင်းမွန်လာကြပြီး အချို့ကတော့ ဆေးရုံတက်ရတဲ့အထိ ပြင်းထန်တတ်ပါတယ်။ မသန့်ရှင်းတဲ့အစားအစာ သို့မဟုတ် ရေနဲ့ ထိတွေ့မိတဲ့အခါ ရောဂါကူးစက်ခံရတတ်ပါတယ်။
.

🦠 Salmonella ပိုးကူးစက်ခံရတဲ့အခါ ဘယ်လိုရောဂါလက္ခဏာတွေ တွေ့ရနိုင်လဲ

ရောဂါလက္ခဏာတွေဟာ အများအားဖြင့် ကူးစက်ခံရပြီးနောက် ၄ နာရီမှ ၆ ရက်ကြား ပေါ်လာတတ်ပြီး၊ ၄ ရက်မှ ၇ ရက်ခန့်အထိ ခံစားရနိုင်ပါတယ်။

ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ရုတ်တရက်ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း စတာတွေ ခံစားရတတ်ပြီး အချို့ Salmonella ပိုးအမျိုးအစားတွေဟာ ဆီး၊ သွေး၊ အရိုး၊ အဆစ်များနဲ့ အာရုံကြောစနစ်ကိုပါ ပိုးကူးစက်နိုင်ပြီး ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Salmonella ရောဂါပိုးရှိသူအချို့ဟာ reactive arthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ခံစားရတတ်ပြီး၊ အချို့ဟာ အချိန်ကြာလာတဲ့အခါ နာတာရှည် အဆစ်အမြစ်ရောင်ရောဂါ ဖြစ်လာနိုင်ပါတယ်။
.

🦠 Salmonella ပိုးကူးစက်ရခြင်း အကြောင်းအရင်းတွေက ဘာတွေလဲ

Salmonella ဘက်တီးရီးယားတွေဟာ ငှက်၊ ကြက်၊ အခြားတိရိစ္ဆာန်တချို့နဲ့ လူတွေရဲ့အူထဲမှာ နေထိုင်ကြပါတယ်။ မစင်တွေနဲ့ ညစ်ညမ်းနေတဲ့ အစာတွေ ရေတွေ စားသုံးမိခြင်းဖြင့် ရောဂါပိုးကူးစက်တတ်ပါတယ်။

ကောင်းမွန်စွာမချက်ပြုတ်ထားသော အသားများ၊ ပင်လယ်စာများမှာ ပိုးမွှားပေါက်ဖွားတာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ညစ်ညမ်းသောရေကြောင့် ပင်လယ်စာတွေမှာ Salmonella ကူးစက်မှုဟာ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ညစ်ညမ်းတဲ့အသားစိမ်းတွေကို ကိုင်တွယ်ပြီးနောက် လက်မဆေးဘဲ အခြားအစားအစာများကို ထိမိပါက ရောဂါပိုးကူးစက်နိုင်ပါတယ်။

Salmonella ပိုးရှိတဲ့ ကြက်မှရတဲ့ဥတွေမှာ ဘက်တီးရီးယားပိုးတွေ ပါနိုင်ပါတယ်။ ကြက်ဥကို အစိမ်းစားတာထက် ချက်ပြုတ်ပြီးစားသုံးခြင်းက အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အချို့သော နာမည်ကြီးဆော့စ်တွေဖြစ်တဲ့ mayonnaise မှာ ကြက်ဥအစိမ်းပါဝင်ပါတယ်။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်ပင်တွေကို မသန့်ရှင်းသောရေဖြင့် ရေလောင်းခြင်း သို့မဟုတ် ဆေးကြောခြင်းဟာလည်း Salmonella ရောဂါပိုးကို ဖြစ်စေနိုင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းဟာလည်း ရောဂါပိုးကို ကူးစက်ပျံ့နှံ့စေပါတယ်။ မီးဖိုချောင်မျက်နှာပြင်များကို သန့်ရှင်းရေးမလုပ်တာ၊ အစားအသောက်ပြင်ဆင်နေချိန်၊ ရေချိုးခန်းသုံးပြီးနောက်နဲ့ ကလေးအနှီးကိုလဲလှယ်ပြီးနောက် လက်ကိုမဆေးတာက ရောဂါပိုးတွေ ကူးစက်စေနိုင်ပါတယ်။ လူတစ်ဦးဟာ ဘက်တီးရီးယားပိုးများ ရှိနေပါက အခြားလူများကို ထိတွေ့ခြင်း သို့မဟုတ် မကြာခဏ အသုံးပြုလေ့ရှိတဲ့ အရာဝတ္ထုတွေရဲ့မျက်နှာပြင်တွေကို ထိတွေ့ခြင်းဖြင့် ရောဂါပိုးကူးစက်စေနိုင်ပါတယ်။

ဒါ့အပြင် အချို့တွားသွားသတ္တဝါတွေနဲ့ ကုန်းနေရေနေသတ္တဝါအများစုဟာ ဖျားနာခြင်းမရှိဘဲ ၎င်းတို့ရဲ့အသည်းထဲမှာ Salmonella ပိုးကိုသယ်ဆောင်ထားကြပါတယ်။ ၎င်းတို့ အညစ်အကြေးစွန့်ထုတ်တဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေ ပါလာတတ်ပါတယ်။ ဒီနောက် ဘက်တီးရီးယားတွေဟာ လှောင်အိမ်၊ အရုပ်၊ အဝတ်အစား၊ ပရိဘောဂနဲ့ အိမ်သုံးပစ္စည်းမျက်နှာပြင်အပါအဝင် ၎င်းတို့နှင့်ထိတွေ့မိသမျှအရာတွေဆီသို့ လျင်မြန်စွာ ကူးစက်နိုင်ပါတယ်။

အသက် ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနဲ့ ခုခံအားနည်းနေသူများရှိပါက အိမ်မွေးတိရစ္ဆာန်များကို အိမ်ထဲတွင် မထားသင့်ပါ။
.

🦠 ဘယ်လိုအချက်တွေက Salmonella ပိုးကူးစက်မှုကို ပိုဖြစ်စေနိုင်လဲ

Salmonella ပိုးကူးစက်ခြင်းဟာ ဆောင်းရာသီထက် နွေရာသီမှာ ပိုအဖြစ်များပါတယ်။ ယေဘုယျအားဖြင့် ရောဂါပိုးကူးစက်နိုင်ခြေ အများဆုံးသူတွေကတော့ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်စဉ် Salmonella ကူးစက်ခံရပါက နောက်ဆက်တွဲအန္တရာယ်တွေ ရှိနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ရောဂါပိုးကူးစက်ခြင်းမှ ဖြစ်ပေါ်လာတဲ့ အာဟာရဓာတ်များချို့တဲ့ခြင်းဟာ မိခင်ရော ကလေးကိုပါ ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ရှိစဉ်အတွင်း Salmonella ကူးစက်မှုရဲ့ ၄% လောက်မှာ ဘက်တီးရီးယားပိုးတွေဟာ သွေးထဲကိုပျံ့နှံ့သွားပြီး သားအိမ်အတွင်းပိုးဝင်၍ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။
.

🦠 Salmonella ရောဂါကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ

ရောဂါလက္ခဏာတွေ၊ အခြားသောကျန်းမာရေးပြဿနာတွေ၊ အစားအသောက်ပြင်ဆင်ခြင်းအလေ့အထတွေ၊ အိမ်မွေးတိရစ္ဆာန်များနဲ့ ထိတွေ့မှု၊ လတ်တလော ခရီးသွားရာဇဝင် စတာတွေကို ဆရာဝန်က မေးမြန်းနိုင်ပါတယ်။ ဝမ်းလျှောခြင်းနဲ့ အော့အန်ခြင်းတွေဟာ အများဆုံးတွေ့ရတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သွေးနဲ့ဝမ်းစစ်ဆေးမှုတွေဟာလည်း ရောဂါပိုးဝင်ရသည့်အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။
.

🦠 Salmonella ပိုးကူးစက်ခြင်းကို ဘယ်လိုကုသနိုင်လဲ

Salmonella လက္ခဏာတွေဟာ အများအားဖြင့် တစ်ပတ်ခန့်အကြာမှာ ကုသမှုမခံယူဘဲ ပျောက်သွားတတ်ပါတယ်။ ကုသမှုလိုအပ်သူတွေအနေနဲ့ကတော့ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ အရည်များများသောက်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ဝမ်းလျှောခြင်းကို ရပ်တန့်စေရန်အတွက် လိုအပ်သောဆေးဝါးများ သောက်သုံးခြင်း၊ ပြင်းထန်လက္ခဏာတွေအတွက် ပိုးသတ်ဆေး အသုံးပြုရခြင်း စတာတွေ ပါဝင်ပါတယ်။ ဆေးယဉ်ပါးမှုမဖြစ်အောင် ဆရာဝန်ညွှန်ကြားမှသာ ပိုးသတ်ဆေး သုံးစွဲရပါမယ်။
.

🦠 Salmonella ပိုးမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

တစ်ကိုယ်ရေသန့်ရှင်းမှုဟာ Salmonella ပိုးကူးစက်မှုကို ကာကွယ်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။ အစားအသောက်မပြင်ခင်၊ အစာမစားခင်၊ အိမ်သာသွားအပြီး၊ ကလေးအနှီးလဲအပြီး၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အခြားသောတိရစ္ဆာန်တွေကို ထိတွေ့ပြီးနောက် လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောရပါမယ်။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်အစိမ်းတွေကို မစားမီ သေချာစွာဆေးကြောရပါမယ်။ အသားငါးတွေကိုလည်း သေချာစွာဆေးကြော ချက်ပြုတ်ရပါမယ်။ မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းအောင်ထားရပါမယ်။

အိမ်မှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ ခုခံအားနည်းနေသူတွေရှိရင် အိမ်မွေးတိရစ္ဆာန်တွေကို အိမ်တွင်းမထားသင့်ပါ။

အိမ်သူအိမ်သားတစ်ဦးဦး Salmonella ကူးစက်ခံရပါက အဝတ်အစား၊ အိပ်ရာနဲ့ မျက်နှာသုတ်ပုဝါတွေကို လျှော်ဖွပ်ပြီး နေပူတွင်လှန်းပါ။ အိမ်သာထိုင်ခုံများ၊ ရေချိုးခန်းလက်ကိုင်များ၊ ဘေစင်နဲ့ ပိုက်ခေါင်းများအားလုံးကို ဆပ်ပြာနဲ့ရေနွေးဖြင့် သေချာစွာဆေးကြောပြီး အိမ်သုံးပိုးသတ်ဆေးရည် (Household disinfectant) နဲ့ပါ ပိုးသတ်သန့်ရှင်းရေး ပြုလုပ်ရပါမယ်။

Reference:
https : // www . medicalnewstoday . com /articles/ 160942

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here