ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဖြင့် နှလုံး၊ အဆုတ်၊ အရိုးနဲ့ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေတယ်ဆိုတာ အများသိကြပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရွယ်ရောက်သူတိုင်း အလယ်အလတ်ပြင်းထန်မှုရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး (နှလုံးခုန်မြန်ပြီး ချွေးထွက်တဲ့အထိ အမြန်လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်းမျိုး) ရက်သတ္တပတ်တစ်ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

အသက် ၁၈ နှစ်အောက် လူငယ်တွေကတော့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု (ပြေးလွှား၊ အားကစား၊ စက်ဘီးစီး၊ ရေကူး စသည်) တနေ့လျှင် အနည်းဆုံးတစ်နာရီ လုပ်သင့်တာပါ။ 

ဦးနှောက်နဲ့ အာရုံကြောပညာရှင်တွေကတော့ သင်ဘာပဲလုပ်လုပ်၊ ဘယ်လောက်ပဲလုပ်လုပ် လုပ်သမျှကိုယ်လက်လှုပ်ရှားမှုက ဦးနှောက်ကျန်းမာရေးကို အားပေးတယ်လို့ ဆိုပါတယ်။ 

အထူးသဖြင့် မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်စေပါတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း၊ သင်ယူနိုင်စွမ်း၊ စိတ်ခံစားမှုအပိုင်းမှာ မျှတစေမှု စသည်တို့ကို ပိုမိုကောင်းမွန်စေပြီး စိတ်ပူပန်မှုနဲ့ စိတ်ကျခြင်းတို့ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

ကိုယ်လက်လှုပ်ရှားမှုကြောင့် ဦးနှောက်သို့သွေးလှည့်ပတ်မှု ပိုကောင်းပြီး စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ ဟော်မုန်းတွေလည်း လျော့နည်းစေပါတယ်။ 

သုတေသန တွေ့ရှိချက်တွေအရ ကိုယ်လက်လှုပ်ရှားမှုကြောင့် မှတ်ဉာဏ်အတွက် အဓိကအစိတ်အပိုင်းဖြစ်တဲ့ hippocampus အပိုင်းမှာ သိသိသာသာ တိုးတက်ပြောင်းလဲပါတယ်။ 

ဦးနှောက်ရဲ့ အာရုံကြောတွေအချင်းချင်း ဆက်သွယ်ပေးတဲ့ neuroplasticity ကို တိုးပွားစေတယ်။ Cerebral cortex ဆိုတဲ့ ဦးနှောက်အပြင်လွှာလည်း ပိုထူလာပါတယ်။ တစ်နည်းအားဖြင့် အာရုံကြောတွေအချင်းချင်းကြား အဆက်သွယ်တွေ အရင်ကထက်တိုးပွားလာပြီး သင်ယူနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း တိုးတက်လာပါတယ်။ 

ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်သူတွေရဲ့ ဦးနှောက်ကို တိုင်းကြည့်ရင် အရင်ကထက် နည်းနည်းပိုကြီးလာတာကို တွေ့ရတယ်ဆိုပါတယ်။ 

ဒီတော့ အသက်ကြီးလာလို့ ဦးနှောက်ကျုံ့လာပြီး အဲဒီ အာရုံကြောတွေကြား အဆက်သွယ်တွေ တဖြည်းဖြည်းလျော့ကျလာတဲ့အခါ ကိုယ်လက်လှုပ်ရှားမှန်မှန်လုပ်ပြီး အာရုံကြောဆဲလ်တွေအကြား အဆက်သွယ်များစေခြင်းဖြင့် သိသိသာသာ အဆက်သွယ်ပြတ်သွားတဲ့အထိ လျော့သွား၊ ကုန်သွားဖို့ အချိန်ကို ပိုကြာစေပါတယ်။ 

ဒါကြောင့် အယ်ဇိုင်းမားလို မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါဖြစ်နိုင်ခြေကို ၃၁% အထိ လျှော့ချပေးနိုင်ပါတယ်။ 

ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေမှာ ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်သူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်တာ နှစ်ဆကျော် ပိုများပါတယ်။ 

မကြာမီကတွေ့ရှိချက်အရ ကမ္ဘ့ာကျန်းမာရေးအဖွဲ့ကြီး အကြံပြုထားသလောက် ကိုယ်လက်လှုပ်ရှား မလုပ်နိုင်တောင်၊ နေ့စဉ် သိပ်မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်နာရီလုပ် (သို့) ခြေလှမ်း ၇၅၀၀ ပြည့်အောင်လျှောက်ပေးခြင်းဖြင့်  ဦးနှာက်ထဲမှာ ဆက်သွယ်မှုတွေတိုးကာ ဦးနှောက်ပမာဏ ကြီးထွားလာလို့ ဦးနှောက် အသက်ကြီးလာခြင်းကို ၁.၄ နှစ်ကနေ ၂.၂ နှစ်အထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ 

အသက်ကြီးသူများပင်ဖြစ်စေ ဘယ်အချိန်မှာစပြီးလုပ်လုပ်၊ ကိုယ်လက်လှုပ်ရှား ပုံမှန်စလုပ်တာနဲ့ ဦးနှောက် ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး မှတ်ဉာဏ်ပိုကောင်း၊ အတွေအခေါ်ပိုကောင်းနိုင်သလို  သူငယ်ပြန်တာ၊ မှတ်ဉာဏ်လျော့ကျတာ စပြီးဖြစ်နေရင်တောင် ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်တဲ့အခါ အဲဒီလိုဖြစ်နေတာကို နှေးကွေးစေပါတယ်။ 

တစ်ခါတလေ တီဗီကြည့်ရင်း ကြော်ငြာဝင်ချိန် ထိုင်ထ လုပ်ပေးခြင်း၊ နေရာမရွေးဘဲ ဘယ်ညာချိန်မှတ် (ဒူးမြှောက်လက်လွှဲ) လုပ်ပေးခြင်းမျိုးကလည်း အထောက်အကူဖြစ်ပါတယ်။ 

အကောင်းဆုံးကတော့ အထက်မှာဖေါ်ပြခဲ့သလို နှလုံးခုန်မြန်ပြီး ချွေးထွက်လာတဲ့အထိ အလယ်အလတ်ပြင်းထန်တဲ့ လှုပ်ရှားမှုမျိုး တစ်နေ့နာရီဝက်နဲ့ တစ်ပတ်မှာ ၅ ရက်အနည်းဆုံး (တစ်ပတ်လျှင် မိနစ် ၁၅၀ အနည်းဆုံး) လုပ်ပေးခြင်းဖြင့် ဦးနှောက်အပါအဝင် ကိုယ်အင်္ဂါအားလုံးရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ 

ကိုးကား (Ref)
How Exercise Protects Your Brain’s Health (clevelandclinic. org)

https:// www. cdc. gov /physical-activity/features/boost-brain-health.html#:~:text=Physical%20activity%20can%20help%20you,of%20cognitive%20decline%2C%20including%20dementia

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here