ဘာကြောင့် အလွန်အကျွံ လေလည်ကြသလဲ။

လေလည်တယ်ဆိုတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက အစာအိမ်အူလမ်းကြောင်းမှာ ဂတ်စ်တွေ ရွေ့လို့ပဲ ဖြစ်ရသဗျ။ 

တကယ်တော့ လေလည်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ အစာခြေစနစ်မှာ ပုံမှန်အစိတ်ပိုင်းတစ်ခုပါပဲ။ အစာစားပြီးရင်ဖြစ်ဖြစ် ဒါမှမဟုတ် စားနေတုန်းဖြစ်ဖြစ် လေလည်နိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အကြိမ် ၂၅ ကြိမ်လောက်ထိ လေလည်ကြပါသတဲ့။ တစ်ခါတစ်ရံ အဲဒီထက်တောင် ပိုကောင်းပိုနိုင်ပါတယ်။ 
ဒါပေမယ့် တစ်ခါတလေမှာ ကျွန်တော်တို့ လေလည်တာဟာ ထိန်းမရအောင် ရှိတတ်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ ဂတ်စ်ပါတဲ့ အရည်တွေ သောက်သုံးခြင်း၊ ဓာတ်မတည့်တဲ့ အစားအစာတွေ စားမိခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် အလွန်အကျွံလေလည်ခြင်းအကြောင်းတွေအပြင် ဘယ်လိုအချိန်မှာတော့ဖြင့် ဆရာဝန်နဲ့ ပြသင့်ပြီလဲဆိုတာ ဆက်ဖတ်ကြည့်ကြပါဗျား။

(၁) ကာဗွန်ပါသော ဖျော်ရည်ယမကာများ

ကာဗွန် သို့မဟုတ် ဂတ်စ်ပါတဲ့ အအေးတွေ၊ ဘီယာ၊ ဆိုဒါပါတဲ့ ဖျော်ရည်သောက်စရာတွေဟာ အစာအိမ်အူလမ်းကြောင်းအတွင်းမှာ အလွန်အကျွံလေထတာကို ဖြစ်စေနိုင်ပါတယ်။ 

တကယ်လို့ ကိုယ်ဟာ အပေါ်ကလို ကာဗွန်ပါတဲ့ ဖျော်ရည်ယမကာ သောက်တတ်သူ မဟုတ်ဘဲ အလွန်အကျွံလေထနေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အခြားသော အအေးဖျော်ရည်များ ရွေးချယ် သောက်သုံးနိုင်ပါတယ်။

(၂) ဓာတ်မတည့်သော အစားအစာများ

မတည့်တဲ့ အစားအစာတွေ စားမိလို့ လေလည်တဲ့အခါ ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း စတဲ့လက္ခဏာတွေ တွဲပါတတ်ပါတယ်။ ဥပမာအားဖြင့် လက်တိုစ့်ဓာတ်နဲ့ မတည့်တဲ့ ရောဂါရှိတဲ့သူတွေမှာ နို့နှင့် နို့ထွက်ပစ္စည်းအစားအစာများကို ကောင်းမွန်စွာ အစာခြေဖျက်ပေးနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ဒီလိုလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် အခန့်မသင့်ရင် ဗိုက်တင်းကားပြီး နေရခက်ခြင်း၊ လေပွခြင်းနဲ့ ဝမ်းလျှောခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေပါ ဖြစ်တတ်ပါတယ်။ 

(၃) စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများရင်လည်း လေလည်တာ များတတ်ပါတယ်တဲ့ဗျာ။ စိတ်ဖိစီးမှုများတဲ့အခါ အသက်ရှုမြန်တဲ့ အတွက် သာမန်ထက် လေပိုလည်တာပါတဲ့။

ဒါ့အပြင် irritable bowel syndrome (IBS) လို့ ခေါ်တဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ စိတ်ဖိစီးမှုတို့ ဆက်စပ်ပြီးတော့ အလွန်အကျွံလေလည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက IBS ကို ပိုဆိုးစေနိုင်သလို IBS ရှိတဲ့သူတွေမှာလည်း စိတ်ဖိစီးမှုများတတ်တာကို လေ့လာတွေ့ရှိရပါသတဲ့ဗျာ။ 

စိတ်ဖိစီးမှုလျော့ကျဖို့အတွက်ဆို တရားထိုင်ခြင်း၊ ဖြည်းညှင်းစွာအသက်ရှုခြင်း စတဲ့လေ့ကျင့်ခန်းတွေ လုပ်ပြီးတော့ ပုံမှန်ထက် လေအလွန်လည်ခြင်းကို ကာကွယ်နိုင်မှာပါ။ 

လေလည်တာဟာ သင့်အတွက် ကောင်းစေလား

တကယ်တော့ နေ့ရောညပါ လေလည်နေတာဟာ လူတွေအတွက် ကောင်းတဲ့အချက်ပါ။ လေလည်လိုက်တော့ ကိုယ်တွင်းက ဂတ်စ်တွေထွက်သွားပြီး ဗိုက်မအီမသာဖြစ်စေမယ့် လေပွခြင်းကို လျော့စေပါတယ်။

လေမလည်တဲ့အခါ ကိုယ်တွင်းမှာ ဂတ်စ်တွေအောင်းနေပြီး ဗိုက်နာစေနိုင်ပါတယ်။ အူလမ်းကြောင်းမှာ လေထရင် အတော်နာပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်က အူလမ်းကြောင်းမှာ လေထရင် သည်းခြေအိတ်ရောင်သလို နာတတ်သလို၊ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အပေါ်မှာ လေထရင် နှလုံးအောင့်သလိုကို ခံစားရတတ်ပါတယ်။ 

အလွန်အကျွံ လေလည်တာကို တားဆီးပေးနိုင်မယ့် အချက်များ

ပထမဆုံးတော့ လေများများ မရှုသွင်း၊ မမျိုချျိုချမိပါစေနဲ့တဲ့။ အစာစားတဲ့အခါ ဖြည်းဖြည်းဝါးပြီး ကြေညက်အောင်စားခြင်း၊ ကာဗွန်ဂတ်စ်ပါတဲ့ ဖျော်ရည်ယမကာ လျှော့သောက်ခြင်း၊ ဂတ်စ်ပါတဲ့ အစားအစာများ လျှော့စားခြင်းတို့က လေအလွန်လည်တာကို လျော့ပါးစေပါတယ်။

ဆေးဝါးအကူတွေ သောက်ပြီးတော့လည်း လေအလွန်လည်တာကို တားဆီးနိုင်ပါတယ်။ အချို့သော ဆေးဝါးများဟာ ဓာတ်မတည့်တဲ့ အစာတွေစားမိလို့ ဖြစ်စေတဲ့ လေရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြသပြီးမှသာ ဆေးဝါးအကူကို သောက်သုံးသင့်ပါတယ်။ 

ပြီးတော့ ပုံမှန်ထက် လေအလွန်လည်တာ လျော့ပါးအောင်…

  • အစာနည်းနည်းချင်းစီစားခြင်း 
  • အစာစားပြီး ၁၀မိနစ် ၁၅မိနစ်လောက် လမ်းလျှောက်ပေးခြင်း
  • အစာစားနေတဲ့အချိန် စိတ်အေးလက်အေးစားခြင်း တို့ လုပ်ဆောင်ပေးလို့ရပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲဆိုရင်

လေလည်တာဟာ အစာခြေစနစ်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေ ရှိလာပြီဆို ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ 

  • လေလည်တာ အရမ်းဆိုးလာတယ်
  • အစာအိမ်နာခြင်း၊ ဝမ်းချုပ် ဝမ်းလျှောဖြစ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်းတွေ ဖြစ်လာတယ်
  • သွေးအားနည်းသလို ခံစားနေရတယ်
  • ဖျားတယ်
  • အစားအသောက်ပျက်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း ဖြစ်လာတယ်
  • ဝမ်းသွားတဲ့အခါ အနံ့ပြင်းပြီး သွေးပါလာခြင်း သို့မဟုတ် ဝမ်းအရောင်ဖျော့ခြင်းတို့ ဖြစ်လာတယ်
  • အန်တယ်

လေလည်တဲ့အခါ ဒီလို လက္ခဏာတွေပါ ရှိနေပြီဆိုရင် သင့်ရဲ့ အစာအိမ်အူလမ်းကြောင်းလေး နေမကောင်းဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုအခါမှာ ဆရာဝန်နဲ့ အချိန်မီ ပြသပေးသင့်ပါတယ်။ 

အနှစ်ချုပ်ကတော့

လေလည်တာ ပုံမှန်ပါ။ အစာခြေစနစ်ထဲမှာ ဂတ်စ်တွေရှိနေရင် လေလည်ပါတယ်။ အချို့သော လူတွေမှာ ကာဗွန်ပါတဲ့ ဖျော်ရည်ယမကာတွေ သောက်သုံးခြင်း၊ မတည့်တဲ့ အစားအစာတွေ စားသုံးခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ပုံမှန်ထက်ပိုပြီး အလွန်အကျွံ လေလည်တတ်ပါတယ်။ လေလည်တာအပြင် ဗိုက်နာတာ ဝမ်းထဲသွေးပါတာတို့ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ မြန်မြန်သာပြပါလို့ အကြံပေးရင်း နိဂုံးချုပ်ပါတယ်ဗျား….။ 

ကိုးကား –
https:// www. health. com / condition/digestive-health/what-farts-say-about-your-health?

LEAVE A REPLY

Please enter your comment!
Please enter your name here