“ Love story in Hospital …”
တစ်ခါက ဆေးရုံက အချစ်ပုံပြင်လို့ပြောရမလား …
ကျွန်မတို့ ဆရာဝန်တွေ အလှည့်ကျတာဝန်ကျတော့ ကျွန်မက ဦးနှောက်နဲ့ အာရုံကြောဌာန (Neuro ward) ရောက်သွားတယ်ပေါ့။
Neuro ward က လူနာအများစုက မတော်တဆ ထိခိုက်ဒဏ်ရာမျိုး ကားမှောက်တာ၊ ပြုတ်ကျတာ စသည်ဖြင့်ပေါ့ ပြောရရင် လူငယ်ယောကျာ်းလေး များပါတယ်။
တစ်ရက် ကျွန်မတို့ ward ရဲ့ လူနာတစ်ယောက် ဦးနှောက်ဓာတ်မှန်ရိုက်ဖို့လိုက်ရင်း အရေးပေါ်ဌာနမှာ လေသွားပစ်နေတုန်း…
အသက် (၂၃) နှစ် အမျိုးသားတစ်ဦး ဆိုင်ကယ်မှောက်လို့ ဦးနှောက်မှာ သွေးခဲအကြီးကြီးဖြစ်လို့ နယ်ကနေ လွှဲလိုက်တာတဲ့။ ကောင်လေးရယ် ဘေးက သူ့အမျိုးသမီး အနေအထားကြည့်ရတာ နွမ်းပါးတဲ့ပုံစံပါ။
သူအကြောင်း သက်ဆိုင်ရာဆရာဝန်က ရာဇဝင်မေးတော့ လူနာကတော့ အသိမရှိ၊ အမျိုးသမီးက ခပ်သွက်သွက်ဖြေ လွှဲစာတွေပါထုတ်ပြ ဆေးတွေဘယ်လိုပါလာကြောင်း…
ဒီအချိန် ဆေးရုံတက်လက်မှတ် လုပ်ရမယ်ပြောတော့ သူ့ အမျိုးသမီးက ချက်ချင်း “ ဟုတ်ကဲ့” ဆိုပြီး ထွက်လာပြီး ကျွန်မနားကပ်လာပြီး “ ဆရာမရေ… ဆေးရုံတက်လက်မှတ်ဘယ်နားလုပ်ရလဲ… ကျွန်မ စာမတတ်လို့ပါ” တဲ့။
ကျွန်မလည်း ညွှန်းပြပြီး ward ပြန်လာတော့ စောန အမျိုးသမီးက အမောတကောနဲ့ သူ့အမျိုးသား Chart Show ရောက်လာရော။ နေပူထဲ လမ်းလျှောက်လာပုံရပါတယ်။
နောက်ဆုံး ဒီလူနာ ကျွန်မတို့ Neuro ward မှာ ကျွန်မ အပိုင်ခုတင် လူနာဖြစ်ရော။ ဒီမှာ ကျွန်မ စသတိထားမိတာ နယ်ကတက်လာပြီး ငွေကြေး လူခံမရှိပေမယ့် သူ့အမျိုးသားအတွက် ဟိုသွား ဒီသွား ခိုင်းတာဆို သူတစ်ယောက်ထဲ အကုန်မငြိုငြင်ဘဲ အကုန်လုပ်တယ်။
နေစရာမရှိ ရှေ့နားက ဘုန်းကြီးကျောင်းနေတယ်။ အမျိုးသားအတွက် ဆန်ပြုတ်၊ ကြက်ဥ နိုင်သလောက် ချက်လာ ကြိုးစားကျွေးတယ်။
လူနာ အစက သတိလွတ်နေချိန်ဆိုလည်း လူနာစောင့် သူတစ်ယောက်ထဲရယ်။ ကျွန်မ သူကိုကြည့်တာ ပိုပိုပိန်၊ အသားတွေပိုညို၊ ခြေထောက် ရေကြည်ဖုထတဲ့ထိကို သူကြိုးစားပြီး သူ့အမျိုးသား စောင့်ရှောက်တယ်။
ခွဲစိတ်ပြီး (၃) ပတ်လောက်နေတော့ လူနာအမျိုးသားလည်း အတော်နေကောင်းလာတော့ ကျွန်မနဲ့ စကားပြောဖြစ်တော့… သူ့အမျိုးသမီးက နယ်မှာ သိပ်အေးတာတဲ့၊ အိမ်နောက်ဖေးမှာပဲ ခြံစိုက်တဲ့သူ… ဈေးဝယ်ပဲ အပြင်ထွက်တာတဲ့။
သူ့အမျိုးသမီး သူ့အတွက် တအားကြိုးစားတာ သူသိတော့ လူနာလည်း ကျွန်မတို့မှာတဲ့ ဆေးသောက်တာ၊ လေ့ကျင့်ခန်းကအစ လူနာဘက်ကလည်း သေချာလုပ်တယ်။ လူနာလည်း ဆေးရုံအဆင်ပြေပြေ ဆင်းသွားတယ်ပေါ့….။
ဒီအဖြစ်ပျက်လေးက ရုပ်ရှင်ထဲကလို လှလှပပ မပါပေမယ့် သူတို့အချစ်က ခမ်းနားတယ်ပြောရမယ်ပေါ့။
ဒီနေရာ ကျွန်မပြောချင်တာ အပေါ်ကအမျိုးသမီး ပညာလည်းမတတ်၊ ငွေကြေး နောက်ခံလည်းမရှိပေမယ့် သူချစ်တဲ့သူအတွက် ဒီလောက် ပင်ပင်ပန်းပန်း အကောင်းဆုံး အားထုတ်သလိုပဲ…
ကိုယ့်အတွက်ဖြစ်စေ၊ ကိုယ်ချစ်တဲ့သူအတွက်ဖြစ်စေ လိုအပ်လို့ ဆေးခန်းပြခိုင်းတာဖြစ်ဖြစ်၊ ဆေးဝယ်ခိုင်းတာဖြစ်ဖြစ်၊ သွေးစစ်ခိုင်းတာဖြစ်ဖြစ် အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်စေချင်ပါတယ်။
ဒါမှသာ…
တစ်ခါက ဆေးရုံက အချစ်ပုံပြင်လေးလို…
လူနာတွေအတွက် ကောင်းကျိုးအဖြာဖြာ ရရှိစေပါလိမ့်မယ်လို့ ပြောလိုက်ပါရစေရှင့်….။
Dr Cool
Telekyanmar
Ministry of Health,
National Unity Government.