တစ်နေ့က လူနာတစ်ယောက် ရောက်လာလို့ပါ။
အသက် ၂၄ နှစ်၊ ဒုတိယကိုယ်ဝန်၊ ၃၆ ပတ်မှာ သွေးနည်းနည်းဆင်းတယ်တဲ့။ ၁၇ ပတ်မှာရိုက်ထားတဲ့ အာထရာဆောင်း (USG) ကလည်း အချင်းရှေ့ရောက်နေတယ် (Placenta Praevia) လို့ပြောထားတယ်။ ကြားထဲလည်း တစ်ခေါက်မှ လာမပြဘူး။ သွေးဆင်းဆင်းချင်းလည်း မလာဘူး။ ဗိုက်မနာလို့တဲ့။ အိမ်မှာတင် နှိပ်နေတယ်တဲ့ဗျာ။ ဘယ်နေရာ၊ ဘယ်နားကို နှိပ်သလဲလို့တောင် မမေးရဲလို့ မမေးလိုက်ပါဘူး။ ဗိုက်ကိုနှိပ်ပါတယ်ဖြေရင် ကျွန်တော့်ပါးစပ်က ဖရုဿဝါစာ၊ အယုတ္တ၊ အနတ္တ စကားတွေ ထွက်လာမှာစိုးလို့။
သွေးပေါင်ကျ shock ရလောက်အောင် အများကြီးဆင်းမှ ညတစ်နာရီကြီး ရောက်လာတယ်။ အရေးပေါ် ခွဲမွေးရရုံတင်မက သွေးပြန်သွင်းဖို့ သွေးပါရှာရသေးတယ်။ ခွဲတာကလည်း လက်ကုန်၊ ပညာကုန်ပဲ။ အချင်းကွာတဲ့နေရာကနေ သွေးထပ်မထွက်ဖို့ သေချာဖို့ ပုံမှန်လုပ်ရိုးလုပ်စဉ် ခွဲစိတ်မွေးဖွားခြင်းအပြင် အပိုဆောင်းအနေနဲ့ Bilateral uterine arteries ligation, high dose syntocinon, PR misoprostolol 3 tablets, IV tranexamic acid 1 gram stat သိသမျှ အကုန်လုပ်လိုက်တာပဲ။ ဖြစ်ချင်တော့ AB သွေး။ ရှားပါးသွေးအုပ်စု။
ညတစ်နာရီ ချမ်းချမ်းစီးစီး၊ မည်းမှောင်လို့။ သွေးလှူရှင်တွေက ဆက်သွယ်မရ။ နောက်ဆုံး ညအရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန်က သူကိုယ်တိုင်သွေးလှူ၊ သူကိုယ်တိုင် ပထမလက်ထောက် ခွဲစိတ်အကူပါ ဝင်လုပ်ပေးသွားရတယ်။ အရွယ်ကောင်း၊ ကျန်းမာ၊ အားကစားသမားမို့ တော်သေးတာပေါ့။ အိပ်ရေးပျက်၊ သွေးလှူ၊ ခွဲခန်းဝင် စဉ်းစားကြည့်ပေါ့ဗျာ။
ကလေးနဲ့ အမေလား။ နှစ်ယောက်စလုံး နေကောင်းပါတယ်။ ခုဆို ငါးရက်ရှိပြီ။ ခွဲပြီး နောက်ထပ်သွေးနှစ်လုံး ထပ်သွင်းပြီးတာတောင် သွေးအားက မပြည့်သေးလို့ ဆေးရုံက ဆင်းမပေးရဲသေးဘူး။ နောက်ထပ်သွေးလှူရှင်ကလည်း လာမယ်ကြာမယ် ဖြစ်နေတော့။ ခုတော့ သံဓာတ်အားဆေးပေးပြီး စောင့်ကြည့်နေရတယ်။
…
…
ဒါနဲ့ပတ်သက်ပြီး APH (Antepartum Haemorrhage) လို့ခေါ်တဲ့ ကိုယ်ဝန်သက်တမ်း ၂၄ ပတ်နောက်ပိုင်း ကလေးမမွေးဖွားမီ မွေးလမ်းကြောင်းမှ သွေးဆင်းခြင်းအကြောင်း ပြောပြချင်လို့ပါ။
ဖြစ်နိုင်တဲ့အကြောင်းရင်း လေးခုရှိပါတယ်။
၁။ Placenta Praevia
အချင်းရှေ့ရောက်နေတယ်လို့ တိုတိုတုတ်တုတ် ပြောကြတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင် အချင်းကစုပ်ခွက်ကြီးလိုပဲ။ မုန့်အိုးကင်းကပ်ခေါ်လား၊ မုန့်ပျားသလက်ခေါ်လား အဲဒါနဲ့တူတယ်။ မုန့်ရဲ့ အပေါ်ဘက်မျက်နှာပြင်နဲ့ တူတဲ့ဘက်က သားအိမ်အတွင်းနံရံ ထိပ်ဘက်မှာ ကပ်နေတယ်။ သားအိမ်နံရံ အမေ့သွေးထဲက အောက်စီဂျင်နဲ့ အစာအာဟာရတွေကို စုပ်ယူတယ်။
မုန့်ရဲ့ အောက်ဘက်မျက်နှာပြင်နဲ့ တူတဲ့ဘက်က ကလေးဘက်မှာ ရှိတယ်။ အဲဒီမျက်နှာပြင်ရဲ့ အလယ်လောက်ကနေ ချက်ကြိုး ထွက်လာတယ်။ ချက်ကြိုးက ကလေးရဲ့ချက်နဲ့ ဆက်ထားတယ်။ အမေ့ဆီက အချင်းကနေ စုပ်ယူလိုက်တဲ့ အစာအာဟာရနဲ့ အောက်စီဂျင်ကို ချက်ကြိုးကနေတစ်ဆင့် ကလေးဆီကို ပို့တယ်။
ဒါကြောင့် ကလေးသည် တစ်ကိုယ်လုံး မွေးမထွက်မချင်း ကိုယ်တိုင်နှာခေါင်းကလည်း အသက်ရှူစရာမလို၊ ပါးစပ်ကလည်း အစာစားစရာမလို၊ အသက်ရှင်ဖို့ လိုအပ်သမျှ အမေ့ဆီကနေ အချင်းနဲ့ ချက်ကြိုးကတစ်ဆင့် ရရှိပါတယ်။ ဒါကြောင့် ကလေး၊ သန္ဓေသားလေးကို ကပ်ပါးကောင်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
ပုံမှန်အတိုင်း မွေးခါနီး သားအိမ်ထဲမှာ ရှိနေရမယ့်ပုံစံက မွေးလမ်းကြောင်းနဲ့ ဆက်ထားတဲ့ သားအိမ်အဝ ထွက်ပေါက်မှာ ကလေးခေါင်းရှိရမယ်။ ကိုယ်ဝန်သည်အမေ မတ်တပ်ရပ်နေရင် ကလေးက ဇောက်ထိုးလေးပေါ့။ အင်္ဂလိပ်ဂဏန်း 69 ပုံစံပေါ့။ 6 က ဗိုက်ထဲကကလေး သေးသေးလေး။ 9 က အမေလေ။ ကလေးရဲ့ အပေါ်ဘက် သားအိမ်ထိပ်မှာ အချင်းက ကပ်နေမယ်။ ကိုယ်ဝန်တလျောက်လုံးရယ်၊ မွေးဖို့ဗိုက်နာပြီး ကလေး တစ်ကိုယ်လုံး မွေးမထွက်ခင် အချိန်ထိရယ် အချင်းက သားအိမ်နံရံကနေ လုံးဝကွာသွားလို့ မရပါဘူး။ ကွာသွားတာနဲ့ ကလေးက အောက်စီဂျင်ပြတ် ဒုက္ခရောက်ပြီပဲ။ ကလေးသေသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဆိုတော့ ဗိုက်နာ၊ သားအိမ်ပွင့်ပြီးရင် ကလေးကအရင် ဦးခေါင်းကနေ စထွက်ရပါမယ်။ တစ်ကိုယ်လုံး ထွက်လာရင် ချက်ကြိုးလေးတန်းလန်း ပါလာမယ်။ ကလေးကို အမေ့ဗိုက်ပေါ် တင်လိုက်မယ်။ ခဏစောင့်ရတယ်ပြောကြတယ်။ စက္ကန့်ပိုင်းလောက်။ ချက်ကြိုးထဲမှာ သွေးစီးဆင်းမှု မရှိတော့ဘူးဆိုရင် ချက်ကြိုးရဲ့ အလယ်လောက်မှာ တစ်လက်မလောက်ခွာပြီး ညှပ်နှစ်ခုနဲ့ ညှပ်လိုက်တယ်။ ကြားထဲကနေ ချက်ကြိုးကို ဖြတ်ချလိုက်တယ်။
အပြင်ဘက်ရောက်ပြီး မွေးပြီးသားကလေးနဲ့ သားအိမ်ထဲ ကျန်နေခဲ့သေးတဲ့အချင်း လုံးဝအဆက်အသွယ် ပြတ်သွားပြီ။ ကလေးက အောက်စီဂျင်ရဖို့ ကိုယ်တိုင် အသက်ရှူမှ ရတော့မယ်။ ကလေးအသက်ရှူအောင် ကူညီကုသပေးမယ့် အသင့်စောင့်နေတဲ့ အဖွဲ့ဆီကို အပ်လိုက်ပြီ။
ကလေးအတော်များများကတော့ အများကြီး ကူညီပေးစရာ မလိုပါဘူး။ ကလေးကိုယ်ပေါ်မှာ စိုရွှဲနေတဲ့ ရေမြွှာရည်တွေကို ခြောက်အောင်သုတ်၊ နွေးနွေးထွေးထွေးဖြစ်အောင် အသင့်ပြင်ထားတဲ့ ပိုးသန့်စင်ထားတဲ့ အနှီးဖြူဖြူဖွေးဖွေးလေးနဲ့ထုပ်၊ ကျော၊ ရင်ဘတ်၊ ခြေဖဝါးလေးတွေကို သာသာယာယာလေးပွတ်ပေး။ အဲဒီလောက်ဆို ကလေးက အသက်ရှူတတ်ပါပြီ။ ကလေးအသက်ရှူတာ ဘယ်လိုသိသလဲဆိုတော့ ကလေးက ငိုတာပါပဲ။ ခင်ဗျားတို့လည်း ငိုဖူးတယ်မလား။ ရှိုက်ကြီးတငင် ငိုတယ်လို့တောင် ပြောကြတယ်လေ။
အသက်ကို ပြင်းပြင်းရှိုက်ရှူပြီးငိုမှ အသံအကျယ်ကြီး ထွက်တာလေ။
ကလေးတွေ မွေးထွက်လာပြီး ခဏအတွင်း စူးစူးဝါးဝါး ငိုတယ်ဆိုရင် ဒီကလေး အသက်ကောင်းကောင်းရှူတယ်။ ကျန်းမာရေးကောင်းတယ်ဆိုပြီး ကျွန်တော်တို့ မွေးဖွားပေးသူ၊ ကလေးပြုစုပေးသူတွေ အားလုံးပျော်ကြတယ်။ လူ့ဘဝမှာ သာယာနာပျော်ဖွယ် အကောင်းဆုံး၊ အကြားချင်ဆုံး တစ်ခုတည်းသော ငိုသံပါပဲ။ တခြားငိုသံများကိုတော့ မကြားရသောကိုယ် ဖြစ်လိုပါ၏ပေါ့ဗျာ။
ကလေးမွေးထွက်သွားပြီ။ သူ့ဘာသာသူ အသက်ရှူနေပြီ။ အချင်းနဲ့ ဆက်ထားတဲ့ ချက်ကြိုးကိုလည်း ဖြတ်လိုက်ပြီ။ မောင်မောင် အချင်း မင်းမလိုတော့ဘူး။ သားအိမ်နံရံမှာ ကပ်မနေနဲ့တော့။ ကွာလို့ရပြီ။ ကွာလိုက်တော့ ထွက်ခဲ့တော့ ဆိုပြီး အချင်းကို ဆက်မွေးထုတ်ရသေးသဗျ။ အချင်းချတယ်လို့ အသုံးများတယ်။ ကျွန်တော်တို့ ဆေးရုံတွေမှာမွေးတဲ့ လူနာတွေကိုတော့ အချင်းမြန်မြန်ကျအောင် ဆေးကူပေးတယ်ဗျ။ Active management of third stage of labour လို့ခေါ်ပါတယ်။ အချင်းမကျလို့ဆိုတဲ့ပြဿနာကလည်း ရှိသေးတယ်။ အဲဒါက နောက်တစ်ပုဒ်ပေါ့လေ။
Placenta Praevia အချင်းရှေ့ရောက်တယ်ဆိုတာက အပေါ်ကပုံမှန်နဲ့ ပြောင်းပြန်ပေါ့။ အချင်းက သားအိမ်ထွက်ပေါက်အဝမှာ အဝကိုပိတ်ပြီး ကပ်နေတယ်။ ကလေးက အချင်းရဲ့အပေါ်မှာ။ နောက်မှာပေါ့ဗျာ။ အဲဒါဆို သားအိမ်အဝ နည်းနည်းလေး ပွင့်ပြီဆိုတာနဲ့ သားအိမ်အဝကနေ အချင်းကပြူထွက်လာပြီး သွေးတွေဆင်းတော့တာပဲ။ ဒါက Antepartum Haemorrhage ရဲ့ အကြောင်းရင်းတစ်ခုပါ။
…
…
၂။ Abruptio Placenta (premature separation of the normally sited placenta)
ဒါကတော့ အချင်းက သူ့နေရာမှန် သားအိမ်နံရံအတွင်းဘက်၊ အပေါ်ဘက်မှာ ကပ်တာပါပဲ။ ကလေးက အချင်းရဲ့ အောက်မှာ၊ ရှေ့မှာပေါ့ဗျာ။ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ ကလေးမွေးမထွက်မီ အချင်းက သားအိမ်နံရံကနေ အကြောင်းတစ်ခုခုကြောင့် ကွာထွက်သွားတာ။ အချင်းရဲ့ စုပ်ခွက်မျက်နှာပြင်ကို လာပြီး အစာအဟာရတွေ၊ အောက်စီဂျင်တွေပို့နေတဲ့ အမေ့သွေးတွေက အချင်းဆီမရောက်တော့ဘဲ ဘေးကနေပတ်စီးပြီး မွေးလမ်းကြောင်းကနေ ဆင်းလာတာ။ ကလေးက အောက်စီဂျင်ပြတ်ပြီး ဗိုက်ထဲတင် သေနိုင်တာပေါ့နော။
…
…
၃။ Local causes
နံပတ်တစ်၊ နံပါတ်နှစ်တို့လောက် သေရေးရှင်ရေး မဟုတ်ပါဘူး။ APH လူနာတစ်ယောက်လာတာနဲ့ တစ်နဲ့နှစ်ကို အရင်စဉ်းစားပြီးတော့ အဲဒါတွေဖြစ်နေမလား အရင်ဆုံး စမ်းသပ်စစ်ဆေးပါတယ်။ တစ်နဲ့နှစ် တစ်ခုခုဖြစ်နေခဲ့ပြီး အရမ်းဆိုးရင်၊ ကုသမှုနောက်ကျခဲ့ရင် ကလေး သို့ အမေ သို့ နှစ်ယောက်စလုံးကို ဆုံးရှူံးရနိုင်ပါတယ်။ ဒီနှစ်ခု မဟုတ်ဘူးသေချာမှ စိတ်အေးလက်အေးနဲ့ Local causes ကို ရှာပါတယ်။ သားအိမ်ခေါင်းမှာ cervical polyps လို့ခေါ်တဲ့ အသားလုံးကနေ သွေးထွက်နေသလား မွေးလမ်းကြောင်းထဲကို ပြောင်းလေး ညင်သာစွာထည့်ကြည့်တာပါ။
…
…
၄။ Indeterminate cause
သွေးဆင်းရတဲ့ ဘာအကြောင်းရင်းမှ ရှာမတွေ့ရင်တော့ ဘာ့ကြောင့်မှန်းမသိ သွေးဆင်းခြင်းပေါ့ဗျာ။ Antenatal steroids ပေးထားပြီး စောင့်ကြည့်ပါတယ်။ သွေးဆင်းများလာရင် သို့ ၃၇ ပတ်ပြည့်ရင် ခွဲမွေးပေးလိုက်တာပါပဲ။
…
…
အဲဒါကြောင့် ကိုယ်ဝန် ခြောက်လ၊ ခုနှစ်လ၊ ရှစ်လနဲ့ မွေးလမ်းကြောင်းက သွေးဆင်းလာတယ်ဆိုရင် နည်းနည်းပဲဆင်းဆင်း၊ များများပဲဆင်းဆင်း၊ ဗိုက်မနာဘဲဆင်းဆင်း၊ ဗိုက်နာပြီးပဲဆင်းဆင်း ဆေးရုံသို့ အဆောတလျင် ကြွမြန်းခဲ့ကြပါလို့ ဖိတ်ခေါ်တိုက်တွန်းပါတယ်ဗျ။
APH အကြောင်း တစ်ခုချင်းစီရဲ့အသေးစိတ်ကိုတော့ နောက်မှဆက်ပြောပြမယ်နော်….။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.