ဒေါက်တာ Harry နှင့် Hemopneumothorax

0
276

Hello

ကျွန်တော် Dr Harry ပါ

ဒီတလော လူနာအရမ်းများပြီး ရှုပ်နေတာနဲ့ စာမရေးဖြစ်တာ တော်တော်လေး ကြာသွားတယ်။

ပုံမှန် တစ်လ တစ်ကြိမ်လောက် ကြိုးစားပြီးရေးပေမယ့် ပြီးခဲ့တဲ့လက ပြဿနာတွေများလွန်းလို့ စိတ်ရောလူရော အရမ်းပင်ပန်းပြီး စာရေးတဲ့ဘက်ကို ဘယ်လိုမှ အာရုံမစိုက်နိုင်တာနဲ့ စာမူလာတောင်းတာကို အသာလေး မသိချင်ယောင် ဆောင်ထားလိုက်မိသွားတယ်????

ဆေးခန်းက ပြင်ပလူနာ တစ်ရက်ကို ၆၀ ကနေ ၁၀၀ လောက်နဲ့ တစ်ပတ်မှာ ၆ ရက်ကြည့်ပါတယ်။ အရေးပေါ်တွေ၊ မွေးလူနာတွေကတော့ ၂၄ နာရီ ၇ ရက်လုံး လာချင်သလို လာကြပါတယ်။

အဲ့ဒီတော့ Sunday တစ်ရက်ဟာ ကျွန်တော်အတွက် နားရက်ပေါ့လေ။ နားရက်ဆိုလို့ အေးဆေးနားနေရတယ်တော့ မထင်ပါနဲ့… မနက်နိုးတာနဲ့ ကော်ဖီတစ်ခွက်သောက်ပြီး ဆေးခန်းမှာတင်ထားတဲ့ အတွင်းလူနာတွေ၊ မွေးကင်းစကလေးတွေကို round ရပါတယ်။ ပြီးရင်တော့ ခဏနားပြီး အနားကရွာမှာ တစ်ပတ်စာ လိုအပ်တဲ့ပစ္စည်းတွေ ထွက်ဝယ်ပါတယ်။ မီးစက်ဆီ၊ ကားဆီ၊ အစားအသောက်၊ မီးဖိုချောင်သုံးပစ္စည်းတွေဘာတွေ အစုံပါပဲ။

ပြန်ရောက်ပြီဆို ခဏနားပြီး တစ်ပတ်စာ စုထားတဲ့ အဝတ်တွေကို ချောင်းမှာသွားလျှော်ပါတယ်။ မိုးတွင်းဆေးခန်းမှာ ရေပေါပြီဆိုပေမယ့် ချောင်းရေထဲမှာ စိမ်ပြီးလျှော်ရတာ လွယ်လို့ပါ။

ပြီးရင်တော့ ညစာကို ထမင်းဖိတ်ကျွေးတဲ့ အိမ်ရှိရင် သွားစားရပါတယ် ????

ပုံမှန်ဆို အဲ့လိုနဲ့ပဲ Sunday တစ်ရက်လုံး ဘယ်လိုကုန်မှန်းမသိပဲ ပြီးသွားတာပါပဲ။ ဒါပေမယ့် အဲ့လို Sunday တွေက ရှားပါတယ်…

အရေးပေါ်တွေ၊ မွေးလူနာတွေက တစ်ခုမဟုတ်တစ်ခု အမြဲရှိနေတတ်လို့ပါ။ အဲ့လိုမနားရတဲ့ Sunday တွေကို ကျွန်တော်က $ကျိုးနည်း တနင်္ဂနွေလို့ ခေါ်လေ့ရှိပါတယ် ????

စာတွေရှည်နေပြီး အဓိကပြောချင်တာက Sunday တစ်ရက်ဟာ ကျွန်တော်အတွက် အရမ်းတန်ဖိုးရှိတယ်ဆိုတာပါပဲ။

ပြီးခဲ့တဲ့ Sunday က တော့ ညနေ ၄ နာရီ အရေးပေါ် လူနာတစ်ယောက် မရောက်လာခင်အထိ ပုံမှန်လိုပါပဲ။

လူနာက အသက် ၅၀ ဝန်းကျင်အမျိုးသားပါ။ ဆေးခန်းရှေ့ကော်ရစ်ဒါမှာ လူနာတင်ကားက ခုတင်နဲ့ မှောက်ခုံကြီးရှိနေပြီး ကျောပေါ်မှာ သွေးတွေရွှဲနေတဲ့ အဝတ်တစ်ခုနဲ့ ဖိထားပါတယ်။

သွေးပေါင်က ပုံမှန်ရှိနေပြီး လူကတော့ အနည်းငယ်ဖြူဖျော့နေပါတယ်… အောက်စီဂျင်ပမာဏကလည်း 93% အထိကျနေပါတယ်။

ဒဏ်ရာကိုဖွင့်ကြည့်တော့ ကျောပြင်အပေါ်ပိုင်းမှာ တစ်ပေနီးပါးလောက်ရှိတဲ့ ပြတ်ရှဒဏ်ရာကြီးရှိနေပြီး သွေးတွေက ပန်းထွက်နေပါတယ်။ သွေးအရမ်းထွက်ပြီး သွေးခဲတွေနဲ့ပြည့်နေတာကြောင့် ဒဏ်ရာအနက်ကိုတော့ မစမ်းနိုင်ပါဘူး။

ဒူးရင်းပင်ပေါ်တက်ခူးရင်း အပေါ် က ဒူးရင်းသီးခူးတဲ့ တံစဉ်းလိုဟာက ပြုတ်ကျလာပြီး ကျောကုန်းတစ်လျှောက် ထိုးခွဲလိုက်သလို ဒဏ်ရာကြီးရသွားတာလို့ပြောပါတယ်။

အဲ့ဒါနဲ့ ဒဏ်ရာကို ဂွမ်းတွေပတ်တီးတွေနဲ့ အသာလေး ပြန်ဖိထားပြီး လူနာကိုအသေးစိတ် ပြန်စမ်းသပ်ရပါတယ်။

ဘယ်ဘက်ရင်ဘတ် ဘေးဘက်အရေပြားအောက်မှာ လေခိုသလို ဗြုတ်စိဗြုတ်စိနဲ့စမ်းမိပြီး အဆုတ်ကို နားထောင်တော့ ဘယ်ဘက်မှာ အသံမကြားရတော့ပါဘူး။ အောက်စီဂျင်ကျတာနဲ့ဆိုတော့ နောက်ကျောက ဒဏ်ရာက အဆုတ်အထိ တောက်လျှောက်ပေါက်သွား ပြီး အဆုတ်အတွင်းမှာ လေရောသွေးရော ယိုနေတဲ့ hemopneumothorax လို့ ခန့်မှန်းမိပါတယ်။ Ultrasound နဲ့ ထောက်ကြည့်လိုက်တော့ ကိုယ်ထင်တာ ပိုသေချာသွားပါတယ်။

သွေးထွက်များပြီး ဒဏ်ရာကြီးက အရမ်းကြီးတာတစ်ကြောင်း၊ ဒီမှာ ပစ္စည်းအင်အား လူအင်အားမပြည့်စုံ တာကတစ်ကြောင်းဆိုတော့ မြို့ကိုအမြန်သွားဖို့ ရှင်းပြပါတယ်။

လူနာစောင့်ရော လိုက်ပို့တဲ့အဖွဲ့ကရော ကိုယ်ကို တစ်ခွန်းပဲ ပြန်ပြောပါတယ်….

“ ဒီအချိန်မြို့သွားရင်တော့ သေမှာပဲတဲ့ ????”

အဲ့တော့ ကိုယ့်မှာ ရွေးချယ်စရာ မရှိတော့ဘူး….

တကယ်တော့ လွှဲမယ်သာပြောတာ၊ သွေးတွေကလည်းအရမ်းထွက်နေပြီး အဆုတ်ထဲမှာ သွေးတွေလေတွေယိုနေတော့ ဒီအတိုင်းကြီးလွှဲလိုက်ရင်လည်း မြို့အထိရောက်ပါ့မလားက ရှိသေးတယ်။

မတတ်နိုင်ဘူး၊ ဒီမှာပဲ လုပ်ကြမယ်ဆိုပြီး လူနာကိုလည်း အခြေအနေသေချာရှင်းပြ၊ ကိုယ့်အဖွဲ့တွေကိုလည်း လိုအပ်တာတွေပြင်ဖို့ စီစဉ်ရတယ်။

ဒီအခြေအနေမှာ ပထမဆုံးလုပ်ရမှာကတော့ အဆုတ်ထဲ ပိုက်ထည့်ရမှာပါပဲ… အဆုတ်ထဲမှာ သွေးရောလေရော ထွက်နေတော့ အရမ်းများလာရင် သေမှာပါ။

အဲ့တော့ လူနာစမ်းတဲ့ခုတင်မှာပဲ အရေးပေါ်ပိုက်ထည့်ဖို့လုပ်ရတယ်။ ကိုယ့်အဖွဲ့ကလည်း ဒါမျိုးအတွေ့အကြုံ မရှိသေးတော့ သူတို့လည်းသင်ရင်း ကိုယ်တိုင်လိုအပ်တာတွေကို ပြင်ရတယ်။

ထုံဆေးနဲ့ ဘယ်ဘက်ရင်အုံဘေးကနေ ပိုက်ထည့်လိုက်ပြီးတော့ သွေးနဲ့လေတွေထွက်လာပြီး လူနာက အသက်ရှူရတာအဆင်ပြေသွားပါတယ်။ နောက်ကျောက ဒဏ်ရာကတော့ ပတ်တီးတွေနဲ့ဖိပြီး စည်းထားပေမယ့် သွေးကထွက်နေတုန်းပါပဲ။ ပိုက်ထည့်ပြီးတော့ အချိန်က ၆ နာရီဝန်းကျင်ရှိနေပြီ။

ဒဏ်ရာကို ခွဲခန်းထဲမှာ သွေးတိတ်အောင်လုပ်ပြီး ပြန်ချုပ်ဖို့ လိုအပ်တာတွေ ပြင်ရပါတယ်။ ခွဲခန်းဆိုပေမယ့် ကိုယ့်ဆေးခန်းမှာက ခွဲခန်းအစစ်မရှိပါဘူး… မွေးခန်းကိုပဲ တတ်နိုင်သလောက် ပိုးသတ်ပြီး သုံးရပါတယ်။

သွေးလှူရှင်တစ်ယောက် ရှာရပါတယ်။ တခြားကလည်း ရှာရခက်တာနဲ့ အချိန်မရတာနဲ့ ကိုယ့်ဝန်ထမ်းထဲက ကလေးတစ်ယောက်က လှူမယ်ဆိုတော့ သွေးတစ်လုံးအဆင်ပြေသွားပါတယ်။ ထပ်လိုရင်တော့ နောက်မှပဲထပ်ရှာတော့မယ်ဆိုပြီး ခွဲခန်းဝင်ဖို့ ပြင်ရပါတယ်။

အခန်းကို ဆေးရည်တွေနဲ့ သန့်ရှင်းရေးတစ်ခေါက်လုပ်၊ UV မီးချောင်ထွန်း၊ လိုအပ်တဲ့ ခွဲစိတ်ပစ္စည်းတွေကို ပေါင်းအိုးနဲ့ပိုးသတ်တာတွေ လုပ်ပါတယ်။ အဲ့လိုပြင်နေတုန်းမှာပဲ မွေးလူနာတစ်ယောက် ရောက်လာပါတယ်။ စမ်းကြည့်တော့ မွေးဖို့လိုသေးတာနဲ့ ဟိုလူနာခွဲခန်းဝင်ပြီးမှ သူ့ကိုမွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကြားမှာရေမွှာလည်း မဖောက်သေးဘဲ ခဏထားလိုက်တယ်။ သုံးယောက်မြောက်ဗိုက်ဆိုတော့ မြန်ချင်လည်းမြန်နိုင်တာမို့ ခွဲခန်းဝင်နေတုန်း မွေးမယ်ဆိုလည်း အပြင်မှာပဲမွေးလိုက်ဖို့ အကုန်အသင့်ပြင်ထားလိုက်ပါတယ်။

အကုန်ပြင်ဆင်ပြီး အဆင်သင့်ဖြစ်တော့ ည ၉ နာရီ ရှိပါပြီ။ လူနာကို ခွဲခန်းထဲထည့် ရင်ဘတ်က ပိုက်တန်းလန်းနဲ့ မှောက်ခုံအနေအထားကို နည်းနည်းလေးစောင်းပြီး မေ့ဆေးပေးလိုက်ပါတယ်။ ပြီးတော့အနာပတ်လည်ကို ထုံဆေးသေချာထိုးပြီး ခွဲစိတ်မှုကို စတင်ပါတယ်။

သွေးခဲတွေကိုဖယ်ထုတ်ပြီး ဒဏ်ရာကိုကြည့်လိုက်တော့ ဘယ်ဘက်က ကျောကုန်းအပေါ် ကြွက်သားတွေ အကုန်ပြတ်ထွက်ပြီး နံရိုးပေါ်နေပါတယ်။ စမ်းကြည့်တော့ ရင်ခေါင်းထဲအထိ ပေါက်နေတဲ့ ဒဏ်ရာလေးကိုလည်း စမ်းမိပါတယ်။

သွေးထွက်တဲ့နေရာတွေကို တစ်ခုချင်း သေချာလိုက်ကြည့်ပြီး ကြိုးနဲ့ချည်ရပါတယ်။ ကြွက်သားအလွှာလိုက် တစ်ခုချင်းဆီမှာ သွေးကြောတွေက အများကြီးပန်းထွက်နေတာဆိုတော့ တော်တော်လေးကို သတိထားပြီး သွေးတိတ်အောင် လုပ်ရပါတယ်။ လူနာနည်းနည်း နိုးလာလိုက်၊ မေ့ဆေးလေး ပြန်ပေးလိုက်နဲ့ပဲ ၁ နာရီခွဲလောက်အကြာမှာ သွေးထွက်တာတွေအကုန်လုံးကို ထိန်းနိုင်သွားပါတယ်။ ပြီးတော့ ဒဏ်ရာကိုသန့်အောင် saline နဲ့ သေချာဆေးရပါတယ်။

အားရအောင် ဆေးပြီးတဲ့အခါမှာတော့ ကြွက်သားတွေကို သူ့အလွှာလိုက် ပြန်ချုပ်ပါတယ်။ ချုပ်နေရင်း သွေးပြန်ထွက်လာလိုက် တိတ်အောင်ပြန်ချုပ်လိုက်နဲ့ဆိုတော့ သေချာအောင် drain ပိုက်လေးတစ်ချောင်း ထည့်ထားခဲ့လိုက်ပါတယ်။ အကုန်ပြီးတဲ့အချိန်မှာ မနက် ၁ နာရီ ရှိသွားပါပြီ။

လူနာကလည်း အေးဆေးပဲဆိုတော့ သွေးကို မိုးလင်းမှပဲ လို/မလိုကြည့်ပြီးသွင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လူနာကို အပြင်ထုတ်ပြီးတာနဲ့ အခန်းကို သန့်ရှင်းရေးအမြန်လုပ်ခိုင်းပြီး ‌မဗိုက်ကို ပြန်စမ်းရပါတယ်။

သားအိမ်က အကုန်နီးပါးပွင့်နေပြီဆိုတော့ ပြီးတာနဲ့ သူ့ကိုဆက်မွေးရပါတယ်။ သုံးယောက်မြောက်ကိုယ်ဝန်ဆိုတော့ လွယ်လွယ်ကူကူနဲ့ပဲ မွေးသွားပါတယ်… အကုန်ပြီးတော့ မနက် ၄ နာရီထိုးပါပြီ။

ခဏအိပ်ပြီးတာနဲ့ မျက်တွင်း‌ဟောက်ပက်နဲ့ တနင်္လာနေ့ လူနာအုပ်လိုက်ကြီးကို ဖြိုရပါတယ်။ Monday ဆို ပုံမှန် လူနာများလေ့ရှိပြီး အမြဲ ၁၀၀ နီးပါရှိတတ်ပါတယ်။

ဟိုလူနာကတော့ ၅ ရက်အကြာမှာ ပိုက်တွေဖြုတ်ပြီး ၆ ရက်မြောက်နေ့မှာပဲ ပေးဆင်းလိုက်နိုင်ပါတယ်။ မပြန်ခင် ဒူးရင်းသီးနှစ်လုံး လက်ဆောင်လာပေးလို့ စားနေရင်းနဲ့ သူ ဒါတွေတက်ခူးပြီးများ ဒဏ်ရာရသွားတာလားလို့ တွေးဖြစ်အောင်တွေး လိုက်မိသေးတယ်။ အသီးတွေကတော့ ချိုအီပြီး မွှေးနေတာပါပဲ…????

ဒီရက်ပိုင်း emergency တွေကလည်း များတော့ တော်တော်လေး down နေပြီး လူက မနည်းအားတင်းပြီးလုပ်နေရတယ်။ ဗုဒ္ဓဟူးကျပြန်တော့လည်း ဗိုက်နှစ်လုံးကို ခက်ခက်ခဲခဲနဲ့ တစ်ညလုံး မိုးလင်းပေါက် စောင့်မွေးပြီး ကြာသပတေးတစ်နေ့လုံး လူနာကြည့်ရပြန်တာပါပဲ ????

ဒီလို လူနာအများကြီးနဲ့ workload အများကြီးကို ရေ ရှည်မှာ ဘယ်လိုလုပ်ကြမလဲဆိုပြီး အဖြေရှာတော့ အဖြေမရဘဲ ပြဿနာတွေပဲထပ်ရနေတာနဲ့ ကိုယ်လည်း ဒီလိုပဲ ခြေကန်ပြီးဆက်လုပ်ဖို့ ဆုံးဖြတ်ထားလိုက်တယ်…

မလုပ်ရင်လည်း သေကုန်ကြမှာကို ????

ငါတို့မှာငါတို့ပဲရှိတာလေ… ????

ဘာပဲဖြစ်ဖြစ် ကြင်စိုးတို့တစ်သိုက် အဝီစိရောက်ရင်တော့ ဒါတွေပြီးသွားမှာပါဆိုပြီး အားတင်းထားရတာပဲ…

သိပ်တော့ မကြာတော့ဘူးမလား ????

Dr Harry

လွတ်မြောက်နယ်မြေတစ်နေရာ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here