ကျွန်တော် ၂၀၀၇- ၂၀၀၈ လောက်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာတိုက်နယ်ဆေးရုံမှာ တာဝန်ကျခဲ့တုန်းက ပြင်းထန်ကာလဝမ်းရောဂါ (cholera) လို့ ထင်ရတာတွေ အများကြီးကြုံခဲ့ရပါတယ်။ ကောင်းသွားတာတွေလည်းရှိသလို အသက်ဆုံးရှုံးသွားတာတွေလည်း ရှိပေါ့ဗျာ။

ဧရာဝတီတိုင်းမှာ ဘယ်အချိန် cholera ဖြစ်သလဲဆိုတော့ မတ်လ၊ ဧပြီလလောက်မှာဗျ။ တစ်မိုးတွင်းလုံးကတော့ မိုးရေပဲသောက်ကြရတယ်။ တစ်ဆောင်းလုံးလည်း မိုးတွင်းကသိုလှောင်ထားတဲ့ရေကိုပဲ သောက်ကြတယ်။

ဧရာဝတီတိုင်းမှာ သူဌေးလား ဆင်းရဲသားလားခွဲဖို့ တအားလွယ်တယ်။ အဲဒီအချိန် ၂၀၀၇-၂၀၀၈ အချိန်ကပေါ့။ အိမ်မှာ မိုးရေလှောင်စရာ ရာဝင်အိုးကြီး ဆယ်လုံးအထက်ရှိနေရင် သထိန်းပဲ။ မတ်၊ ဧပြီလောက်ရောက်ရင် တစ်မိုးလုံး သိုလှောင်ထားခဲ့တဲ့ သောက်သုံးရေ မိုးရေတွေက ကုန်သွားပြီ။ နောက်မိုးက မကျသေး။ အဲဒီတော့ ရေချိုရေငန်အစပ် ချောင်းရေကိုပဲ ကျောက်ချဉ်ခပ်၊ ကြည်အောင်လုပ်ပြီး ရေသန့်သွားတယ်ဆိုပြီး သောက်ကြတာလေ။ ပြင်းထန်ကာလဝမ်းရောဂါရော၊ ရိုးရိုးဝမ်းလျှောတာရောနဲ့ ရေဓာတ်ဆုံးရှုံးကြတဲ့လူနာတွေ ပေါမှပေါပေါ့။

အထူးကုသမားတော်တွေလောက် ကုသမှုအသေးစိတ်တော့ ကျွန်တော်မသိခဲ့ပါဘူး။ သိသမျှနဲ့ လုပ်ပေးခဲ့တာတွေကတော့ . . .

(၁) လူနာကို cholera bed လို့ခေါ်တဲ့ သူတို့အတွက် အထူးပြင်ဆင်ထားတဲ့ ခုတင်ပေါ် တင်ထားလိုက်တယ်။ ဖင်နေရာက အပေါက်ဖောက်ပေးထားတာလေ။ အောက်ကနေပြီး ရေတံလျှောက် ခံပေးထားတယ်။ ဖင်ကထွက်လာသမျှ အရည်တွေကို ရေတံလျှောက်ကနေပြီး ပိုးသတ်ဆေးရည်ခံထားတဲ့ မစင်အိုးထဲကိုပဲ ကျစေတယ်။

(၂) ဝမ်းလျှောလူနာတွေကို အခြားလူနာတွေနဲ့ သပ်သပ်ခွဲထားတယ်။ သူတို့ကိုထားတဲ့အခန်းရဲ့ အဝင်အထွက်တံခါးပေါက်တိုင်းမှာ ပိုးသတ်ဆေးစိမ်ထားတဲ့ (antiseptic soaked) ဂုံနီအိတ်တွေ ချထားတယ်။ အဝင်အထွက် အဲဒါတွေပေါ်ကနေ နင်းဖြတ်။ လက်ဆေးဖို့လည်း လုပ်ထားပေးတယ်။

(၃) ခြေနှစ်ဖက်၊ လက်နှစ်ဖက်စလုံးကနေ ဆေးထိုးအပ်ပြွန် (cannula) လေးချောင်းထိုးတယ်။ ဆေးပုလင်းချိတ်တဲ့အခါ NS ကပိုကောင်းသလား၊ RL ကပိုကောင်းသလား ကျွန်တော်မသိဘူး။ DW မဟုတ်ရမှာတော့ သိတယ်။ များများဖြည့်ရမယ်လို့တော့ သိတယ်။ လေးလိုင်းလုံးကနေ အမြန်သွင်း (run) လိုက်တာပဲ။ တစ်ခါမှတ်မိတာတော့ တစ်နာရီအတွင်း ဆေးပုလင်းကြီး ၂၄ လုံး တစ်ဖာကုန်သွားတယ်။ ရေနဲ့ဓာတ်ဆားဓာတ်က အရေးကြီးဆုံးပဲလို့ ထင်ပါတယ်ဗျ။ အသက်ဆုံးရှုံးခဲ့ရတဲ့ လူနာတွေအကုန်လုံးကတော့ ရေဓာတ်အလွန်အမင်းဆုံးရှုံးပြီး shock ဖြစ်နေတဲ့အချိန် ၄ နာရီအတွင်းမှာ အချိန်မီမကုစားနိုင်ခဲ့လို့ ရုတ်ချည်းကျောက်ကပ်ပျက်စီးသွားခဲ့ပြီး၊ ဒါကို ပြန်မကောင်းခင်စပ်ကြား ကျောက်ကပ်မဆေးနိုင်ခဲ့လို့လို့ ထင်ပါတယ်။ အဲဒီအချိန်က ကျောက်ကပ်ဆေးတယ်ဆိုတာကလည်း ရန်ကုန်မှာပဲ ရတာလေ။

ဆရာကြီးတို့ကို ရင်ဖွင့်ချင်ပါတယ်ဗျ။

လူ့သဘာဝမှာ ကိုယ်ပိုင်ကားဝယ်နိုင်ရင် သို့ ကားရှိရင် ကားမောင်းတတ်မယ်လို့ ထင်ပါတယ်။ အခု ကျွန်တော် ကားမမောင်းတတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ကိုယ်ပိုင်ကားမဝယ်နိုင်လို့ပါ။ ကားမောင်းနိုင်ဖို့ ဦးနှောက်ဉာဏ်ရည် မပြည့်ဝလို့မဟုတ်ပါဗျ။

စာတွေ့သိပြီး လက်တွေ့လုပ်ခွင့်မရအောင် တားဆီးထားတဲ့ ကြိုးနီစနစ်တွေ၊ ပစ္စည်းကိရိယာပိုင်းဆိုင်ရာ မဖြည့်ဆည်းနိုင်လို့ အထူးကုဆရာဝန်ကြီးအဆင့်နဲ့အထက်က ခွဲစိတ်မှပဲ သွေးတိတ်စက် (diathermy) ပေးသုံးတယ်ဆိုတာတွေ။ ပြီးခဲ့တဲ့အချိန်တွေက မြန်မာပြည်မှာ တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြောပြတာပါ။ နောင်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးမှာတော့ ဒါမျိုးတွေ မဖြစ်တော့ဘူးလို့ မျှော်လင့်မိပါတယ်ဗျာ…။

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here