ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ဖြစ်လာရင်တော့ ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ လက်တွေ့ဘဝကို အနှောင့်အယှက်ပေးတဲ့၊ ထိခိုက်နိုင်တဲ့ ရောဂါတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ချောက်ချားတာ၊ အတွေးအခေါ်တွေက အလွန်အမင်းကို ဗြောက်သောက်ဖြစ်နေတာနဲ့ မူမမှန်တဲ့ပြဿနာတွေ ပါဝင်ပါတယ်။

ပုံမှန်အားဖြင့် ကလေးသူငယ် စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါဟာ လူကြီးတွေမှာဖြစ်တဲ့ စိတ်ကစဥ့်ကလျားဖြစ်တာနဲ့ အတူတူပါပဲ။ ကလေးသူငယ်တွေမှာတော့ ဆယ်ကျော်သက်အရွယ်တွေမှာ စဖြစ်တတ်ပြီး ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ အပြုအမူတွေမှာ ကြီးမားတဲ့ မူမမှန်မှုတွေ သက်ရောက်နေပါတယ်။ အထူးသဖြင့် အသက် ၁၅ နှစ် ပတ်လည်ခန့်မှာ ရောဂါလက္ခဏာ စပေါ်တတ်ပြီး ကနဦးရောဂါလက္ခဏာတွေဟာ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ စိတ်အားငယ် စိတ်ဓာတ်ကျတဲ့လက္ခဏာတွေနဲ့ အလွန်ဆင်တူတတ်ပါတယ်။

ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ ‌‌စောစောစီးစီး ရောဂါရှာတွေ့နိုင်ဖို့တော့ နည်းနည်း ခက်ခဲပါတယ်။ ရပ်ရွာဓလေ့ထုံးစံတွေအရ အပမီတယ်၊ စုန်းပြုစားခံရတယ်၊ အောက်လမ်းအတတ်၊ ပယောဂအတတ်နဲ့ နှောင့်ယှက်ခံရတယ်လို့ အထင်မှားလေ့ရှိကြတာကြောင့် ကနဦးရောဂါလက္ခဏာပြချိန်မှာ ကလေးအများစုဟာ ဆေးကုသမှုခံယူနိုင်ခြင်း မရှိခဲ့ကြပါဘူး။ ကနဦးလက္ခဏာစုတွေဟာ အချို့ကလေးတွေမှာ ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားလေ့ရှိသလို အချို့မှာတော့ ပိုမိုပြင်းထန်ဆိုးရွားလာတတ်ပါတယ်။

ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါရဲ့ ကနဦးလက္ခဏာတွေကတော့…

  • စဥ်းစားတဲ့၊ တွေးခေါ်မြော်မြင်တဲ့အပိုင်းတွေ ချို့တဲ့တာ
    (ဥပမာ သူက အခြားကမ္ဘာက ရောက်လာတဲ့သူလို့ ယုံကြည်နေတာ။ သူ့ကို လူတွေက အမြဲစောင့်ကြည့်ပြီး စုံစမ်းထောက်လှမ်းနေတယ်လို့ ခံစားရတာ။ သူ့အတွေးတွေကို အခြားအဖွဲ့အစည်းတစ်ခုခုက ခေါင်းထဲလာထည့်ထားတယ် ဒါမှမဟုတ် သူ့ကိုယ်ပိုင်အတွေးတွေကို တစ်ယောက်ယောက်က ဖျက်ဆီး၊ ခိုးယူ၊ ဖျောက်ဖျက်ပစ်လိုက်သလို ဘာကိုမှ စဉ်းစားလို့မရဖြစ်နေတတ်တာ၊ အတွေးတွေက ယုတ္တိမတန်ဘဲ ထပ်ခါတလဲလဲ တွေးနေတတ်တာ)
  • အတွေးအခေါ်တွေ အပြောအဆိုတွေက တောင်စဉ်ရေမရ ‌ဗြောက်သောက်ဖြစ်နေတာ
    (ခေါင်းထဲမှာ အတွေးတွေ များပြားရှုပ်ထွေးလွန်းတာကြောင့် အကြောင်းအရာတစ်မျိုးတည်းကို အာရုံစိုက်လို့မရဘဲ ရောထွေးပြောဆိုနေရတာကြောင့် သူပြောနေတဲ့စကားတွေကို ဘေးလူတွေက အဓိပ္ပါယ်ဖော်မရ နားမလည်နိုင်ဘဲ ဖြစ်တတ်တာ)
  • အတွေးစိတ်ကူးတွေက လက်တွေ့ဘဝနဲ့ သိသိသာသာကွဲလွဲလာတတ်ပြီး ပတ်ဝန်းကျင်ရှိသူတွေနဲ့ အတိုက်အခံဖြစ်လာတတ်ပါတယ်။ ဒီအခါ တချို့ကလေးတွေဟာ ဒေါသကြီးလာ၊ ကြမ်းတမ်းလာ၊ ရန်လိုလာတတ်ပြီး တချို့မှာ သူ့ကိုယ်သူ အံ့ဩထူးဆန်းလာပြီး ရုတ်တရက် ထိတ်လန့်ကြောက်လန့်လာတတ်ပါတယ်။
  • စိတ်ကူးယဥ်တာနဲ့ လက်တွေ့ဘဝကို ရောထွေးနေတာ
  • မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်နဲ့ ခပ်ခွာခွာနေတာ
    (သူ့အတွေး၊ အပြောအဆို၊ ပြုမူနေထိုင်မှုဟာ ပတ်ဝန်းကျင်နဲ့မတူညီတဲ့အခါ အခြားသူတွေကို သံသယဝင်လာပြီး ခပ်ခွာခွာ ရှောင်ဖယ်ဖယ် လုပ်လာတတ်ပါတယ်)
  • သူ့နားအကြားအာရုံမှာ အပြင်မှာတကယ်မရှိတဲ့ စကားသံတွေ ကြားလာရတတ်ပြီး ဒီစကားသံတွေရဲ့လွမ်းမိုးမှုကြောင့် တုံ့ပြန်ပြောဆိုခြင်း၊ ငြင်းခုံခြင်း၊ ဒေါသထွက်ခြင်း၊ ရယ်မောခြင်း၊ ကြောက်ရွံ့ခြင်း၊ ချီတုံချတုံဖြစ်ခြင်းများ ဖြစ်လာတတ်ပါတယ်။
  • အိပ်မပျော်တာ
  • ကြိုးစားလိုစိတ်မရှိတာ
    (သူ့အတွေးတွေနဲ့သာ အချိန်ကုန်နေပြီး နေ့စဉ်လုပ်နေကျအလုပ်တွေကို လုပ်ကိုင်နိုင်ခြင်းမရှိတော့တာကြောင့် ဘေးလူအမြင်မှာ ပျင်းတယ်လို့ အထင်ခံရပါတယ်)
  • နေ့စဥ်လုပ်ငန်းဆောင်တာအလုပ်တွေနဲ့ မထိတွေ့နိုင်တာ
  • အပြုအမူတွေ အစီအစဥ်မကျ ဗြောက်သောက်ဖြစ်နေတာ
    (ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာတတ်ပါတယ်။ ဥပမာ အမှိုက်တွေကို အဖိုးတန်ပစ္စည်းလိုမျိုး စုဆောင်းခြင်း၊ ရေမချိုး သန်းရှင်းရေးမလုပ်ဘဲ ရက်ပေါင်းများစွာ ညစ်ပတ်စွာနေထိုင်ခြင်း၊ အသန့်လွန်ခြင်း၊ ရေအကြာကြီးချိုးခြင်း၊ လက်အကြာကြီးဆေးခြင်း၊ နေပူကြီးထဲ မလှုပ်မယှက်နာရီပေါင်းများစွာရပ်နေခြင်း စသဖြင့်)
  • ဒေါသကြီးတာ၊ ရန်လိုတာ
  • မူးယစ်ဆေးစွဲတာ
  • စိတ်ဆတ်တာ သို့မဟုတ် စိတ်ဓာတ်ကျတာ
  • ခံစားချက်မဲ့တာ သို့မဟုတ် အခြေအနေနဲ့ကိုက်ညီတဲ့ ခံစားချက်မရှိတာ
  • စိတ်လှုပ်ရှားတာ၊ ကြောက်ရွံ့တာ
  • သူများကို အလွန်အမင်း သံသယဝင်တာ အစရှိတဲ့ လက္ခဏာတွေကို ကနဦးအနေနဲ့ ခံစားရနိုင်ပါတယ်။
    .

နောက်ပိုင်းကြာလာရင်တော့

  • စိတ်ချောက်ချားတာ၊ ထင်ယောင်ထင်မှားဖြစ်တာ (ဥပမာ – မိမိကိုယ်ကိုယ် အန္တရာယ်ထဲရောက်နေပြီ၊ ခြိမ်းခြောက်ခံနေရတယ်လို့ ထင်မှားတာတွေ)
  • အတွေးအခေါ် အပြုအမူ ဗြောက်သောက်ဖြစ်နေတာတွေ (ဥပမာ – စကားပြောတဲ့အခါ အမေးတစ်မျိုး အဖြေတစ်မျိုးဖြစ်နေတာတွေ၊ စကားပြောနှေးတာ၊ စကားတစ်စုကို ထပ်ခါတလဲလဲပြောနေတာ)
  • တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတာ၊ ခံစားချက်ကင်းမဲ့တာ (ဥပမာ – စကားပြောတဲ့အခါ မျက်လုံးချင်းမဆုံတာ၊ မျက်နှာအမူအရာ မပြောင်းလဲတာ၊ လေသံ tone တစ်မျိုးတည်းနဲ့ စကားပြောတာ၊ ကိုယ်အမူအရာ ဖော်ပြမှုမရှိတာတွေ)
  • အာရုံမစူးစိုက်နိုင်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။


လူကြီးတွေထက်စာရင်တော့ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်တတ်တဲ့ စိတ်ကစဥ့်ကလျားမှာဆိုရင် ယုံမှားသံသယဝင်တာထက် အမြင်နဲ့ ထင်ယောင်ထင်မှား ပိုဖြစ်တတ်လေ့ရှိပါတယ်။

စိတ်ကစဥ့်ကလျားဖြစ်တတ်သူတွေဟာ မိမိကိုယ်ကိုယ်သေကြောင်းကြံတာလည်း ဖြစ်နိုင်တဲ့အတွက်ကြောင့် မိမိရဲ့ကလေးတွေမှာ သေကြောင်းကြံစည်ဖို့ အရိပ်လက္ခဏာတွေ တွေ့ပြီဆိုရင် အတတ်နိုင်ဆုံး သူ့အနားမှာ အမြဲတမ်းရှိပေးနိုင်ဖို့ ကြိုးစားပါ။

ဘာကြောင့် ကလေးသူငယ်တွေမှာ စိတ်ကစဥ့်ကလျားဖြစ်ရလဲဆိုတာ အတိအကျမပြောနိုင်ပေမယ့် မျိုးဗီဇကြောင့် ဒါမှမဟုတ်ရင် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတို့ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါ့အပြင်…

  • မိမိရဲ့မိသားစုထဲမှာ စိတ်ကစဥ့်ကလျားရောဂါဖြစ်ဖူးသူရှိတယ်ဆိုရင်
  • ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် ကလေးမီးဖွားချိန်မှာ ဗိုင်းရပ်စ် ဒါမှမဟုတ် အာဟာရမလုံလောက်မှုတို့ကြောင့် ကလေးမှာ ဦးနှောက်ထိခိုက်တဲ့အခါ
  • ဆယ်ကျော်သက်အရွယ်တွေမှာ စိတ်ကြွဆေးသုံးတဲ့အခါ…. အစရှိတဲ့အခြေအနေမျိုးတွေမှာ စိတ်ကစဥ့်ကလျားရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။


နောက်မကျခင်မှာ ထိထိရောက်ရောက် ကုသနိုင်ခဲ့မှုမရှိရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့…

  • သေကြောင်းကြံစည်တာ၊ သေကြောင်းကြံစည်ဖို့ ကြိုးစားတာ
  • မိမိကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တာ
  • စိတ်လှုပ်ရှားလွန်တာ၊ OCD ရောဂါဖြစ်လာတာ၊ စိတ်ဓာတ်ကျတာ
  • အရက်နာကျတာ၊ တခြားမူးယစ်ဆေးစွဲတာ
  • မိသားစုနဲ့ ဆက်ဆံရေးအဆင်မပြေတော့တာ
  • တစ်ယောက်တည်း မရပ်တည်နိုင်တာ၊ အလုပ်တွေ၊ ကျောင်းတွေပျက်ကွက်တာ
  • တစ်ယောက်တည်းပဲ သီးသန့်နေတာ
  • တခြားကျန်းမာရေးပြဿနာတွေ ခံစားရတာ
  • မိမိကိုယ်ကိုယ် နစ်နာသူလို့ ခံစားတာ
  • တခြားသော တရားဥပဒေပြဿနာနဲ့ ငွေရေးကြေးရေးပြဿနာတွေ ခံစားရလာနိုင်ပါတယ်။

ဒါကြောင့် မိမိရဲ့ကလေးသူငယ်၊ သားသားမီးမီးတွေမှာ ဒီလိုလက္ခဏာတွေ ခံစားရပြီဆိုရင် မပေါ့ဆဘဲ တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးဆရာဝန်ကြီးများနဲ့တိုင်ပင်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး အချိန်မီ ကုသမှုခံယူသင့်ပါတယ်။

ရောဂါလက္ခဏာ စပြချိန်ကို စောစောစီးစီးသတိထားမိပြီး မြန်မြန်ဆန်ဆန် ကုသမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။ ဆေးကုသမှုခံယူဖို့လည်း လိုအပ်သလို မိသားစုဆွေမျိုးသားချင်းတွေရဲ့ ပြုစုစောင့်ရှောက်မှုကလည်း အရေးကြီးတဲ့ကဏ္ဍအဖြစ် ပါဝင်နေပါတယ်။ ကုသမှုခံယူနေစဥ်အတွင်း…

  • ဆရာဝန်ညွှန်ကြားတဲ့အချိန်ဇယားအတိုင်း ဆေးကို စနစ်တကျတိုက်ပါ။
  • ရက်ချိန်း Follow up ပုံမှန်ပြပါ။
  • လက္ခဏာတွေ သက်သာလာလား ပိုဆိုးလာလား ဂရုတစိုက်စောင့်ကြည့်ပေးပါ။ လျစ်လျူမရှုပါနဲ့။
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးပြီး အာဟာရမျှတအောင် ကျွေးပါ။
  • ကလေးရဲ့ ဆရာ၊ဆရာမတွေနဲ့လည်း ပုံမှန်ဆက်သွယ်ပြီး ကလေးရဲ့တိုးတက်မှုအတွက် အတူတကွလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
  • အရက်သေစာ၊ မူးယစ်ဆေးဖြတ်ဖို့လည်း လိုအပ်ပါတယ်…။

References – 📖

https : // www .mayoclinic .org /diseases-conditions /childhood-schizophrenia /symptoms-causes /syc-20354483

https: // www .mayoclinic . org /diseases-conditions /childhood-schizophrenia /diagnosis-treatment /drc-20354489

https : // my . clevelandclinic . org /health /diseases /21067-childhood-schizophrenia

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here