လေဖြတ်ရောဂါဟာ (၂၀၁၉) ခုနှစ် ဒေတာများအရကမ္ဘာပေါ်မှာ ဒုတိယမြောက် သေနှုန်းအမြင့်ဆုံးရောဂါ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံတွေမှာ အသက်သေဆုံးနှုန်းနဲ့ နာတာရှည်အနေနဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ကျန်ခဲ့တဲ့နှုန်း များတဲ့ရောဂါပါ။

လေဖြတ်ရောဂါကို အဓိက (၃) မျိုး ခွဲခြားနိုင်ပါတယ်။

• ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်း (Ischaemic stroke)၊

• သွေးကြောပေါက်လို့ ဦးနှောက်တွင်း သွေးခဲခြင်း (Haemorrhagic stroke) နှင့်

• ၂၄ နာရီအတွင်း ပြန်ကောင်းသွားသော လေဖြန်းခြင်း (Transient Ischaemic Attacks) ဆိုပြီး ဖြစ်ပါတယ်။

လေဖြတ်ရောဂါဟာ အဖြစ်များတဲ့ရောဂါ ဖြစ်သလို ရောဂါနဲ့ပတ်သက်တဲ့ အယူအဆမှားတွေလည်း များစွာရှိပါတယ်။

ဒီအယူအဆမှားတွေကို ပြင်ဆင်နိုင်မှသာ လေဖြတ်ရောဂါကြောင့် ကျန်းမာရေးထိခိုက်မှု နည်းပါးမှာဖြစ်ပါတယ်။ အဲဒါကြောင့် လေဖြတ်ရောဂါနဲ့ ပတ်သက်ပြီး သိကောင်းစရာများကို ဆက်ဖတ်ကြည့်ပါနော်။

(၁) လေဖြတ်ရောဂါ ဖြစ်ရခြင်းအကြောင်းအရင်းများ ရှိပြီး လေဖြတ်ရောဂါကို ကာကွယ်လို့ရပါတယ်။

ဝက်သားစားလို့၊ ရေချိုးမှားလို့၊ ပန်ကာလေခံလို့ လေဖြတ်တာ မဟုတ်ပါဘူး‌နော်။

လေဖြတ်ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းများက များသောအားဖြင့် ရှာကြည့်ရင် သိသာစွာ ရှိတတ်ပါတယ်။ သွေးတိုး‌ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အဝလွန်ခြင်း၊ နှလုံးခုန် စည်းချက်မမှန်ခြင်းတွေကြောင့် လေဖြတ်ရောဂါ ဖြစ်ရပါတယ်။ ထိုရောဂါများကို ကောင်းစွာကုသခြင်းနှင့် ကျန်းမာတဲ့လူနေမှုပုံစံကို ပြောင်းလဲခြင်းတို့ဟာ လေဖြတ်ရန် အကြောင်းအရင်းများကို လျော့ပါး အောင် ထိန်းချုပ်နိုင်ပါတယ်။

လေဖြတ်စေတဲ့ အခြားထပ်ဆောင်း အကြောင်းအရင်းများကတော့ အရက်အလွန်အကျွံသောက်ခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတို့ဖြစ်ပြီး ဒါကိုလည်း သေချာစွာ ထိန်းညှိသင့်ပါတယ်။

.

(၂) လေဖြတ်ရောဂါဟာ မျိုးရိုးလိုက်ခြင်း ရှိနိုင်ပါတယ်။

လေဖြတ်ရောဂါကို ဖြစ်စေနိုင်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့ဟာ မျိုးရိုးလိုက်တတ်ပါတယ်။ နောက်ပြီး မျိုးရိုးလိုက်တတ်တဲ့ သွေးရောဂါများကြောင့်လည်း လေဖြတ်ရောဂါ ဖြစ်စေနိုင်ပါတယ်။ မိသားစုတွေဟာ gene မျိုးရိုးဗီဇသာမက ယေဘုယျအားဖြင့် စားသောက်နေထိုင်မှုပုံစံတွေ တူညီတတ်တာမို့ သွေးတိုး၊ ဆီးချို စတဲ့ ‌စားသောက်နေထိုင်မှုနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ ရောဂါများဟာ မိသားစုဝင် တစ်ယောက်နဲ့ တစ်ယောက် တူညီတတ်ပါတယ်။ အဲဒီတော့ လေဖြတ်ရောဂါ မျိုးရိုးရှိရင် မပေါ့‌သင့်ဘဲ လေဖြတ်နိုင်တဲ့ အကြောင်းအရင်းများကို ရှာဖွေဆင်ခြင်ရပါမယ်။

.

(၃) လေဖြတ်ရောဂါ လက္ခဏာများမှာ သတိထားမိဖို့ လွယ်ကူပါတယ်။

အဖြစ်များတဲ့ လေဖြတ်ရောဂါ လက္ခဏာများကို BE FAST ဆိုပြီး မှတ်ထားနိုင်ပါတယ်။

B- Balance- လမ်းလျှောက်ရင် မျှခြေမညီဘဲ ယိုင်ခြင်း

E- Eye – ရုတ်တရက် အမြင်အာရုံ ချို့ယွင်းခြင်း

F- Face – မျက်နှာတစ်ခြမ်း ရွဲ့သွားခြင်း

A- Arm weakness – လက်/ခြေ တစ်ဖက် လေးသွားခြင်း၊ လှုပ်ရှားရခက်ခြင်း

S- Speech – စကားလုံး လေးသွားခြင်း၊ အာလေး လျှာလေးဖြစ်သွားခြင်းတို့ ရှိလာပြီဆိုရင် လေဖြတ်ရောဂါ သံသယလူနာအဖြစ် ဆေးကုသဖို့ အတွက်

T- Time to call 911 အရေးပေါ်ကို အမြန်ဆုံး ဆက်သွယ်ပို့ဆောင်ပါလို့ ဆိုလိုတာ ဖြစ်ပါတယ်။

အခြားသော လက္ခဏာများ အနေနဲ့…..

– ခန္ဓာကိုယ်တစ်ပိုင်း ထုံကျင်တာ

– မျက်စိ ရုတ်တရက် မမြင်တော့တာ၊

– ချာချာလည်အောင် မူးတာတွေလည်း ရှိနိုင်ပါတယ်။

.

(၄) လေဖြတ်ရောဂါဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

လေဖြတ်ရောဂါဟာ အသက်အရွယ်ကြီးသူတွေမှာ အဖြစ်များပေမယ့် လူငယ်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ (၂၀၁၃) ခုနှစ်မှာ တွေ့ရှိခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ အချက်အလက်များကို လေ့လာမှုများအရ လေဖြတ်ရောဂါရဲ့ ၁၅% ဟာ လူငယ်အရွယ်တွေမှာ တွေ့ရပြီး၊ လေဖြတ်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ဟာလည်း လူငယ်တွေမှာ ပိုလို့တွေ့ရှိလာတယ်လို့ ဆိုပါတယ်။ လူကြီးလူငယ် အရွယ်မရွေး ဂရုစိုက်သင့်ပါတယ်။

.

(၅) လေဖြတ်ရောဂါတိုင်းက လက္ခဏာ သိသာစွာ မပြတတ်တာလည်း ဖြစ်နိုင်ပါတယ်။

‌လေဖြတ်ရောဂါတိုင်းက လက္ခဏာတွေ မပြပါဘူး။ ဘာလက္ခဏာမှ သိသာစွာ မခံစားရဘဲ အခြားလက္ခဏာတစ်ခုခုကြောင့် MRI သံလိုက်ဓာတ်မှန်ရိုက်မှ သွေးကြောပိတ်ထားတဲ့ နေရာတွေ တွေ့နိုင်တာမျိုး ရှိပါတယ်။ လက္ခဏာမပြတဲ့ လေဖြတ်ခြင်းများဟာ နောက်တစ်ကြိမ် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေများခြင်း၊ သတိမေ့ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းများကို ပိုမိုဖြစ်စေပါတယ်။

.

(၆) လေဖြန်းခြင်း (TIA) ဟာ လေဖြတ်ခြင်းနဲ့ ကွဲပြားပါတယ်။

လေဖြန်းခြင်းဆိုတာကို လူတွေက မှားယွင်းစွာ သိကြတာ များပါတယ်။ ပုံမှန်အားဖြင့် လေဖြတ်ပြီး အိပ်ရာထဲ ‌လဲမနေဘဲ သိပ်မဆိုးတာကို လေဖြန်းတယ်လို့ လူတွေက ဆိုတတ်ပါတယ်။ အမှန်တော့ လေဖြန်းခြင်းဆိုတာ ဦးနှောက်သွေးကြောပိတ်လက္ခဏာတွေဟာ (၂၄) နာရီအတွင်း ပြန်ကောင်းသွားတာကို ဆိုလိုပါတယ်။ အချို့မှာဆိုရင် မိနစ်ပိုင်း၊ နာရီပိုင်းလောက်သာ ကြာပါတယ်။

ဒါက အမှန်တော့ သိပ်မဆိုးတာ မဟုတ်ပါဘူး။ သွေးကြော ခဏတာပိတ်သွားခြင်းဖြစ်ပြီး နောက်ထပ် ပိုကြီးတဲ့ သွေးကြောပိတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။ လေဖြတ် လေဖြန်း လက္ခဏာရှိလာရင် မပေါ့ဆဘဲ ဆေးရုံဆေးခန်းမှာ စစ်ဆေးမှု ခံယူသင့်ပါတယ်။

.

(၇) လေဖြတ်ရောဂါ လက္ခဏာများဟာ ဦးနှောက်ရဲ့ ထိခိုက်တဲ့ အစိတ်အပိုင်းပေါ် မူတည်ပါတယ်။

ဦးနှောက်သွေးကြော ပိတ်ခြင်း၊ ပေါက်ခြင်း ဖြစ်တဲ့နေရာပေါ် မူတည်ပြီး လေဖြတ်ရောဂါရဲ့ လက္ခဏာများ ဟာ ကွဲပြားပါတယ်။ ဥပမာ – ညာဖက်ဦးနှောက် မှာ လေဖြတ်မယ်ဆိုရင် ဘယ်ဖက် လက်/ခြေထောက်များ မလှုပ်နိုင်ခြင်း၊ အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဘယ်ဖက်ဦးနှောက်မှာ လေဖြတ်မယ်ဆိုရင် ညာဖက် ခြေ/လက် မလှုပ်နိုင်ခြင်း၊ စကားလေးခြင်း၊ စကားမပြောနိုင်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဦးနှောက် အငယ်မှာ လေဖြတ်မယ်ဆိုရင် မူးတာ၊ ယိုင်တာ၊ မှိန်းတာတွေ ဖြစ်နိုင်ပါတယ်။

.

(၈) လေဖြတ်ပြီး ဘယ်လောက်ကြာရင် ပြန်ကောင်းနိုင်လဲ

လေဖြတ်ရောဂါဟာ ပြန်ကောင်းဖို့ နှစ်နဲ့လနဲ့ချီပြီး ကြာနိုင်ပါတယ်။ တစ်ခါတလေ အကောင်းပကတိ ပြန်မဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ လေဖြတ်ရောဂါရဲ့ ၁၀% ကသာ လူကောင်းတစ်ယောက်လို ပြန်လည် လှုပ်ရှားနိုင်ပြီး ၂၅% ကတော့ ကြွင်းကျန်လက္ခဏာ အနည်းငယ်နဲ့ ပြန်လည်လှုပ်ရှားနိုင်တတ်ပါတယ်။ ၄၀ % ခန့်ဟာ ပုံမှန်လိုလှုပ်ရှားမှုလုပ်ဖို့ များစွာခက်ခဲသွားတတ်ပြီး ၁၀% ခန့်ကတော့ အိပ်ရာထဲ လဲနေတဲ့အထိ အခြားသူရဲ့ ပြုစုစောင့်ရှောက်မှု လိုအပ်နိုင်ပါတယ်။

လေဖြတ်ပြီးချိန်မှာ ကုသမှုခံယူတာဟာ ပြန်ကောင်းခြင်းအပေါ် များစွာ သက်ရောက်မှု ရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လေဖြတ်ရောဂါ စဖြစ်ပြီး ၂ လ မှ ၃ လခန့်ဟာ အလွန်အရေးကြီးတဲ့အချိန်ဖြစ်ပြီး ဒီအချိန်မှာ ကြွက်သားလေ့ကျင့်ခန်းများ သေချာကြပ်မတ်စွာ လုပ်ပေးခြင်းဟာ ပြန်ကောင်းနိုင်ခြေကို များစွာသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဒီအချိန်ကို ကျော်လွန်ပြီး ၆ လတာ ကာလအထိ ပြန်ကောင်းလာနိုင်ခြေရှိပေမယ့် ‌တိုးတက်မှု နှေးသွားတယ် လို့ ဆိုပါတယ်။

.

(၉) လေဖြတ်ရောဂါ ကာကွယ်ဆေး ထိုးလို့ရလား

လေဖြတ်ရောဂါကို မဖြစ်အောင် ကာကွယ်ဆေးရယ် မရှိပါဘူး။ လေဖြတ်ရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းများကို လျှော့ချမှသာ ကာကွယ်နိုင်ပါတယ်။ အဲဒါတွေကတော့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ်များနေမှုကို ကုသခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်ခြင်းတွေ ပါပါမယ်။

တစ်ခါလေဖြတ်ဖူးတဲ့သူတွေမှာ သွေးကျဲဆေးကို ပုံမှန်သောက်သုံးခြင်းဟာလည်း နောက်တစ်ကြိမ် လေဖြတ်ခြင်းကို (၂၂%) အထိ လျှော့ချပေးနိုင်ပါတယ်။

နှလုံးခုန်စည်းချက်မမှန်ခြင်း (Atrial fibrillation) ရှိတဲ့သူများဟာ နှလုံးမှာ သွေးခဲခြင်းဖြစ်နိုင်ပြီး သွေးခဲပြုတ်ထွက်ရင် ဦးနှောက်သွေးကြောမှာ သွားပိတ်ပြီး လေဖြတ်နိုင်ခြေ အလွန်များပါတယ်။ ဒီလိုလူနာများမှာ လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သွေးမခဲအောင် သွေးကျဲဆေး (Anticoagulants) ပုံမှန်သောက်ခြင်းဟာ လေဖြတ်ရောဂါကို ၆၄% အထိ ‌ကာကွယ်နိုင်ပါတယ်။

မိမိရဲ့ သွေးကြောနဲ့ ဇီဝဗေဒဆိုင်ရာရောဂါများကို ပုံမှန် ထိန်းသိမ်းကုသခြင်းဟာ လေဖြတ်ရောဂါကို ကာကွယ်တာပါပဲ။

.

(၁၀) လေဖြတ်ရောဂါ ကုသခြင်း

လေဖြတ်လက္ခဏာတွေ ပေါ်ပေါ်ခြင်း ဆေးရုံကို မြန်မြန်သွားပါ။ သွေးကြောပိတ်လေဖြတ်ခြင်းဆိုရင် လေဖြတ်ရောဂါဖြစ်ပြီး ၄~၅ နာရီအတွင်း သွေးကြောပြန်ပွင့်အောင် သွေးကျဲဆေးထိုးပြီး သွေးကြောဖွင့်လို့ရပါတယ်။ သွေးကျဲဆေး ထိုးမရ/မထိုးသင့်တဲ့ အခြေအနေများမှာဆိုရင်တော့ သွေးကျဲဆေး သောက်ဆေးပေးခြင်း၊ လူနာရဲ့ လေဖြတ်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများကို ရှာဖွေကုသခြင်းများ ကို အရေးပေါ်အနေနဲ့ လုပ်ရပါတယ်။ မလှုပ်ရှားနိုင်တဲ့ ကြွက်သားများအတွက် လေ့ကျင့်ခန်းများလုပ်ရန် လိုပါတယ်။

သွေးကြောပေါက်ခြင်းဆိုရင်တော့ သွေးပေါင်ချိန်များနေရင် ထိန်းခြင်း၊ ဦးနှောက်ဖိအား ထိန်းခြင်း၊ လိုအပ်ရင် သွေးခဲကိုခွဲထုတ်ရခြင်းတွေ အရေးပေါ်လုပ်ရပြီး နောက်ပိုင်းမှာ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ထပ်မံပြီး လေဖြတ်ရောဂါမဖြစ်အောင် မိမိရဲ့ လေဖြတ်ရောဂါဖြစ်စေတေဲ့ အကြောင်းအရင်းများ ဖြစ်တဲ့ သွေး‌တိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီများခြင်းတွေနဲ့ အခြား ဆက်စပ်ရောဂါများကို သေချာစွာ ကုသရန် လိုအပ်ပါတယ်။

.

ဒီလောက်ဆိုရင် လေဖြတ်ရောဂါအကြောင်း သိကြပြီ ထင်ပါတယ်နော်….။

အထူးကုသမားတော်တစ်ဦး

Telekyanmar

Reference: 📚

OHCM 11th edition

Medical myths all about stroke

www. medicalnewstoday. com

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here